ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရရှိတဲ့ဒေသ ဘာကြောင့် ဖြစ်လာနိုင်တာလဲ

“ပြည်ပလွှမ်းမိုးမှုများမှ အထိုက်အလျောက် လွတ်ကင်းနေသည့် အာရက္ခတပ်တော်သည် မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အချုပ်အခြာအာဏာပိုင် နိုင်ငံငယ်တစ်ခု သီးခြားခွဲထုတ်မည့်ဟန် ရှိနေသည်။

By Admin 21 Sep 2024

မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော သံချပ်ကာကားများရှေ့တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk
မြန်မာစစ်တပ်ထံမှ သိမ်းပိုက်ရရှိထားသော သံချပ်ကာကားများရှေ့တွင် တွေ့ရသည့် AA တပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - AA Info Desk

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) အမြောက်အများ အပြင် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) လည်း ပါဝင်သော မြန်မာနိုင်ငံ၏ ရှုပ်ထွေးလှသည့် အခင်းအကျင်းတွင် အာရက္ခတပ်တော် (AA) သည် ၎င်း၏ ရည်ရွယ်ချက်ပန်းတိုင်ဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး၊ ထိုထက်ပိုပြောရလျှင် သီးခြားလွတ်လပ်သော နိုင်ငံ အဆင့်အထိ အမှန်တကယ် ရောက်နိုင်မည့် အခွင့်အလမ်းရှိထားသော အုပ်စုတစ်ခုအဖြစ် ပေါ်ထွက်လာသည်။ 

အာရကန် (အာရက္ခဒေသ) ဟုလည်း သိကြသည့် ရခိုင်ပြည်နယ်သည် မြန်မာစစ်တပ်၏ လွှမ်းမိုးမှုနှင့် ပြည်ပကြားဝင်စွက်ဖက်မှုတို့မှ လွတ်ကင်းသည့် မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝရသည့် ဒေသအဖြစ် ထွက်ပေါ်လာနိုင်ခြေ ရှိသည်ဟု ပြောရခြင်း၌ အဓိကကျသည့် အကြောင်းရင်းနှစ်ရပ် ရှိသည်။ ပထမအကြောင်းရင်းမှာ တစ်မူထူးကဲသည့် ခေါင်းဆောင်မှုနှင့် ရခိုင်လူထုကိုယ်တိုင်၏ စည်းလုံးညီညွတ်မှု ဖြစ်သည်။ ဒုတိယအကြောင်းရင်းမှာ ရခိုင်ပြည်နယ်၏ ပထဝီနိုင်ငံရေးအရ အရေးပါသည့် တည်နေရာဖြစ်သည်။ ဤတည်နေရာ အနေအထားကြောင့်ပင် ပြည်ပ၏ တိုက်ရိုက်ထိန်းချုပ်မှုကို ခုခံအားရှိနေခြင်း ဖြစ်သည်။

AA ကို (ဗိုလ်ချုပ်) ထွန်းမြတ်နိုင်နှင့် ရခိုင်မျိုးချစ်လူငယ် ၂၅ ဦးတို့က ၂၀၀၉ ခုနှစ်တွင် ကချင်ပြည်နယ်၌ ဖွဲ့စည်းခဲ့ကြသည်။ ဆယ်စုနှစ်တစ်ခုကျော်သာသာ အချိန်အတွင်း၌ ဤအုပ်စုသည် မြန်မာနိုင်ငံ၏ အင်အားအကြီးမားဆုံး တပ်ဖွဲ့များအနက် တစ်ဖွဲ့အဖြစ် ကြီးထွားသွားသည်။ ဗိုလ်မှူးချုပ်ညိုထွန်းအောင်နှင် ထွန်းမြတ်နိုင်တို့၏ ခေါင်းဆောင်မှုသည် “အာရက္ခနိုင်ငံတော်” အား ၎င်းတို့အခေါ် “အာရက္ခလမ်းစဉ်” မှတစ်ဆင့် ပြန်လည်အသက်သွင်းမည့် ရှင်းလင်းပြတ်သားသည့် မျှော်မှန်းချက်တစ်ရပ်ရှိသော အားကောင်းသည့် စစ်ရေးအဖွဲ့အစည်းတစ်ရပ် ဖန်တီးရာတွင် အခရာကျသည်။

