ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအား ဆန္ဒပြသူများ တိုက်ခိုက်

ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးသည် သံရုံးကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သံရုံးအတွင်းရှိ ပင်မအဆောက်အအုံခေါင်မိုးပေါ်တွင် အမေရိကန်စစ်သား ၆ ဦးခန့်သည် သေနတ်များအား ဆန္ဒပြသူများဘက်သို့ ချိန်ရွယ်ကာ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရှိနေကြောင်း AP သတင်းတွင် ဖော်ပြထားသည်။

By Foreign Desk 31 Dec 2019

နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆန္ဒပြသူများသည် လုံခြုံရေးအဆင့်ဆင့်ဖြင့် ကာကွယ်ထားသော အမေရိကန်သံရုံး ဝင်းအတွင်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ (ဓာတ်ပုံ - AFP)

အီရတ်နိုင်ငံ၏မြို့တော် ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးအား ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဆန္ဒပြသူများ ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ရှီးယိုက်ပြည်သူ့စစ်အဝတ်အစားများ ဝတ်ဆင်ထားသူ ဒါဇင်ပေါင်းများစွာနှင့် ၎င်းတို့ကိုထောက်ခံသူ အများအပြားသည် အင်္ဂါနေ့တွင် သံရုံး ပင်မတံခါးကို ဖျက်ဆီးကာ ဝင်းထဲအထိ ဝင်ရောက်ခဲ့ကြသည်။ ဧည့်ကြိုနေရာကိုလည်း မီးတင်ရှို့ခဲ့ကြသည်။

ဆန္ဒပြသူများသည် ပြီးခဲ့သောတနင်္ဂနွေနေ့က အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုအပေါ် ဒေါသတကြီး ကန့်ကွက်နေကြခြင်းဖြစ်သည်။

ဆန္ဒပြသူများသည် သံရုံး ပင်မတံခါးကို ဖျက်ဆီးကာ ဝင်းထဲအထိ ဝင်ရောက်လာပြီး ဧည့်ကြိုနေရာကိုလည်း မီးတင်ရှို့ခဲ့ကြသည်။ (ဓာတ်ပုံ - AP)

အမေရိကန်၏ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၏ နာရေးအခမ်းအနား အပြီးတွင် အမေရိကန်သံရုံးသို့ ချီတက်လာသော လူအုပ်ကြီးအား အီရတ်လုံခြုံရေးတပ်များကလည်း တားဆီးခြင်း မပြုခဲ့ပေ။

ထောင်နှင့်ချီသော အဆိုပါလူအုပ်ကြီးသည် သံရုံးကို ခဲများဖြင့် ပစ်ပေါက်ခဲ့ကြပြီး ဝင်းအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။ သံရုံးအတွင်းရှိ ပင်မအဆောက်အအုံခေါင်မိုးပေါ်တွင် အမေရိကန်စစ်သား ၆ ဦးခန့်သည် သေနတ်များအား ဆန္ဒပြသူများဘက်သို့ ချိန်ရွယ်ကာ ပစ်ခတ်ရန် အသင့်အနေအထားဖြင့် ရှိနေကြောင်း AP သတင်းတွင် ဖော်ပြထားသည်။ သံရုံးလုံခြုံရေးများသည် ဆန္ဒပြသူများအား မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲလျက်ရှိပြီး ထိခိုက်ဒဏ်ရာရမှု သတင်းများ မကြားသိရသေးပေ။

ဆန္ဒပြသူများသည် သံရုံးဝင်းထဲထိ ဝင်လာပြီး အဆောက်အအုံများတွင် တပ်ဆင်ထားသော ကင်မရာများကို ဖျက်ဆီးခဲ့ကြသည်။ (ဓာတ်ပုံ - AFP)

အီရတ်အနောက်ပိုင်းရှိ အခြေစိုက်စခန်းများအပေါ် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ကျောထောက်နောက်ခံ ပြုထားသော တိုက်ခိုက်ရေးသမား ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရသည်။
အမေရိကန်ကမူ အဆိုပါလေကြောင်းတိုက်ခိုက်မှုသည် ပြီးခဲ့သောအပတ်က အီရတ်ရှိ အမေရိကန်အခြေစိုက်စခန်း တစ်ခု ဒုံးကျည်ဖြင့်တိုက်ခိုက်ခံရစဉ် အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့ရခြင်းအတွက် လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောထားသည်။

ပင်မတံခါးကို ကျော်ဖြတ်ကာ သံရုံးဝင်းထဲအထိ ဝင်လာသူများအား သံရုံးလုံခြုံရေးတပ်များက မျက်ရည်ယိုဗုံးများဖြင့် နှိမ်နင်းခဲ့သည်။ (ဓာတ်ပုံ - AP)

အီရတ်သည် ၎င်းမဟာမိတ်များဖြစ်သော အမေရိကန်နှင့် အီရန်နှစ်နိုင်ငံလုံးနှင့် အဆင်ပြေအောင် ဆက်ဆံနေရသည်။ အီရတ်အစိုးရသည် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကို ဒေါသတကြီး ရှုတ်ချခဲ့ပြီး အမေရိကန်သံရုံးအား တိုက်ခိုက်ရန်ကြိုးစားသည့် ဆန္ဒဖော်ထုတ်သူများအား တားဆီးခြင်းမပြုသည့် အစိုးရ၏ အပြုအမူသည်လည်း ယိုယွင်းလာလည့် အမေရိကန်-အီရတ် ဆက်ဆံရေးအား ထင်ဟပ်နေကြောင်း AP သတင်းတွင် ရေးသားထားသည်။

ဗီဒီယိုများ