တစ်ပတ်အတွင်း နိုင်ငံတကာသတင်းများ စုစည်းမှု

တစ်ပတ်အတွင်း နိုင်ငံတကာသတင်းအချို့ကို ကောက်နုတ် ဖော်ပြပေးလိုက်ပါသည်။

By Foreign Desk 08 Nov 2019

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ခရိုင်တွင် အောက်တိုဘာ ၃၁ ရက် ကြာသပတေးနေ့က ရထားတွဲမီးလောင်မှုကြောင့် ၇၄ ဦး သေဆုံးခဲ့သည်။ ရထားပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များ ဂက်စ်အိုးဖြင့် ချက်ပြုတ်ကြရာမှ ဂက်စ်အိုးများပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ အရှိန်ဖြင့်သွားနေသည့် ရထားတွဲပေါ်မှ ခုန်ချမှုကြောင့် သေဆုံးသူများလည်း ရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ ဓာတ်ပုံ - AP


အိန္ဒိယတွင် လက်နက်ကိုင်ပဋိပက္ခထူပြောသော ဂျမ်မူးနှင့် ကတ်ရှ်မီးယားပြည်နယ်ကို ပြည်ထောင်စုအုပ်ချုပ်မှု အောက်ရှိ ပိုင်နက်နယ်မြေ နှစ်ခုအဖြစ် ခွဲခြားသတ်မှတ်လိုက်သည်။ သတ်မှတ်ချက်အသစ်အရ ယခင် ဂျမ်မူးနှင့်ကတ်ရှ်မီးယားပြည်နယ်သည် ဂျမ်မူးနှင့်ကတ်ရှ်မီယားနယ်မြေနှင့် လာဒတ်ခ်နယ်မြေ တို့ဖြစ်လာမည်ဖြစ်သည်။ ထို ပြည်ထောင်စုပိုင်နက်နယ်မြေ ၂ ခုလုံးကို မြို့တော်ဒေလီမှ တိုက်ရိုက်အုပ်ချုပ်မည်ဖြစ်သည်။ ဓာတ်ပုံ - BBC


အိုင်အက်စ်အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူဘာကားအယ်လ်ဘာဒါဒီ အောက်တိုဘာ ၂၆ ရက်နေ့ညက သေဆုံးသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတထရမ့် ကြေညာခဲ့သည်။ အိုင်အက်စ်ခေါင်းဆောင် ပုန်းခိုနေသော အဆောက်အအုံအား အမေရိကန်တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းစဉ် ကိုယ့်ကိုယ်ကိုယ် ဗုံးခွဲသတ်သေသွားခြင်း ဖြစ်သည်။ ဘာဒါဒီသေဆုံးပြီးနောက် အိုင်အက်စ်အဖွဲ့သည် ခေါင်းဆောင်သစ် တင်မြှောက်လိုက်ပြီဖြစ်သည်။ ဓာတ်ပုံ - AFP


ဖမ်းမိထားသော အိုင်အက်စ်အကျဉ်းသားများအား ၎င်းတို့၏ မိခင်နိုင်ငံများသို့ ပြန်ပို့မည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လုက နိုဝင်ဘာလ ၂ ရက်၊ စနေနေ့က ပြောကြားလိုက်သည်။ တူရကီသည် ပြီးခဲ့သောလအတွင်း ဆီးရီးယားအရှေ့မြောက်ရှိ ကာ့ဒ်တိုက်ခိုက်ရေးသမားများ ထိန်းချုပ်ထားသော နယ်မြေများသို့ ထိုးစစ်ဆင်နွဲခဲ့စဉ် အိုင်အက်စ်အကျဉ်းသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ / ဓာတ်ပုံ - Twitter/@suleymansoylu


အာရှနိုင်ငံများအနေဖြင့် ကျောက်မီးသွေးအပေါ် အလွန်အမင်း အားထားနေမှုအား အဆုံးသတ်သင့်ပြီဟု ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောကြားလိုက်သည်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် အန္တရာယ်ကြုံရမည့် နိုင်ငံများတွင် အာရှသည် ထိပ်ဆုံးက ပါဝင်နေသဖြင့် အလေးထားဆောင်ရွက်ကြရန် ၎င်းက တိုက်တွန်းခဲ့သည်။ ဓာတ်ပုံ - AFP


အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့ လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာသဖြင့် နိုဝင်ဘာလ ၁ ရက်နေ့မှစတင်ကာ အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့သည်။ ပန်ဂျပ်နှင့် ဟာယနပြည်နယ်တို့တွင် တားမြစ်ပိတ်ပင်ထားသည့်ကြားမှ စိုက်ခင်းများကို မီးရှို့ခဲ့ကြခြင်းကြောင့် နယူးဒေလီတွင် လေထုညစ်ညမ်းမှု ပိုမိုဆိုးရွားလာရခြင်းဖြစ်သည်။ ဓာတ်ပုံ - AP


တောင်တရုတ်ပင်လယ်တွင် ရေရှည် တည်ငြိမ်အေးချမ်းမှု ရရှိရန်အတွက် အာဆီယံနိုင်ငံများနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်ဝန်ကြီးချုပ် လီကွတ်ချောင်က နိုဝင်ဘာ ၃ ရက် တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပလျက်ရှိသော အာဆီယံထိပ်သီးအစည်းအဝေးပွဲတွင် ဝန်ကြီးချုပ်ချောင်က ပြောကြားခဲ့ခြင်းဖြစ်သည်။


အီရတ်တွင် နိုဝင်ဘာ ၄ ရက် တနင်္လာနေ့က ရှီးယိုက်မူစလင်တို့၏ အထွတ်အမြတ်မြို့တစ်မြို့ဖြစ်သော ခါဘာလာမြို့ရှိ အီရန်ကောင်စစ်ဝန်ရုံးအတွင်းသို့ ဆန္ဒပြသမားများ အတင်းဝင်ရောက်ရန် ကြိုးပမ်းရာမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးခဲ့သည်။ ကြောင်း Reuters သတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ အီရတ်နိုင်ငံ၌ လက်ရှိဖြစ်ပေါ်နေသော ဆန္ဒဖော်ထုတ်မှုများသည် အာဏာရှင်ဆက်ဒမ်ဟူစိန် ကျဆုံးပြီးနောက်ပိုင်း အကြီးမားဆုံး ဖြစ်သည်။ ဓာတ်ပုံ - Reuters


တရုတ်သမ္မတရှီကျင့်ဖျင်နှင့် ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းတို့သည် နိုဝင်ဘာ ၄ ရက် တနင်္လာနေ့ နှောင်းပိုင်းက တွေ့ဆုံခဲ့ကြသည်။ ရှန်ဟိုင်းတွင် ကျင်းပနေသည့် ကုန်သွယ်ရေးဆွေးနွေးပွဲတစ်ခု တက်ရောက်ယင်း တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ ဟောင်ကောင်၏ မတည်ငြိမ်မှုများအပေါ် အုပ်ချုပ်ရေးအဖွဲ့၏ ကိုင်တွယ်မှုများအား တရုတ်အစိုးရအနေဖြင့် ကျေနပ်မှုရှိကြောင်း ပြသခဲ့သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ကယ်ရီလမ်းက ပြောကြားခဲ့သည်။ ဓာတ်ပုံ - AP


လေယာဉ်မောင်းခန်းတွင် အမျိုးသမီးတစ်ဦး အစားအသောက်များနှင့် ထိုင်နေသည့်ပုံ တရုတ်လူမှုကွန်ရက် Weibo တွင် ပျံ့နှံ့လာပြီးနောက် တရုတ်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်မောင်းခွင့် အပိတ်ခံလိုက်ရသည်။ ဇန်နဝါရီလ ၄ ရက်နေ့က ကွေ့လင်မှ ယန်ကျိုးမြို့သို့ သွားသည့်ခရီးစဉ်တွင် အဆိုပါဓာတ်ပုံ ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး “ကပ္ပတိန်ကိုကျေးဇူးတင်ပါတယ်၊ အရမ်းပျော်တယ်” ဟု ပုံစာရေးထားသည်။ ဓာတ်ပုံ - Weibo/Screenshot


ထရမ့်အစိုးရသည် ပါရီရာသီဥတုသဘောတူညီချက်မှ နုတ်ထွက်ရန် လိုအပ်သည့်လုပ်ဆောင်ချက်များ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက် တနင်္လာနေ့က ပြောကြားလိုက်သည်။ ပါရီသဘောတူညီချက်ကြောင့် အမေရိကန်သည် တရုတ်ကဲ့သို့ လေထုညစ်ညမ်းမှု ကြီးမားသည့် နိုင်ငံများထံတွင် အမြတ်ထုတ်ခံနေရကြောင်း သမ္မတထရမ့်က ပြောသည်။ / ဓာတ်ပုံ - Reuters


