အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင် အင်ဒိုနီးရှားသို့ ရောက်ရှိ

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ (ဒီဇင်ဘာ ၁၃) ရောက်ရှိလာပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

13 Dec 2021

(ဓာတ်ပုံ - Reuters)

DMG ၊ ဒီဇင်ဘာ ၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည် ၎င်း၏ အရှေ့တောင်အာရှ ခရီးစဉ်အတွင်း ပထမဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံသို့ ယနေ့ (ဒီဇင်ဘာ ၁၃) ရောက်ရှိလာပြီဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဝန်ကြီးဘလင်ကင်သည် အမေရိကန်နှင့် တရုတ်အကြား မဟာဗျူဟာကျသော ပြိုင်ဆိုင်မှုနယ်မြေ ဖြစ်လာနေသည့် အရှေ့တောင်အာရှ ဒေသနှင့် ပိုမိုကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ရန် ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

ယခုခရီးစဉ်သည် ၂၀၂၁ ခုနှစ်တွင် ဂျိုးဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် ဝန်ကြီးဘလင်ကင်၏ ပထမဆုံး အရှေ့တောင်အာရှခရီးစဉ်လည်း ဖြစ်သည်။

ဘလင်ကင်သည် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့၌ သမ္မတဂျိုကိုဝီဒိုဒိုနှင့် တွေ့ဆုံမည်ဖြစ်ကာ အင်္ဂါနေ့တွင် အင်ဒို-ပစိဖိတ် မဟာဗျူဟာမိန့်ခွန်းတစ်ရပ် ပြောကြားမည်ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ဘလင်ကင်သည် ယခုသီတင်းပတ်အတွင်း အင်ဒိုနီးရှားမှတစ်ဆင့် မလေးရှားနှင့် ထိုင်းနိုင်ငံတို့သို့ ဆက်လက်ထွက်ခွာမည် ဖြစ်သည်။
ဘလင်ကင်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအရေးကိုပါ ထည့်သွင်းဆွေးနွေးသွားရန် အစီအစဉ်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကမ္ဘာ့အကြီးဆုံး စီးပွားရေးနှစ်နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့၏ ပြိုင်ဆိုင်မှုတွင် အရှေ့တောင်အာရှသည် သော့ချက်ဒေသအဖြစ် ရှိနေသည်။ ဘိုင်ဒန်အစိုးရသည် သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်က ယိုင်နဲ့နေခဲ့သည့် အမေရိကန်နှင့် အရှေ့တောင်အာရှဆက်ဆံရေးအား ပြန်လည်အားကောင်းစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အာဆီယံအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်မှု တိုးမြှင့်ရန် ရည်ရွယ်ထားသည့် ဘိုင်ဒန်၏ အစီအစဉ်ကို ဘလင်ကင်၏ ခရီးစဉ်အတွင်း ချပြမည်ဖြစ်သလို အင်ဒို-ပစိဖိတ် စီးပွားရေးမူဘောင်အတွက် သမ္မတဘိုင်ဒန်၏ မျှော်မှန်းချက်ကိုလည်း ဆွေးနွေးရန်ရှိကြောင်း အာရှဆိုင်ရာ အမေရိကန်သံတမန်တစ်ဦးက ပြောကြားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။