- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
- ရခိုင်ရေပိုက်နက်ထဲသို့ ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ခိုးဝင် ငါးဖမ်းမှု များပြားလာ
- တောင်ကုတ် စကခ (၅) ဌာနချုပ်ကို AA စတင်ထိုးစစ်ဆင်
- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
လှိုင်းတံပိုးထန်သည့် မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု လိုအင်
ယူကေသည် လက်ရှိအချိန်၌ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားသည်။ ယူကေအစိုးရက သံရုံးယာယီတာဝန်ခံအား ပုံစံတစ်မျိုးမျိုးဖြင့် အသိအမှတ်ပြုခဲ့ပါက ယူကေ၏ လက်ရှိရပ်တည်ချက်နှင့် ကိုက်ညီဦးမည်လား။ ယူကေလူထုက ဤလုပ်ရပ်ကို လက်ခံမည်လား။ ယခုလို သံတမန်ရေးရာ ခွထိုင်ခြင်းက မြန်မာအပေါ် အခြားနိုင်ငံများ၏ သံတမန် ဆက်ဆံရေးကို မည်ကဲ့သို့ သက်ရောက်မည်နည်း။
06 Aug 2021
DMG ၊ သြဂုတ် ၆
စောသန္တာအေး ဘာသာပြန်ဆိုသည်။
ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်သစ်အဖြစ် ပစ်ဗောင်းလက်စ်ကို ခန့်အပ်လိုက်ကြောင်း ဇူလိုင်လ ၂၃ ရက်နေ့တွင် ကြေညာခဲ့သည်။ တစ်ရက်တည်းတွင်ပင် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးတွင် သံရုံးတာဝန်ခံအသစ် ခန့်အပ်မှုအသိပေးစာကို လက်ခံရရှိကြောင်းလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ယခုကိစ္စသည် ပြီးခဲ့သော ဧပြီလအတွင်း ယူကေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းအား သံရုံးဝန်ထမ်းများက ရုံးတွင်းသို့ အဝင်မခံဘဲ ပိတ်ထားခဲ့သည့်ဖြစ်ရပ်၏ နောက်ဆက်တွဲ ဖြစ်သည်။
ထိုစဉ်တည်းက မြန်မာစစ်တပ်က ခန့်အပ်သည့် သံအမတ်အသစ်အား ယူကေအစိုးရက အသိအမှတ်ပြုမည်လား၊ အသိအမှတ်ပြုခဲ့မည် ဆိုလျှင်လည်း ထိုလုပ်ရပ်သည် မြန်မာစစ်တပ်က ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တရားဝင် အသိအမှတ်ပြုသည့်သဘော ဖြစ်သွားနိုင်သလား ဟူသည့် တွက်ချက်မှုများ ရှိနေခဲ့သည်။
ဖြစ်သွားနိုင်သည် ဆိုပါက ဖေဖော်ဝါရီလ အာဏာသိမ်းမှုတွင် ဖြုတ်ချခံလိုက်ရသည့် ရွေးကောက်ခံ လွှတ်တော်အမတ်များဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အတွက် မည်ကဲ့သို့ သဘောသက်ရောက်မှု ရှိနိုင်သနည်း ဟူသောမေးခွန်းလည်း ရှိလာပြန်သည်။
နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် ကြိုးပမ်းချက်များ
မြန်မာစစ်တပ်သည် ၎င်းဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် အခါခါ ကြိုးစားနေသော်လည်း ပြည်တွင်း၌ ကန့်ကွက်မှုများ ကြုံတွေ့နေရသည်။ စစ်တပ်ဦးဆောင်သည့် အုပ်ချုပ်ရေးကို ဆန့်ကျင်သော ဆန္ဒထုတ်ဖော်မှုများလည်း လက်ရှိအချိန်အထိ ရှိနေဆဲဖြစ်သည်။
