ယူကရိန်းကို အီးယူအဖွဲ့ဝင်အဖြစ် ချက်ချင်း လက်ခံဦးမည်မဟုတ်

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံပေးရန် ယူကရိန်း၏ တောင်းဆိုချက်ကို ကြာသပတေးနေ့က ပြင်သစ်၌ကျင်းပသည့် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ပယ်ချလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

12 Mar 2022

မတ်လ ၁၀ ရက်နေ့က ပါရီတွင်ကျင်းပသည့် အီးယူထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဥရောပခေါင်းဆောင်များ။ ဓာတ်ပုံ - AP

DMG ၊ မတ်လ ၁၂ ရက်

ဥရောပသမဂ္ဂအဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံပေးရန် ယူကရိန်း၏ တောင်းဆိုချက်ကို ကြာသပတေးနေ့က ပြင်သစ်၌ကျင်းပသည့် ဥရောပသမဂ္ဂ (အီးယူ) ခေါင်းဆောင်များ၏ အစည်းအဝေးတွင် ပယ်ချလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရုရှား၏ထိုးစစ်အား ယူကရိန်းတို့ခုခံတွန်းလှန်မှုကို အီးယူနိုင်ငံများသည် ပြီးခဲ့သောနှစ်ပတ်တာအတွင်း တညီတညွတ်တည်း အပြည့်အဝ ကူညီထောက်ပံ့ပေးခဲ့ကြပြီး ရုရှားအပေါ်လည်း မထင်မှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ကာ အရေးယူခဲ့ကြသည်။

သို့သော်လည်း ယူကရိန်းကို အဖွဲ့ဝင်အဖြစ် မည်သည့်အချိန်ပမာဏအတွင်း မြန်မြန်ဆန်ဆန် လက်ခံမည်၊ မော်စကိုနှင့် စွမ်းအင်ဆိုင်ရာ ဆက်စပ်မှုကို မည်မျှအထိ ဖြတ်တောက်မည် ဆိုသည့်အချက်များ၌ လက်ရှိအဖွဲ့ဝင် ၂၇ နိုင်ငံအကြား သဘောထားကွဲလွဲမှုများ ရှိနေကြောင်း အေပီသတင်းတွင် ဖော်ပြသည်။

ပြင်သစ်နိုင်ငံ ပါရီမြို့ ဗာဆေးနန်းတော်တွင် ကျင်းပသည့် နှစ်ရက်ကြာ အီးယူထိပ်သီးအစည်းအဝေး၌ ယူကရိန်းအား အီးယူအဖွဲ့ဝင်အဖြစ် ချက်ချင်းလက်ခံရေးကို ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

“ယူကရိန်းအတွက် တွေဝေမှုမရှိဘဲ ခိုင်မာတဲ့ထောက်ပံ့မှု ပြသနိုင်ဖို့ဟာ အခွင့်အရေးတစ်ရပ် ဖြစ်ပါတယ်။ ဒီအခွင့်အရေးကတော့ ဘဏ္ဍာရေးအရနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ကတိကဝတ်ပေးနိုင်ရေး ဖြစ်ပါတယ်” ဟု အီးယူကောင်စီ ဥက္ကဌ ချားလ်မီရှဲက ပြောကြားသည်။

“ယူကရိန်းဟာ ဥရောပရဲ့ မိသားစုဝင်ဖြစ်ပါတယ်။ ယူကရိန်းနဲ့ ဆက်ဆံရေး အားကောင်းခိုင်မာဖို့ ကျွန်တော်တို့အားလုံး အစွမ်းကုန် ထောက်ပံ့လိုတယ်ဆိုတာ ထင်ရှားပါတယ်” ဟုလည်း သူက ပြောသည်။

ပြင်သစ်သမ္မတ အီမာနျူဝယ် မက်ခရွန်ကလည်း အီးယူအနေဖြင့် ယူကရိန်းအား ထောက်ခံကြောင်း “အားကောင်းသောသတင်းစကား” ပါးရမည်ဟု ပြောကြားသော်လည်း မြန်မြန်ဆန်ဆန် အီးယူအဖွဲ့ဝင်ဖြစ်လာနိုင်ခြေကိုမူ ပယ်ချထားသည်။

“လက်ရှိစစ်ပွဲဖြစ်နေတဲ့ နိုင်ငံတစ်ခုကို အဖွဲ့ဝင်အဖြစ်လက်ခံရေး ကျွန်တော်တို့ ဒီနေ့ စတင်နိုင်မလား။ ကျွန်တော်တော့ မထင်ဘူး” ဟု မက်ခရွန်က ပြောသည်။

“ဒါဆို တံခါးပိတ်ထားပြီး ‘ဘယ်တော့မှလက်မခံဘူး’ လို့ပြောမှာလား။ ဒါကတော့ မတရားရာ ရောက်သွားမှာပါ” ဟုလည်း သူကဆိုသည်။

လတ်တလောတွင် ယူကရိန်းသည် အီးယူနှင့် “အဖွဲ့သင်းပင်းဆိုင်ရာ သဘောတူညီချက်” တစ်ရပ်သာ ရှိထားသည်။ ဤသဘောတူညီချက်အရ ယူကရိန်းတွင် ဈေးကွက်များဖွင့်လှစ်ပြီး ဥရောပနှင့် နီးစပ်အောင်ဆွဲယူရန် ရည်ရွယ်သည်။ အဆိုပါလုပ်ငန်းစဉ်၌ လွတ်လပ်စွာကုန်သွယ်ခွင့် သဘောတူညီချက်နှင့် ယူကရိန်းစီးပွားရေးကို ခေတ်မီပုံစံ အဆင့်မြှင့်တင်ရန် အကူအညီပေးရေးတို့ ပါဝင်သည်။