အီရတ်ရှိ ဆွီဒင်သံရုံးကို ဆန္ဒပြသမားများ မီးတင်ရှို့

၎င်းဆန္ဒပြပွဲ မဖြစ်ပွားမီ အီရတ်နိုင်ငံ၌ ယခုကဲ့သို့ လူစုလူဝေးနှင့် ဆန္ဒပြမှုရှိလာခဲ့ပြီးနောက်တွင် ဆွီဒင်သံရုံးကို မီးရှို့မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မီးငြိမ်းသတ်ရန် မီးသတ်ကားအများအပြား သံရုံးသို့ ရောက်ရှိခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

By Admin 20 Jul 2023

ဓာတ်ပုံ - AP
ဓာတ်ပုံ - AP

အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်၌ ကြာသပတေးနေ့အစောပိုင်းက ဆန္ဒပြသူများသည် ဆွီဒင်သံရုံးအဆောက်အအုံ အစိတ်အပိုင်းအချို့ကို မီးရှို့ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ရှိ အီရတ်သံရုံးရှေ့တွင် ကြာသပတေးနေ့၌ ဆန္ဒပြပွဲတစ်ခု ပြုလုပ်ရန်ရှိနေပြီး အဆိုပါဆန္ဒပြပွဲအတွင်း ကိုရမ်ကျမ်းစာအုပ်နှင့် အီရတ်အလံကို မီးရှို့ပြမှုလည်း ပါဝင်မည်ဖြစ်သည်။

၎င်းဆန္ဒပြပွဲ မဖြစ်ပွားမီ အီရတ်နိုင်ငံ၌ ယခုကဲ့သို့ လူစုလူဝေးနှင့် ဆန္ဒပြမှုရှိလာခဲ့ပြီးနောက်တွင် ဆွီဒင်သံရုံးကို မီးရှို့မှု ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။ မီးငြိမ်းသတ်ရန် မီးသတ်ကားအများအပြား သံရုံးသို့ ရောက်ရှိခဲ့သည်ဟုလည်း သတင်းတွင် ဖော်ပြသည်။

“မေတ္တာတရားနဲ့ ယုံကြည်မှုအကြောင်းတွေပဲ ဖော်ပြထားတဲ့ ကိုရမ်ကျမ်းစာအုပ်ကို မီးရှို့မှုအပေါ် ရှုတ်ချဖို့ ကျွန်တော်တို့ ဒီကိုရောက်လာကြတာပါ” ဟု ဆန္ဒပြသမားတစ်ဦးဖြစ်သူ ဟာဆမ်အာမက်က အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားသည်။

“ဒီလိုမျိုးလုပ်ရပ်တွေကို ရပ်တန့်ပေးဖို့ ဆွီဒင်အစိုးရနဲ့ အီရတ်အစိုးရကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟုလည်း သူကပြောကြားသည်။

ဓာတ်ပုံ - AP

အဓိကရုဏ်းဖြိုခွင်းရေး အီရတ်ရဲတပ်ဖွဲ့ဝင်များသည် သံရုံးရှေ့တွင် ဆန္ဒပြသူများအား မီးသတ်ပိုက်များဖြင့် ရေထိုးပြီး လူစုခွဲခဲ့သလို လျှပ်စစ်ကျင်စက်များ ကိုင်ဆောင်ထားသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ဆန္ဒပြသူများနောက်လို့ လိုက်လံနှိမ်နင်းနေသည်ကို တွေ့ရကြောင်း အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသည့် အေအက်ဖ်ပီ ဓာတ်ပုံသတင်းထောက်က ပြောကြားသည်။

တိုက်ခိုက်မှုဖြစ်ပွားချိန်၌ ဆွီဒင်သံရုံးအတွင်း ဝန်ထမ်းများ ရှိနေသလား၊ သို့မဟုတ် နေရာပြောင်းရွှေ့သွားကြသလား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ဘဂ္ဂဒက်ရှိ မိမိတို့သံရုံးဝန်ထမ်းများသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ဆွီဒင်နိုင်ငံခြားရေး ဝန်ကြီးဌာနက အေအက်ဖ်ပီသို့ ဖြေကြားသည်။

ယခုကဲ့သို့ သံရုံးမီးရှို့ခံရခြင်းအပေါ် အီရတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရှုတ်ချလိုက်ပြီး တာဝန်ရှိသူများကို ရှာဖွေဖော်ထုတ်ပေးရန်လည်း အီရတ်လုံခြုံရေးတပ်များကို တောင်းဆိုထားသည်။

ဗီဒီယိုများ