စပိန်တွင် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့ကြသူ ငါးဦးအား တရားရုံးကချမှတ်သည့် ပြစ်ဒဏ်အပေါ် မကျေနပ်သဖြင့် ပြည်သူ ထောင်ပေါင်းများစွာ နိုဝင်ဘာ ၄ ရက် တနင်္လာနေ့က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ အဆိုပါမိန်းကလေးသည် ကျူးလွန်ခံရချိန်တွင် အမူးလွန်နေ၍ ကျူးလွန်မှုအား လက်ခံခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုလုပ်နိုင်သဖြင့် စပိန်ဥပဒေအရ လိင်အကြမ်းဖက်မှု သို့မဟုတ် မုဒိမ်းမှုမမြောက်ဘဲ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုအဖြစ်သာ သတ်မှတ်ခဲ့သည်။ ပြစ်မှုကျူးလွန်သူများအား ထောင်ဒဏ် ၁၀ နှစ်နှင့် ၁၂ နှစ်ကြား ချမှတ်ခဲ့သည်။ ဓာတ်ပုံ - AP


မက္ကစီကိုနိုင်ငံ မြောက်ပိုင်းတွင် နိုဝင်ဘာ ၄ ရက် တနင်္လာနေ့က မူးယစ်ဆေးဝါးမှောင်ခိုသမားများ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး သုံးဦးနှင့် ကလေးခြောက်ဦး သေဆုံးခဲ့သည်။ သေဆုံးသူအားလုံးသည် အမေရိကန်နိုင်ငံသားများဖြစ်ပြီး မက္ကစီကိုရှိ ဆွေမျိုးများထံ အလည်သွားစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ ပြိုင်ဘက်မူးယစ်ဂိုဏ်းဟု အထင်မှားပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မက္ကစီကို လုံခြုံရေးဝန်ကြီး အယ်ဖွန်ဆိုဒူရာဇိုက ပြောကြားသည်။ ဓာတ်ပုံ - AP


ထိုင်းနိုင်ငံတောင်ပိုင်းရှိ ယာလာခရိုင်တွင် နိုဝင်ဘာ ၅ ရက် အင်္ဂါနေ့နှောင်းပိုင်းက ခွဲထွက်ရေးသူပုန်များ၏ တိုက်ခိုက်မှုကြောင့် ၁၅ ဦးသေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ ကျေးရွာလုံခြုံရေး အဖွဲ့ဝင်များဖြစ်ပြီး အမျိုးသမီးအရာရှိ လေးဦးနှင့် ဆရာဝန်တစ်ဦး ပါဝင်ကြောင်း စစ်တပ်ပြောခွင့်ရ ဗိုလ်မှူး ကီယာတီဆက်နီဝန်က ပြောကြားသည်။ ဓာတ်ပုံ - AP


၂၀၁၉ ခုနှစ်အတွက် ပြည်ပနိုင်ငံများသို့ ခရီးသွားလာရာတွင် အိမ်ရှင်နိုင်ငံများက လိုလားလက်ခံမှုအရှိဆုံး နိုင်ငံကူး လက်မှတ်များစာရင်းတွင် ဂျပန်နှင့်စင်္ကာပူတို့က ထိပ်ဆုံးနေရာတွင် ပူးတွဲရပ်တည်လျက်ရှိသည်ကို တွေ့ရသည်။ ဂျပန်နှင့်စင်္ကာပူ နိုင်ငံကူးလက်မှတ်များသည် နိုင်ငံပေါင်း ၁၉၀ ထိ ဗီဇာကြိုတင် လျှောက်ထားရန်မလိုဘဲ သွားရောက်နိုင်သည်။ မြန်မာနိုင်ငံသည် အဆင့် ၉၅ ဖြစ်ပြီး နိုင်ငံပေါင်း ၄၆ နိုင်ငံသို့ ဗီဇာကြိုတင် လျှောက်ထားရန်မလိုဘဲ သွားရောက်နိုင်သည်။ / ဓာတ်ပုံ - The Strait Times

ဗီဒီယိုများ