စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ရာကျော်ပါလာသည့် စက်လှေနှစ်စီး ဘင်္ဂလားဒေ့ရှ်သို့ ဝင်ခွင့်မရသဖြင့် နတ်မြစ်တွင်းမျောနေ

ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် စက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) က မဝင်ရောက်နိုင်အောင် တားမြစ်ခဲ့ပြီးနောက်တွင် ၁၄ ရက်နေ့ ညပိုင်းအထိ ၎င်းလှေနှစ်စင်းလုံး နတ်မြစ်တွင်း၌ မျောလျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

By Admin 15 Jul 2024

ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရှိ နတ်မြစ်တစ်နေရာ။ မှတ်တမ်းဓာတ်ပုံ - Dhaka Tribune
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ရှိ နတ်မြစ်တစ်နေရာ။ မှတ်တမ်းဓာတ်ပုံ - Dhaka Tribune

အာရက္ခတပ်တော်နှင့် မြန်မာစစ်တပ်အကြား တိုက်ပွဲများ ပြင်းထန်လျက်ရှိချိန်၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်ခန့် လိုက်ပါလာသည့် စက်လှေနှစ်စီးသည် နတ်မြစ်တွင်း၌ မျောနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း ဒါကာထရီဗျူးန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဇူလိုင်လ ၁၄ ရက်နေ့က ဘင်္ဂလားဒေ့ရှ်ဘက်သို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် အဆိုပါစက်လှေနှစ်စီးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGP) က မဝင်ရောက်နိုင်အောင် တားမြစ်ခဲ့ပြီးနောက်တွင် ၁၄ ရက်နေ့ ညပိုင်းအထိ ၎င်းလှေနှစ်စင်းလုံး နတ်မြစ်တွင်း၌ မျောလျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

၎င်းဖြစ်ရပ်နှင့် ပတ်သက်ပြီး BGP ဘက်က လက်ရှိအချိန်အထိ တစုံတရာ ထုတ်ပြန်ပြောကြားခြင်း မရှိသေးပေ။

အမည်မဖော်လို့သည့် နယ်စပ်လုံခြုံရေးဆိုင်ရာ အစိုးရအရာရှိတစ်ဦးကလည်း “မြန်မာဘက်မှာ တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မှာပဲ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေနဲ့ အခြားသော လုံခြုံရေး တပ်ဖွဲ့ဝင်တွေလည်း ပါဝင်တဲ့ အရေအတွက် တစ်ရာကျော်ခန့် လိုက်ပါလာတဲ့ စက်လှေနှစ်စီးဟာ နတ်မြစ်ထဲကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ကျူးကျော်ဝင်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်” ဟု ဒါကာထရီဗျူးန်ကို ဖြေကြားထားသည်။

တရားမဝင် ဝင်ရောက်ခြင်းများကို တားမြစ်နိုင်ရန်အတွက် နတ်မြစ်တွင်း၌ ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်နေသည်ဟုလည်း သူကပြောသည်။

နယ်စပ်တလျှောက် မြန်မာဘက်ခြမ်းတွင် ဇူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့ နံနက်မှ ညပိုင်းအထိ တိုက်ပွဲများ ပြင်းထန်နေပြီး ပစ်ခတ်သံများကိုလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ကျယ်လောင်စွာ ကြားနေရသည်ဟု သတင်းတွင် ဖော်ပြသည်။ 

“ညပိုင်းတုန်းက မြန်မာဘက်မှာ မီးလောင်ပြီး မီးခိုးတွေ ထွက်နေတာကို ဒီဘက်ဆိပ်ကမ်းက မြင်နေရတယ်” ဟု တက္ကနာဆိပ်ကမ်းသို့ ရောက်ရှိခဲ့သူ မိုဟာမက်ယူနွပ်ဆိုသူ တစ်ဦးက ဒါကာထရီဗျူးန်သို့ ပြောကြားသည်။

အဆိုပါဒေသတွင် နေထိုင်သူ နောက်တစ်ဦးကလည်း “မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်ထဲကို ဝင်ပြေးတဲ့သတင်းတွေ ကြားရတယ်။ မွတ်ဆလင်ဒုက္ခသည်တွေလည်း နယ်စပ်ဖြတ်ပြီး ဝင်ပြေးဖို့ ကြိုးစားနေကြတယ်” ဟု ပြောသည်။

တက္ကနာနယ်ခြားစောင့်တပ်ရင်း ၂ မှ ဦးစီးအရာရှိ တစ်ဦးဖြစ်သူ ဗိုလ်ကြီး မိုဟာမက်အူဒင်အာမက်က “ဒီနေ့ နယ်စပ်တလျှောက်က နေရာအများအပြားမှာ သေနတ်သံတွေ ကြားရပါတယ်။ ဒါပေမဲ့လည်း နယ်စပ်ကို ထပ်မံ ဖြတ်ကျော်လာသူ မည်သူမဆိုကို တားမြစ်နိုင်အောင်လို့ ကျွန်တော်တို့ သတိအပြည့်နဲ့ စောင့်ကြပ်နေပါတယ်” ဟု ဒါကာထရီဗျူန်းသို့ ယမန်နေ့က ဖြေကြားထားသည်။

ဗီဒီယိုများ