၂၀၂၂ ခုနှစ်တွင် AA က စစ်သည်အရေအတွက် ၃၀,၀၀၀ ကျော် လေ့ကျင့်သင်ကြားပေးထားပြီး ဖြစ်ကြောင်း ပြောကြားခဲ့သလို အချို့ကလည်း AA သည် တိုက်ပွဲဝင်တပ်သား အင်အား ၄၀,၀၀၀ အထိရှိနိုင်ကြောင်း ခန့်မှန်းကြသည်။ အခြားသော EAO များထက် AA ကို တမူကွဲပြားသွားစေသည့် အချက်မှာ စည်းလုံးညီညွတ်သော လှုပ်ရှားမှုတစ်ရပ်ကို လှုံ့ဆော်စည်းရုံးနိုင်သည့် AA ခေါင်းဆောင်၏ စွမ်းရည်ပင် ဖြစ်သည်။ 

ရခိုင်ဒေသတွင် လွတ်လပ်ရေးအတွက် ကြိုးပမ်းမှုများသည် သမိုင်းအစဉ်အဆက် ရှိခဲ့သည်မှာ ဗမာကျူးကျော်မှုကြောင့် ၁၇၈၄ ခုနှစ်တွင် မြောက်ဦးထီးနန်း ကျဆုံးသွားသည့် အချိန်တည်းကဖြစ်ကာ ဗမာနှင့် ဗြိတိသျှတို့၏ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းမှုများကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရသည်။ ရှေ့လူများနှင့် မတူသည့်အချက်မှာ (ဗိုလ်ချုပ်) ထွန်းမြတ်နိုင်နှင့် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသည် ၎င်းတို့၏ လှုပ်ရှားမှုအတွင်းသို့ သက်ကြီးပိုင်းမျိုးဆက် ရခိုင်အမျိုးသားရေး တက်ကြွလှုပ်ရှားကြသူများကိုပါ အောင်မြင်စွာ ဆွဲဆောင်စည်းရုံး လိုက်နိုင်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် ရေရှည်မျှော်မှန်းချက် တစ်ရပ်အတွက် အာရုံစိုက်နှစ်မြှုပ်ထားကြသည့် ပိုမိုကျယ်ပြန့်သော ခေါင်းဆောင်မှုတစ်ရပ်ကို မျိုးဆက်များအကြား အပြန်အလှန် ချိတ်ဆက် တည်ဆောက်ထားနိုင်ကြသည်။ 

AA မြန်မြန်ဆန်ဆန် အားကောင်းသွားခြင်း၏ အဓိက အကြောင်းရင်းတစ်ရပ်မှာ လက်တွေ့ကျသည့် ခေါင်းဆောင်မှုစွမ်းရည် ဖြစ်သည်။  “Arakan Dream 2020” ၊ “ရက္ခိတလမ်းစဉ်” အစရှိသော ကြွေးကြော်သံများဖြင့် လွှမ်းခြုံပြီး ရေတိုပန်းတိုင်များကို ရေရှည်မျှော်မှန်းချက်များနှင့် အောင်မြင်စွာပေါင်းစပ် ထားနိုင်သည်မှာ ဤခေါင်းဆောင်မှုစွမ်းရည်ပင် ဖြစ်သည်။ ရှင်းလင်းသည့် လမ်းပြမြေပုံတစ်ရပ် ချပြနိုင်စွမ်း ရှိသည့်အတွက်ကြောင့် ၎င်းတို့နောက်မှ လိုက်ပါလာသူများအနေဖြင့် သူတို့၏ ခေါင်းဆောင်များ ဘာလိုချင်သည်ကို တိတိကျကျ သိထားပြီး အမြဲတမ်း အားသစ်လောင်းထားနိုင်သည်။ 

