စီးပွားရေးခေါင်းပုံဖြတ်မှုဖြင့် ဖေ့စ်ဘုတ်ကုမ္ပဏီကို အမေရိကန်အစိုးရနှင့် ပြည်နယ် ၄၀ ကျော် တရားစွဲ

အမေရိကန်အစိုးရနှင့် ပြည်နယ်နှင့်ခရိုင် ၄၈ ခုသည် ဖေ့စ်ဘုတ်ကုမ္ပဏီအား ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ၎င်း၏ ဈေးကွက်အင်အားကို တလွဲအသုံးချကာ ကုမ္ပဏီငယ်များအား နင်းချေခြင်း၊ Instagram နှင့် WhatsApp ဝန်ဆောင်မှုများအား ပင်မ ဖေ့စ်ဘုတ်ပလက်ဖောင်းတွင် အတင်းချိတ်ဆက်နိုင်အောင် နည်းလမ်းအမျိုးမျိုး အသုံးပြုနေခြင်း စသည့် အချက်များဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

10 Dec 2020

 ၂၀၂၀ သြဂုတ်လ ၆ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ တစ်ရပ်၌ နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီရှာဂျိမ်းအား တွေ့ရစဉ်။ (ဓာတ်ပုံ - AP)

အမေရိကန်အစိုးရနှင့် ပြည်နယ်နှင့်ခရိုင် ၄၈ ခုသည် ဖေ့စ်ဘုတ်ကုမ္ပဏီအား ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ လူမှုကွန်ရက်တွင် ၎င်း၏ ဈေးကွက်အင်အားကို တလွဲအသုံးချကာ ကုမ္ပဏီငယ်များအား နင်းချေခြင်း၊ Instagram နှင့် WhatsApp ဝန်ဆောင်မှုများအား ပင်မ ဖေ့စ်ဘုတ်ပလက်ဖောင်းတွင် အတင်းချိတ်ဆက်နိုင်အောင် နည်းလမ်းအမျိုးမျိုး အသုံးပြုနေခြင်း စသည့် အချက်များဖြင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

အမေရိကန်တရားရေးဌာနသည် ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း အွန်လိုင်းရှာဖွေရေးနှင့် ကြော်ငြာဈေးကွက်အား လက်ဝါးကြီးအုပ်ပြီး တလွဲအသုံးချမှုဖြင့် ဂူဂဲလ်ကုမ္ပဏီကို တရားစွဲဆိုခဲ့သည်။

“ကုမ္ပဏီတွေ ဒီလိုမျိုး စီးပွားရေးခေါင်းပုံဖြတ်နေတာကို တားမြစ်ပြီး ဈေးကွက်ရဲ့ယုံကြည်မှုကို ပြန်လည်တည်ဆောက်ပေးဖို့ သိပ်အရေးကြီးပါတယ်” ဟု နယူးယောက်ပြည်နယ် ရှေ့နေချုပ် လက်တီရှာဂျိမ်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။

မြောက်ကယ်ရိုလိုင်းနာပြည်နယ် ရှေ့နေချုပ် ဂျော့စတိုင်းက “ကျွန်တော်တို့က အမေရိကန်ပြည်ထောင်စုရဲ့ လူမှုကွန်ရက်ဈေးကွက်ကို ပြန်တည်ဆောက်ဖို့ မျှော်လင့်ထားတယ်။ ခုက ပလေယာက တစ်ယောက်တည်းဖြစ်နေတယ်” ဟု ဖေ့စ်ဘုတ်၏ ဈေးကွက်လက်ဝါးကြီးအုပ်မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။

အမေရိကန် ဗဟိုကုန်သွယ်ရေးကော်မရှင် ကလည်း ဖေ့စ်ဘုတ်သည် ဈေးကွက်ယှဉ်ပြိုင်မှုများတွင် ပြိုင်ဖက်များကို ချေမှုန်းရန် ‘ဗျူဟာမြောက်နည်းလမ်းတစ်ရပ်’ ကို အသုံးပြုနေကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ၁၅ နှစ်တာကာလအတွင်း ဖေ့စ်ဘုတ်သည် Instagram နှင့် WhatsApp အပါအဝင် ကုမ္ပဏီပေါင်း ၇၀ ခန့်ကို ဝယ်ယူခဲ့သည်။ ဖေ့စ်ဘုတ်က ဝယ်ယူသည့်အချိန်၌ Instagram သည် အသုံးပြုသူ သန်း ၃၀ ခန့်ရှိသော်လည်း အမြတ်အစွန်း မရှိခဲ့ပေ။ နောက်နှစ်အနည်းငယ်အကြာ၌ WhatsApp ကို အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ထပ်မံဝယ်ယူခဲ့သည်။

အဆိုပါကွန်ရက် နှစ်မျိုးလုံးအား သီးခြားစီလည်ပတ်မည်ဟု ဇူကာဘက်က ကတိပြုခဲ့သော်လည်း ပြီးခဲ့သောနှစ်များအတွင်း  ကွန်ရက်ပလက်ဖောင်းများအကြား အပြန်အလှန် ရောနှောအသုံးပြုနိုင်အောင် ဖေ့စ်ဘုတ်က ဖန်တီးခဲ့သည်။

ဗဟိုကုန်သွယ်ရေးကော်မရှင်သည် ၂၀၁၉ ခုနှစ်တွင် ပုဂ္ဂိုလ်ရေးအချက်အလက်များအား အလွဲသုံးမှုဖြင့် ဖေ့စ်ဘုတ်ကုမ္ပဏီကို ကန်ဒေါ်လာ ၅ ဘီလီယံ ဒဏ်ငွေရိုက်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်အချို့ ကန့်သတ်ခဲ့သည်။ အဆိုပါဒဏ်ကြေးသည် အေဂျင်စီ၏ သက်တမ်းတစ်လျှောက်တွင် အမြင့်ဆုံးသတ်မှတ်ခဲ့သည့် ဒဏ်ကြေးဖြစ်သော်လည်း ဖေ့စ်ဘုတ်အပေါ် သိသာသော အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

ဖေ့စ်ဘုတ်ကမူ အစိုးရ၏လုပ်ရပ်သည် အောင်မြင်နေသောစီးပွားရေး လုပ်ငန်းများကို ဒဏ်ပေးနေခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

ဖေ့စ်ဘုတ်သည် ကမ္ဘာအကြီးဆုံး လူမှုကွန်ရက်တစ်ခု ဖြစ်ပြီး အသုံးပြုသူစုစုပေါင်း ၂.၇ ဘီလီယံခန့်ရှိသည်။ ကုမ္ပဏီ၏ ဈေးကွက်တန်ဖိုးသည် ဒေါ်လာ ဘီလီယံ ၈၀၀ ခန့်ရှိပြီး ကုမ္ပဏီစီအီးအို မာ့ခ်ဇူကာဘက်သည်လည်း ကမ္ဘာ့ ပဉ္စမအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်သည်။