အမေရိကန်အစိုးရက မြန်မာအတွက် ဒေါ်လာသန်း ၅၀ ကူညီမည်

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ်ကူညီသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (သြဂုတ် ၁၀) တွင် ပြောကြားလိုက်သည်။

13 Aug 2021

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်။ (ဓာတ်ပုံ - Reuters)

DMG ၊ ဩဂုတ် ၁၃

မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ ပေးအပ်ကူညီသွားမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက အင်္ဂါနေ့ (သြဂုတ် ၁၀) တွင် ပြောကြားလိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်၏ အင်္ဂါနေ့ထုတ်ပြန်ချက်တွင် ယခုကဲ့သို့ ဖော်ပြထားခြင်း ဖြစ်သည်။

အမေရိကန်၏ အကူအညီများအား မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကြောင့် တိမ်းရှောင်ထွက်ပြေးနေရသူများထံသို့ ပေးအပ်မည်ဖြစ်သလို ကျန်းမာရေး ဝန်ဆောင်မှုများ၊ အစာရေစာနှင့် နားခိုစရာနေရာကဲ့သို့ အခြေခံလိုအပ်ချက်များ ကူညီထောက်ပံ့ပေးနေကြသည့် အဖွဲ့အစည်းများထံသို့ ပေးအပ်မည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်သည် ထိုင်းနိုင်ငံအတွက်လည်း ကိုဗစ်-၁၉ ကပ်ဘေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အမေရိကန်ဒေါ်လာ ၅ သန်း ထောက်ပံ့မည်ဟု နက်ပရိုက်စ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် လင်ဒါသောမက်စ်ဂရင်းဖီး၏ ထိုင်းနိုင်ငံခရီးစဉ်တွင် ထောက်ပံ့ငွေအကြောင်းကို ကြေညာခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ယခုရန်ပုံငွေသည် လူသားချင်းစာနာမှု အကူအညီများ အရေးတကြီး လိုအပ်နေသည့်အတွက် ထောက်ပံ့ခြင်းဖြစ်သလို ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံလုံးရှိ ပြည်သူများ၏ အသက်များအပေါ် ကိုဗစ်-၁၉ ၏ အကျိုးသက်ရောက်မှုကို လျော့ပါးသက်သာစေရန် အထောက်အကူဖြစ်စေမည်” ဟု နက်ပရိုက်စ်က ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား မြန်မာစစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူခဲ့သည့် နောက်ပိုင်း မြန်မာ့စီးပွားရေးသည် ပြိုလဲလျက်ရှိသည်။ လက်ရှိတွင်လည်း ကိုဗစ်ကူးစက်မှု မြင့်တက်နေပြီး ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း ပျက်စီးနေသဖြင့် လူထုသည် ကိုဗစ်လှိုင်းအား ခက်ခက်ခဲခဲ ရင်ဆိုင်နေရသည်။

နိုင်ငံတစ်ဝန်း ပြီးခဲ့သောလမှ စတင်၍ ကိုဗစ်ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ရာ နေ့စဉ် ကူးစက်မှုမှာ ၃၀၀၀ ကျော် ၄၀၀၀ ဝန်းကျင်စီ ရှိနေသည်။ သြဂုတ်လ ၁၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၃၃၇၅၆၁ ရှိပြီး သေဆုံးသူ ၁၂၂၃၄ ဦးရှိကြောင်း မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။