AA ၏ မျှော်မှန်းချက်ပန်းတိုင်ကို ထိထိရောက်ရောက် ရှင်းလင်းပြောကြားနိုင်စွမ်း ပေါင်းစပ်ထားသော အားကောင်းသည့် စည်းရုံးရေးစွမ်းရည်က အဖွဲ့ကို မြန်မာစစ်တပ်နှင့် ညှိနှိုင်းနိုင်စွမ်းသော်လည်းကောင်း၊ စစ်တပ်ကို ခုခံတော်လှန်နိုင်စွမ်းသော်လည်းကောင်း ရှိသော ယုံကြည်ထိုက်သည့် အင်အားစုတစ်ရပ် အဖြစ် ထွက်ပေါ်လာအောင် ပံ့ပိုးပေးထားခြင်း ဖြစ်သည်။

AA ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရသွားစေနိုင်သည့် ဒုတိယအကြောင်းရင်းမှာ ပထဝီနိုင်ငံရေးအရ နယ်မြေတည်ရှိမှု ဖြစ်သည်။ AA သည် အခြားသော EAO များနှင့်မတူဘဲ ပြည်ပပါဝါကြီးများထံတွင် အကြီးအကျယ် သြဇာလွှမ်းမိုးခံရခြင်း၊ သို့မဟုတ် ထိုပါဝါများကို အလွန်အကျွံ မှီခိုနေရခြင်းမျိုး မရှိပေ။ ၎င်း၏ မဟာမိတ်များ ဖြစ်ကြသည့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ကဲ့သို့ မြန်မာပြည်မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင် အများအပြားဆိုလျှင် တရုတ်၏ သိသာသော လွှမ်းမိုးမှုအောက်၌ လှုပ်ရှားလည်ပတ်နေရခြင်း ဖြစ်သည်။ 

ထိုအုပ်စုများသည် တရုတ်၏ ပထဝီနိုင်ငံရေး အကျိုးစီးပွားများအပေါ် မူတည်ပြီး ၎င်းတို့၏ လုပ်ဆောင်ချက်များကို ကန့်သတ်ရန် မကြာခဏဆိုသလို ဖိအားပေးခံရလေ့ရှိသည်။ ရှမ်းပြည်မြောက်ပိုင်း၌ မြန်မာစစ်တပ်အပေါ် ကြီးကြီးမားမား ထိုးစစ်ဆင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးကာလက ဆိုလျှင်လည်း ညီနောင်မဟာမိတ်များ ဖြစ်ကြသည့် TNLA ၊ MNDAA နှင့် AA တို့သည် သူတို့၏ စစ်ရေးလှုပ်ရှားမှုများကို တရုတ်ဖိအားကြောင့် အကြိမ်ပေါင်းများစွာ ရပ်ဆိုင်းခဲ့ရသည်။

ညီနောင်မဟာမိတ် အပါအဝင် အဖွဲ့အစည်း အများအပြားအတွက် လက်နက်များ လျှို့ဝှက် ထောက်ပံ့ပေးနေသလို မြန်မာပြည်ထဲမှ နိုင်ငံအဆင့်မဟုတ်သည့် အကြီးဆုံး လက်နက်ကိုင် အဖွဲ့အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ထားကြသည့် ‘ဝ’ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) သည်ပင်လျှင် တရုတ်၏ မဟာဗျူဟာ အကျိုးစီးပွား ဘောင်ခတ်မှုများ အတွင်းမှသာ လှုပ်ရှားနေခြင်း ဖြစ်သည်။

