အီရတ်ဝန်ကြီးချုပ် ဆော်ဒီနှင့် အီရန်သို့သွားပြီး ဒေသတွင်းအရေး ဆွေးနွေး

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်-ခါဒီမီသည် ပြိုင်ဘက်နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သို့ ဇွန်လ ၂၆ ရက်နေ့က သွားရောက်ပြီး ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်း အင်အားကြီးနှစ်နိုင်ငံအကြား အားပြိုင်မှုကို ဖြေလျှော့ရန် အီရတ်၏ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

28 Jun 2022

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်-ခါဒီမီနှင့် အီရန်သမ္မတ အီဗရာဟင်ရိုင်စီတို့ တီဟရန်တွင် တွေ့ဆုံစဉ်။ (ဓာတ်ပုံ - AFP)

DMG ၊ ဇွန် ၂၈

အီရတ်ဝန်ကြီးချုပ် မူစတာဖာ အယ်လ်-ခါဒီမီသည် ပြိုင်ဘက်နှစ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျနှင့် အီရန်နိုင်ငံတို့သို့ ဇွန်လ ၂၆ ရက်နေ့က သွားရောက်ပြီး ဒေသတွင်းအရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ အရှေ့အလယ်ပိုင်း အင်အားကြီးနှစ်နိုင်ငံအကြား အားပြိုင်မှုကို ဖြေလျှော့ရန် အီရတ်၏ကြိုးပမ်းချက် တစ်စိတ်တစ်ပိုင်းအဖြစ် ယခုကဲ့သို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

အယ်လ်-ခါဒီမီသည် တနင်္ဂနွေနေ့ အစောပိုင်းက ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန်နှင့် ဂျေဒါးမြို့တွင် တွေ့ဆုံခဲ့ပြီးနောက် တီဟရန်သို့ သွားရောက်ပြီး အီရန်သမ္မတ အီဘရာဟင်ရိုင်စီနှင့် တွေ့ဆုံခဲ့သည်။

အီရတ်၏ ပြေရာပြေကြောင်း ကြိုးပမ်းချက်ကို အီရန်ဘက်က ကြိုဆိုမှုပြသခဲ့ပြီး သမ္မတရိုင်စီက “ဒေသတွင်းခေါင်းဆောင်တွေအနေနဲ့ ဒေသရဲ့ ပြဿနာတွေကို ပြေလည်စေဖို့အတွက် အချင်းချင်းညှိနှိုင်းကြဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဆော်ဒီနှင့် အီရန်အကြားတွင် ၂၀၁၆ ခုနှစ်တည်းက သံတမန်ဆက်ဆံရေးများ ပြတ်တောက်လျက်ရှိသည်။

ဆော်ဒီနှင့်အီရန်တို့သည် ဒေသတွင်းရှိ ပဋိပက္ခဖြစ်ပွားရာ နေရာ အများအပြားတွင် ဆန့်ကျင်ဘက်အတိုက်အခံများကို အထောက်အပံ့များ ပေးလျက်ရှိသည်။

ယီမင်ပြည်တွင်းစစ်တွင်လည်း ဆော်ဒီနှင့်အီရန်တို့သည့် နှစ်ဘက်အတိုက်အခံများကို ထောက်ပံ့ပေးခဲ့ကြသည်။ ရ နှစ်တာ ကြာမြင့်ခဲ့သော ယီမင်ပြည်တွင်းစစ် ပြီးခဲ့သော ဧပြီလက အပစ်အခတ်ရပ်စဲခဲ့ခြင်းအပေါ် သမ္မတရိုင်စီက ကြိုဆိုခဲ့သည်။
သို့သော်လည်း သူက အစ္စရေးနှင့် ဆက်ဆံရေးထူထောင်မှု ပုံစံအားလုံးကိုမူ ဝေဖန်ခဲ့သည်။

အစ္စရေးသည် အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်း၊ မော်ရိုကိုနိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေးကို ၂၀၂၀ ခုနှစ်တွင် ထူထောင်ခဲ့သည်။

ရီယာ့ဒ်သို့ အလည်အပတ် လာရောက်မည့် သမ္မတဘိုင်ဒန်၏ ခရီးစဉ်သည် ဆော်ဒီနှင့် ဂျူးတိုင်းပြည်အစ္စရေးအကြား ဆက်ဆံရေးကို မြှင့်တင်မည့်သဘော ဖြစ်သည်ဟုလည်း အီရန်က ဝေဖန်သည်။

ဗီဒီယိုများ