သတင်းမှားဖြန့်ဝေသည်ဟူသော စွဲချက်ဖြင့် ဂျပန်သတင်းထောက်ကို တရားစွဲ

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော ဂျပန်သတင်းထောက်အား သတင်းမှားများ ဖြန့်ဝေသည်ဟူသော စွပ်စွဲချက်ဖြင့် အာဏာပိုင်များက တရားစွဲလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပြောကြားလိုက်သည်။

By Foreign Desk 04 May 2021

ဂျပန်သတင်းထောက် ယုကိ ကိတဇုမိအား ၂၀၁၃ ဧပြီ ၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - Kyodo)

DMG ၊ မေ ၄

မြန်မာနိုင်ငံတွင် ဖမ်းဆီးခံထားရသော ဂျပန်သတင်းထောက်အား သတင်းမှားများ ဖြန့်ဝေသည်ဟူသော စွပ်စွဲချက်ဖြင့် အာဏာပိုင်များက တရားစွဲလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပြောကြားလိုက်သည်။

သတင်းထောက် ယုကိ ကိတဇုမိသည် စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ တရားစွဲဆိုခြင်း ခံရသည့် ပထမဆုံးနိုင်ငံခြားသားသတင်းထောက်တစ်ဦးဖြစ်ပြီး ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်ခံရဖွယ်ရှိနေကြောင်း ဂျပန် သတင်းဌာနများ၏ အဆိုအရ သိရသည်။

သူသည် ဧပြီလအတွင်း အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ညတွင်းချင်း အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း ခံခဲ့ရသည်။

ဖေဖော်ဝါရီလအတွင်း မြန်မာစစ်တပ်၏ အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်ကစပြီး ယနေ့အချိန်အထိ လူပေါင်း ရ၀၀ ကျော်အသတ်ခံရပြီး လူထောင်ချီ ထိန်းသိမ်းခံထားရသည်။

ယုကိ ကိတဇုမိသည် နိုင်ငံတွင်း လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ဂျပန်နိုင်ငံ၏ အထင်ကရ သတင်းဌာနများစွာကို တိုက်ရိုက်သတင်းပေးပို့နေသည့် ပြည်ပနိုင်ငံသား အလွတ်တန်းသတင်းသမားတစ်ဦး ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် အဆိုပါသတင်းထောက်၏ ရန်ကုန်မြို့ရှိ နေအိမ်ကို ရဲတပ်ဖွဲ့က ဧပြီလ ၁၈ ရက်နေ့ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ကလည်း ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သေးသည်။

ယုကိ ကိတဇုမိတွင် ကျန်းမာရေး ယိုယွင်းမှုများ မတွေ့ရကြောင်း၊ သူ့ကို ပြန်လွှတ်ပေးရန် သံရုံးဘက်က  စစ်တပ်အား တောင်းဆိုထားကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပြောဆိုသည်။