အခြားတစ်ဘက်တွင်မူ AA သည် အထူးအားဖြင့် ရခိုင်ပြည်နယ် အတွင်း၌ တရုတ်၏ ကြားဝင်စွက်ဖက်မှုများမှ အထိုက်အလျောက် လွတ်ကင်းစွာ လှုပ်ရှား၍ ရနေလေရာ UWSA ကပင် အားကျစရာ အနေအထားတစ်ရပ် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ AA သည် ၎င်း၏ မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေသည့် တချိန်တည်း၌ ရခိုင်ရေးရာများနှင့် ပတ်သက်လာလျှင် ဆုံးဖြတ်ချက်များကို လွတ်လွတ်လပ်လပ်သာ ကိုယ်တိုင်ချမှတ်သည်။ မကြာသေးမီကမှ ပြုလုပ်ထားသည့် အင်တာဗျူးတစ်ခု၌လည်း (ဗိုလ်ချုပ်) ထွန်းမြတ်နိုင်က တရုတ်သည် သူ့ကိုယ်ကျိုးစီးပွားအတွက်သာ သူဆောင်ရွက်သကဲ့သို့ AA သည်လည်း သူ့နည်းအတိုင်းပင် ကိုယ့်ကိုယ်ကျိုးစီးပွားအတွက်သာ လုပ်သည်ဟု ထောက်ပြထားသည်။ ဤသို့သော လွတ်လပ်မှုက AA ကို ရခိုင်အရေး၌ ပြည်ပပါဝါများကို ကြီးကြီးမားမား အရိပ်အကဲ ကြည့်မနေဘဲ ကိုယ်ပိုင်မဟာဗျူဟာ ချမှတ်နိုင်အောင် ခွင့်ပြုထားသည်။

ရခိုင်တွင် အဓိကအားဖြင့် ရပ်ဝန်းနှင့်လမ်း စီမံကိန်းမှတစ်ဆင့် တရုတ်၏ အကျိုးစီးပွားများ တည်ရှိနေသည့် တချိန်တည်း၌ အိန္ဒိယ၏ ပထဝီနိုင်ငံရေး  ပါဝင်ပတ်သက်မှုများမှာ ဤဒေသထဲတွင် ပို၍ပင် ကြီးမားနိုင်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ၏ တစိတ်တပိုင်းဖြစ်သော ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်အတွက် မလက္ကာရေလက်ကြားကို မသုံးဘဲ အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်ထွက်ပေါက် ရရှိစေမည် ဖြစ်သည်။ ဤ ဗျူဟာမြောက် ပင်လယ်ဆိပ်ကမ်းကိုသာ တရုတ်တို့ ထိန်းချုပ်ခွင့် ရသွားပါက ဒေသတွင်း၌ အိန္ဒိယအတွက် ကြီးမားသည့် အကျိုးဆုတ်ယုတ်မှုများ ထွက်ပေါ်လာမည်ကို အိန္ဒိယက စိုးရိမ်သည်။

ရခိုင်သည် အိန္ဒိယ၏ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း၌လည်း အရေးပါသည့်နေရာတွင် ရှိနေပြန်သည်။ ဤစီမံကိန်းသည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းမှသည် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေရှိ ပင်လယ်ဆိပ်ကမ်းမှ တစ်ဆင့် ဘင်္ဂလားပင်လယ်အော်ကို ဖြတ်သန်းပြီး အိန္ဒိယ၏ အခြားအစိတ်အပိုင်းများနှင့် ချိတ်ဆက်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ “အိန္ဒိယညီအစ်မခုနစ်ဖော်” ဟုလည်း သိကြသည့် အိန္ဒိယ အရှေ့မြောက် ပြည်နယ်များကို ပြည်မကြီးနှင့် ဆက်သွယ်ထားသည်မှာ အနောက်ဘန်ဂေါပြည်နယ်ရှိ ကုန်းမြေ ခပ်ကျဉ်းကျဉ်း တစ်နေရာတည်းသာ ရှိသည်။ ကြက်လည်ပင်း (ရှီလီဂူရီ / ဆီလီဂူရီ ကော်ရစ်ဒါ - Siliguri Corridor) ဟု ခေါ်ကြသည့်နေရာ ဖြစ်သည်။ အဆိုပါ လမ်းကျဉ်း ပိတ်သွားသည်နှင့် နယူးဒေလီသည် ၎င်း၏ပိုင်နက် ဧရိယာပြင်ကြီးနှင့် ကုန်းမြေချင်း တိုက်ရိုက်ဆက်စပ်မှု ဆုံးရှုံးရပြီ ဖြစ်ရာ စကတည်းက အားနည်းနှင့်ပြီးသား နေရာလည်း ဖြစ်နေပေသည်။

