တရုတ်ခြိမ်းခြောက်မှုက ထိုင်ဝမ်အတွက် အကူအညီ တိုး၍သာရစေမည်ဟု ထိုင်ဝမ်ပြော

ထိုင်ဝမ်အပေါ်ထားရှိသည့် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများက ထိုင်ဝမ်ကို အမေရိကန်နှင့် အခြားသော ဒီမိုကရေစီနိုင်ငံများထံမှ အကူအညီ တိုး၍သာရစေမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

19 Apr 2022

ဓာတ်ပုံ - Reuters

DMG ၊ ဧပြီ ၁၉

ထိုင်ဝမ်အပေါ်ထားရှိသည့် တရုတ်၏ စစ်ရေးခြိမ်းခြောက်မှုများက ထိုင်ဝမ်ကို အမေရိကန်နှင့် အခြားသော ဒီမိုကရေစီနိုင်ငံများထံမှ အကူအညီ တိုး၍သာရစေမည်ဟု ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။

အမေရိကန်လွှတ်တော်အမတ်များ ထိုင်ပေသို့ အလည်အပတ် လာရောက်နေစဉ်အတွင်း တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက်တွင် ထိုင်ဝမ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထိုင်ဝမ်သို့ အလည်လာသည့် အမေရိကန်လွှတ်တော် နိုင်ငံခြားရေးရာ ဆက်ဆံရေးကော်မတီဥက္ကဌ ဘော့မီနက်ဒက်အပါအဝင် လွှတ်တော်အမတ်များသည် ယခုခရီးစဉ်ဖြင့် တင်းမာမှုကို ပိုမိုမြင့်တက်စေကြောင်း တရုတ်ဘက်က ပြစ်တင်ပြောကြားထားသည်။

ယခုနှစ်အတွင်း အမေရိကန်လွှတ်တော်အမတ်များ၏ ပထမဦးဆုံး ထိုင်ဝမ်ခရီးစဉ်အား တရုတ်၏ တုံ့ပြန်မှုသည် ပြောဆိုရခက်ပြီး လွန်လွန်ကျူးကျူးလုပ်ရပ် ဖြစ်ကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧပြီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်ကွန်မြူနစ်ပါတီ၏ အာဏာရှင်အစိုးရက ထိုင်ဝမ်အပေါ် အင်အားသုံးခြိမ်းခြောက်မှုသည် ထိုင်ဝမ်ပြည်သူများ၏ လွတ်လပ်မှုနှင့် ဒီမိုကရေစီအရေးအတွက် ကာကွယ်လိုသည့် ဆန္ဒကို တိုး၍သာ အားကောင်းစေမည် ဖြစ်သလို ဒီမိုကရေစီ ထိုင်ဝမ်အတွက်လည်း အမေရိကန်နှင့် ထို့ထက်ပို၍ ဒီမိုကရေစီဆန်သော မဟာမိတ်များထံမှ အကူအညီများ ပို၍သာ ရလာစေမည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်ဝမ်အစိုးရကသည် သမ္မတဘိုင်ဒန်ဦးဆောင်သည့် အစိုးရအဖွဲ့ထံမှ အကူအညီများ အများအပြား ရရှိထားကာ ထိုင်ဝမ်ကျွန်းဆွယ်အတွက် ခိုင်မာသောသန္နိဌာန်ချမှတ်ထားကြောင်းလည်း အမြဲတစေ ပြောလေ့ရှိသည်။

၂၃ သန်းသော ထိုင်ဝမ်လူထုသည်သာ ထိုင်ဝမ်၏အနာဂတ်ကို ဆုံးဖြတ်နိုင်သည်ဟုလည်း ထိုင်ဝမ်အစိုးရက ပြောကြားသည်။

တရုတ်သည် ထိုင်ဝမ်အား ၎င်းတို့၏ ပိုင်နက်အဖြစ်သာ သတ်မှတ်ထားသည်။

အမေရိကန်အစိုးရသည် ထိုင်ဝမ်နှင့် တရားဝင်သံတမန်ဆက်ဆံရေး မရှိထားသော်လည်း ထိုင်ဝမ်ကို လက်နက် အများဆုံး ရောင်းချပေးထားသောနိုင်ငံ ဖြစ်ပြီး တရုတ်-အမေရိကန် ဆက်ဆံရေးသည်လည်း ဤလုပ်ရပ်ကြောင့် ပိုမိုတင်းမာလျက်ရှိသည်။