‘ငြိမ်းချမ်းသော အဖြေတစ်ခု လိုအပ်နေသည်’ ဟူသည့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ အသက်မပါသော ရပ်တည်ချက်မှာလည်း ယခုအချိန်အထိ အပြောင်းအလဲ မရှိသေးပေ။ ထို့အတွက်ကြောင့်ပင်မြန်မာ့အရေးသည် ဖြစ်ထွန်းတိုးတက်မှု မရှိသလောက် ဖြစ်နေရသလားဟု စဉ်းစားစရာ ရှိသည်။
ကုလသမဂ္ဂသည် မြန်မာ့ပဋိပက္ခအတွက် ဘုံသဘောတူညီချက်တစ်ရပ် မရနိုင် ဖြစ်နေသည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံအကြား ရရှိထားသည့် တစ်ခုတည်းသော သဘောတူညီချက်မှာ မြန်မာ့အရေးအတွက် အာဆီယံဦးဆောင်သည့် လုပ်ငန်းစဉ်ကို နိုင်ငံတကာက အားပေးကူညီသင့်သည် ဆိုသည့် ကြေညာချက်တစ်ရပ်သာ ဖြစ်သည်။
မြန်မာ့အရေးအတွက် အထူးစိုးရိမ်ပူပန်မှု ပြသခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်သည်လည်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ ရပ်တန့်ရေးနှင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရေးအတွက် အရေးတယူ ဆောင်ရွက်ကြရန် အာဆီယံအဖွဲ့အား ဇူလိုင်လလယ်ပိုင်းက ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတစ်ရပ်တွင် သာမန်ကာလျှံကာ တိုက်တွန်းရုံသာ ရှိခဲ့သည်။
ဤအခြေအနေများသည် ထွက်ပေါက်မရှိသော အနေအထားသို့ ဦးတည်နေရုံ သာမက နိုင်ငံတကာ အစိုးရများအနေဖြင့် မြန်မာစစ်တပ်၏ အုပ်ချုပ်မှုပုံစံအား လက်ရှိအခြေအနေများ၌ မည်ကဲ့သို့ ကိုင်တွယ်ရမည်ဆိုသည့် စိန်ခေါ်မှုအသစ်များလည်း ပေါ်ပေါက်စေသည်။
အစိုးရများသည် ကမ္ဘာလုံးဆိုင်ရာ သံခင်းတမန်ခင်းနှင့် မိမိတို့နိုင်ငံ၏ လက်တွေ့အကျိုးစီးပွားကို ဦးစားပေး တွက်ချက်ရသည့် လက်တွေ့နိုင်ငံရေးကို လျှောက်လှမ်းကြသည်နှင့်အမျှ မြန်မာနှင့် ဆက်စပ်ဆောင်ရွက်ရမှုများတွင် စေ့စေ့စပ်စပ် အရေးတယူ စောင့်ကြည့်မှုများ အားလျော့လာရသည်။
ချောင်ပိတ်မိနေသော မြန်မာ့အရေးကြောင့် မြန်မာအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ရပ်တည်ချက်များသည် အထိမခံ ဖြစ်နေရသည်။
ဤအချက်များကြောင့်ပင် လက်ရှိ မြန်မာနှင့် ယူကေ ဆက်ဆံရေး၊ ဧပြီလအတွင်းက ကျင်းပခဲ့သည့် အာဆီယံထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ပါဝင်မှုပုံစံတို့အပေါ် အရေးတယူ စောင့်ကြည့်နေရခြင်း ဖြစ်သည်။
ဤအချက်များ အားလုံးသည် အသိအမှတ်ပြုမှု၊ သဘောထားအမြင်၊ မည်သူတို့ကိုယ်စား မည်သူတို့က မည်မျှအတိုင်းအတာအထိ ကိုယ်စားပြုပြောနိုင်သနည်းဆိုသည့် အသိအမှတ်ပြုမှု နိုင်ငံရေးသာမက ဤလုပ်ရပ်များကြောင့် မြန်မာပြည်သူလူထု ထိခိုက်နစ်နာနိုင်သလား ဆိုသည့် အချက်ဆီသို့ ဦးတည်သွားသည်။
ခွထိုင်နိုင်ငံရေး
သံတမန်လောကတွင် မသိမသာကွဲပြားချက်များသည် အရေးပါသည်။ နိုင်ငံများသည် အုပ်ချုပ်သူ အစိုးရများကို အသိအမှတ်ပြုခြင်းမဟုတ်ဘဲ နိုင်ငံတော်ကိုသာ အသိအမှတ်ပြုခြင်း ဖြစ်သည် ဟူသည့် အချက် ရှိသော်လည်း အခြားတစ်ဘက်တွင် သံတမန်ရေးအရ လုပ်ဆောင်ရသည်များသည် ရှိနေသည်။