သို့အတွက်ကြောင့် အိန္ဒိယအဖို့ကလည်း ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်းကို အသုံးပြုခွင့် ဆုံးရှုံးခြင်းသည် ကြီးမားသည့် နောက်ပြန်ဆုတ်မှုကြီးတစ်ရပ် ဖြစ်ရာ နယူးဒေလီအနေဖြင့် အဆိုပါဒေသတွင်း၌ တရုတ် သို့မဟုတ် မည်သည့် ပါဝါကိုမှ လွှမ်းမိုးခွင့်ပြုမည် မဟုတ်လောက်ပေ။ ရခိုင်ကို မည်သူထိန်းချုပ်သည်ဖြစ်စေ ထိုနေရာတွင် အကျိုးစီးပွားများ ပါဝင်ပတ်သက်နေသည့် တရုတ်နှင့် အိန္ဒိယ နှစ်နိုင်ငံလုံးက ကောင်းမွန်သော ဆက်ဆံရေးဖြင့် ချိတ်ဆက် ထားကြမည်သာ ဖြစ်ရာ ဤကဲ့သို့ ပထဝီနိုင်ငံရေး အခင်းအကျင်းသည် AA အတွက် အင်အားဖြစ်စေသည်။

ဤအချက်များကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော ကိုယ်ပိုင်အုပ်ချုပ်ခွင့် အပြည့်အဝ ရရှိသည့် ဒေသ ဖြစ်လာနိုင်သည့် အခြေအနေတွင် ကျကျနန ရှိနေခြင်း ဖြစ်သည်။ AA ၏ အားကောင်းသော ခေါင်းဆောင်မှုကလည်း အဆိုပါဒေသ၏ ရှုပ်ထွေးသော ပထဝီနိုင်ငံရေး အခင်းအကျင်းကြား၌ လမ်းကြောင်းမှန်မှန် မောင်းနှင်နိုင်စွမ်းကို ဆထက်တိုးသွားစေသည်။ ထို့ကြောင့်ပင် မြန်မာနိုင်ငံရှိ အခြား တိုင်းရင်းသား အုပ်စုများနှင့် မတူဘဲ ကွဲပြားနေခြင်း ဖြစ်သည်။ ကိုယ်ပိုင်အုပ်ချုပ်ရေး လမ်းကြောင်းသည် စိန်ခေါ်မှုအတိပြီးနေသော်လည်း မြန်မာစစ်တပ်၏ ထိန်းချုပ်မှုနှင့် ပြည်ပ လွှမ်းမိုးမှုကို ခုခံတွန်းလှန်နိုင်စွမ်းရှိသည့် AA ၏ တမူထူးသည့် အရည်အချင်းကြောင့် ရခိုင်အတွက် အနာဂတ် အသစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ရန် အခွင့်အလမ်းတစ်ရပ် ရရှိနေခြင်း ဖြစ်သည်။

ကမ္ဘာကြီးအနေဖြင့် ရခိုင်တို့၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး ခရီးရှည်ကြီး တစ်စစ ရုပ်လုံးပေါ်လာသည်ကို သတိထား စောင့်ကြည့်သင့်သည်။ ဤဖြစ်စဉ်က မြန်မာနိုင်ငံကိုသာမက ပိုမိုကျယ်ပြန့်သည့် အရှေ့တောင်အာရှ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းကိုပါ ပြောင်းလဲပုံဖော်နိုင်ခြေ ရှိနေသောကြောင့် ဖြစ်သည်။

The Diplomat တွင်ဖော်ပြထားသော Why Rakhine State Could Become Myanmar’s First Truly Autonomous Region ကို ဘာသာပြန်ပါသည်။ ဆောင်းပါးရှင် Mung Siam Kim သည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် စစ်ပွဲအလွန် နိုင်ငံတည်ဆောက်ရေးကို အထူးပြု လေ့လာနေသော နိုင်ငံရေးသုတေသီ တစ်ဦးဖြစ်သည်။