အောက်ဆီဂျင်အိုး ပေါက်ကွဲမှုနှင့်အတူ ကိုဗစ်ကုသဆောင် မီးလောင်မှုကြောင့် အီရတ်တွင် ၆၄ ဦး သေဆုံး

အီရတ်နိုင်ငံတောင်ပိုင်း နာဆီယာမြို့ရှိ ဆေးရုံတစ်ခုတွင် တနင်္လာနေ့ နှောင်းပိုင်းက ကိုဗစ်လူနာ ကုသဆောင်၌ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ၆၄ ဦး သေဆုံးကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 13 Jul 2021

ဓာတ်ပုံ - AFP

DMG | ဇူလိုင် ၁၃

အီရတ်နိုင်ငံတောင်ပိုင်း နာဆီယာမြို့ရှိ ဆေးရုံတစ်ခုတွင် တနင်္လာနေ့ နှောင်းပိုင်းက ကိုဗစ်လူနာ ကုသဆောင်၌ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ၆၄ ဦး သေဆုံးကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒဏ်ရာရသူ ၁၀၀ ကျော်ရှိပြီး မီးလောင်လူနာ အများအပြားကိုလည်း အရေးပေါ်အခြေအနေဖြင့် ဆေးကုသနေရကာ သေဆုံးသူအရေအတွက် ထပ်တိုးလာဖွယ် ရှိကြောင်း အမည်မဖော်လိုသည့် တာဝန်ရှိသူများက အေပီသတင်းဌာနသို့ ပြောကြားသည်။

တာဝန်ရှိသူများ၏ အစောပိုင်း ထုတ်ပြန်ချက်၌ လျှပ်စစ်ဝါယာလျှော့ကြောင့် မီးလောင်ရခြင်းဟု ဖော်ပြထားသော်လည်း အသေးစိတ် မရှင်းပြထားပေ။ သို့သော် ဝန်ထမ်းတစ်ဦးကမူ အောက်ဆီဂျင်အိုး ပေါက်ကွဲပြီး မီးတောက်မီးလျှံများ ထိုးတက်သွားသည်ကို မြင်ခဲ့ရသည်ဟု အေပီသတင်းဌာနသို့ ဖြေကြားသည်။

မီးလောင်သွားသည့် အဆောင်သစ်တွင် လူနာခုတင် ၇၀ ဆံ့ပြီး အဆောင်ကို ဖွင့်လှစ်သည်မှာ သုံးလခန့်သာ ရှိသေးကြောင်း အေပီသတင်းတွင် ဖော်ပြချက်အရ သိရသည်။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သားများသည် အပျက်အစီးများကြားတွင် တစ်ညဉ့်လုံး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသလို လူနာ မိသားစုဝင် အများအပြားလည်း ပါဝင် ကူညီခဲ့ကြသည်။

အီရတ်တွင် ပြီးခဲ့သော ဧပြီလကလည်း မြို့တော် ဘဂ္ဂဒက်ရှိ ဆေးရုံတစ်ခု၏ ကိုဗစ်ကုသဆောင်၌ အောက်ဆီဂျင်အိုး ပေါက်ကွဲမှုမှတစ်ဆင့် မီးအကြီးအကျယ် လောင်ကျွမ်းပြီး ၈၂ ဦး သေဆုံးခဲ့သည်။

ဆယ်စုနှစ်နှင့်ချီ ကြာမြင့်နေပြီဖြစ်သည့် တိုက်ပွဲများနှင့် ဒဏ်ခတ်အရေးယူမှုများ ရင်ဆိုင်ခဲ့ရမှုကြောင့် အီရတ်နိုင်ငံ၏ ကျန်းမာရေးစနစ်မှာ ကိုရိုနာကပ်ဘေးကြီးကို ထိထိရောက်ရောက် ရင်မဆိုင်နိုင်ဘဲ ယိုင်နဲ့လျက်ရှိသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း နိုင်ငံတစ်ဝန်း နေ့စဉ် ကိုဗစ်ကူးစက်မှု အရေအတွက်သည် ၉၀၀၀ ခန့်အထိ မြင့်တက်ခဲ့သည်။

အီရတ်တွင် ကိုဗစ်ကူးစက်မှု စုစုပေါင်း ၁ သန်းခွဲခန့်ရှိပြီး သေဆုံးသူ ၁၇၀၀၀ ကျော်သွားပြီဖြစ်သည်။

ဗီဒီယိုများ