အမေရိကန်ရေတပ် လေဆာလက်နက် အောင်မြင်စွာစမ်းသပ်ပစ်ခတ်

အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် အင်အားပြင်းလေဆာလက်နက်သစ် တစ်မျိုးအား စမ်းသပ်ခဲ့ပြီး ပျံဝဲနေသည့်ဒရုန်းယာဉ်တစ်စီးကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စီအန်အန်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

By Foreign Desk 24 May 2020

ပုံစာ - ရေတပ်က တရားဝင်ထုတ်ပြန်သော ဓာတ်ပုံ။ (ဓာတ်ပုံ - US Navy)

အမေရိကန်ရေတပ်သင်္ဘောတစ်စီးသည် အင်အားပြင်းလေဆာလက်နက်သစ် တစ်မျိုးအား စမ်းသပ်ခဲ့ပြီး ပျံဝဲနေသည့်ဒရုန်းယာဉ်တစ်စီးကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း စီအန်အန်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ပစိဖိတ်ရေတပ်မှထုတ်ပြန်သော ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များတွင် USS Portland စစ်သင်္ဘောပေါ်မှ ပစ်လွှတ်လိုက်သော လေဆာရောင်ခြည်သည် ပျံသန်းနေသောဒရုန်းယာဉ်တစ်ဦးအား မီးလောင်ကျွမ်းသွားစေသည်ကို တွေ့ရသည်။

လေဆာလက်နက်စနစ်စမ်းသပ်မှုအား မည်သည့်နေရာတွင် ဆောင်ရွက်ခဲ့သည်ကို ရေတပ်က အတိအကျမထုတ်ပြန်ခဲ့ပေ။ ပစိဖိတ်သမုဒ္ဒရာအတွင်း မေလ ၁၆ ရက်နေ့က စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းသာ ပြောကြားခဲ့သည်။

လက်နက်၏ပြင်းအားပမာဏကို ဖော်ပြမထားသော်လည်း နိုင်ငံတကာမဟာဗျူဟာ လေ့လာရေးဌာနမှ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ချက်တစ်ခုတွင် ၎င်းတို့သည် ၁၅၀ ကီလိုဝပ်ပြင်းအားရှိသည့် လေဆာလက်နက် ထုတ်လုပ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ဖော်ပြထားသည်။ ဤလက်နက်ဖြင့်ဆိုလျှင် လေတိုက်နှုန်း၊ အကွာအဝေး စသည့်အချက်များကို ထည့်တွက်စရာမလိုဘဲ အလင်း၏အမြန်နှုန်းဖြင့် ပစ်မှတ်ကို တိုက်ခိုက်နိုင်မည်ဟု ဆိုသည်။

လူမပါဘဲ မောင်းနှင်ပျံသန်းနိုင်သည့်ယာဉ်များ၊ ယာဉ်အငယ်စားများနှင့် ကြိုတင်စမ်းသပ်ထားခြင်းဖြင့် မိမိတို့သည် ဖြစ်ပေါ်လာနိုင်သည့် တိုက်ခိုက်မှုများအပေါ် လေဆာလက်နက်၏ လုပ်ဆောင်နိုင်စွမ်းကို ကြိုတင်သိရှိထားနိုင်မည်ဖြစ်ကြောင်း Portland သင်္ဘောကပ္ပတိန် ကယ်ရီဆန်းဒါးက ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

ယခုလက်နက်သစ်၏ အဆင့်မြင့်စွမ်းအင်ဖြင့် မိမိတို့သည့် ရေကြောင်းစစ်ပွဲကို တစ်ခေတ် ဆန်းသစ်စေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်စစ်တပ်သည် ကိုယ်ပိုင်လေဆာလက်နက် တီထွင်လျှက်ရှိပြီး ၃၀၀ ကီလိုဝပ်ပြင်းအားအထိ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။

အမေရိကန်ရေတပ်သည် အခြားသော လေဆာလက်နက်များကိုလည်း ၎င်း၏သင်္ဘောများတွင် အသုံးပြုမှုများရှိပြီး ယခင်က USS Ponce သင်္ဘောတွင် ပြင်းအား ၃၀ ကီလိုဝပ်ရှိသည့် လေဆာလက်နက်ကို အသုံးပြုဖူးသည်။