ဤအချက်များကြောင့် နိုင်ငံများသည် သံတမန်ဆက်ဆံရေးတွင် ဆုတ်လွယ်တက်လွယ် အနေအထား ရှိထားကြသည်။ အထူးသဖြင့် စစ်တပ်က အာဏာကို ထိန်းချုပ်လိုက်ပြီးနောက် ထိုနိုင်ငံရှိ ပြည်သူများကိုယ်တိုင်နှင့် နိုင်ငံတကာမျက်နှာစာတွင် တရားဝင်မှု အားနည်းနေသည့် နိုင်ငံမျိုးနှင့် ဆက်ဆံရချိန်တွင် ဖြစ်သည်။
သို့သော် သံတမန်လောကနှင့် အရပ်သားအကြား ကွာဟမှုသည် ဆုံးခန်းတိုင်သွားပြီဖြစ်သည်။ သံတမန်ခန့်အပ်ခြင်းအား ပြင်ပမှ အသိအမှတ်ပြုမှုသည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရအား မျက်ကွယ်ပြုကာ မြန်မာစစ်တပ်အား နိုင်ငံကို အုပ်ချုပ်သူအဖြစ် အသိအမှတ်ပြုလိုက်ခြင်းသာ ဖြစ်သည်ဟု လူအများအပြားက ရှုမြင်ကြသည်။
သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ၁၉၆၁ ဗီယင်နာသဘောတူညီချက်အရ သံအမတ်ကြီးများ ခန့်အပ်လျှင် သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံ၏ အသိအမှတ်ပြုမှု ရယူရမည် ဖြစ်သည်။ သို့သော်လည်း သံအမတ်ကြီးရာထူး လက်အောက်ခံ ရာထူးများအတွက် ဆိုလျှင် အိမ်ရှင်နိုင်ငံ၏ အသိအမှတ်ပြုမှု ရယူရန် မလိုအပ်ပေ။
ယူကေအတွက် မြန်မာစစ်တပ်က ခန့်အပ်လိုက်သည့် သံရုံး ယာယီတာဝန်ခံ ရာထူးသည် ယူကေအစိုးရ၏ တရားဝင် အတည်ပြုချက် ရယူရမည့် အဆင့်ကို ဖြတ်ကျော်ရန် မလိုအပ်ဘဲ ပြီးဆုံးသွားနိုင်သည်။
အသစ်ခန့်အပ်သူမှာ လက်ရှိတွင် မြန်မာပြည်တွင်း၌ ရှိနေဆဲဖြစ်ပြီး ယူကေဗီဇာ လိုအပ်နေသေးသည်။ မြန်မာသည် ကိုဗစ်-၁၉ အနီရောင်အဆင့် သတ်မှတ်ခံထားရသည့် နိုင်ငံဖြစ်သည်။ လက်ရှိတွင် ဗြိတိန်နိုင်ငံသားများ၊ အိုင်ယာလန်နိုင်ငံသားများ သို့မဟုတ် ယူကေတွင် နေထိုင်ခွင့် ရရှိထားသည့် ခရီးသွားများသာ ယူကေသို့ ဝင်ရောက်ခွင့်ရှိသည်။
ထို့ကြောင့် စစ်တပ်ခန့်အပ်သည့် ယာယီသံမှူးသည် လန်ဒန်တွင် မြန်မာသံရုံး ယာယီတာဝန်ခံ ရာထူးကို ရယူအတွက် ယူကေအစိုးရ၏ တရားဝင် ဗီဇာခွင့်ပြုချက်ကို လိုအပ်ဦးမည် ဖြစ်သည်။
မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအား နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေကြချိန်၌ ယူကေအစိုးရ၏ ကိုင်တွယ်ဖြေရှင်းပုံသည် အချေအတင် ငြင်းခုံစရာ ဖြစ်လာနိုင်သည်။
ယူကေသည် လက်ရှိအချိန်၌ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားသည်။ ယူကေအစိုးရက သံရုံးယာယီတာဝန်ခံအား ပုံစံတစ်မျိုးမျိုးဖြင့် အသိအမှတ်ပြုခဲ့ပါက ယူကေ၏ လက်ရှိရပ်တည်ချက်နှင့် ကိုက်ညီဦးမည်လား။ ယူကေလူထုက ဤလုပ်ရပ်ကို လက်ခံမည်လား။ ယခုလို သံတမန်ရေးရာ ခွထိုင်ခြင်းက မြန်မာအပေါ် အခြားနိုင်ငံများ၏ သံတမန် ဆက်ဆံရေးကို မည်ကဲ့သို့ သက်ရောက်မည်နည်း။
မြန်မာ့ပဋိပက္ခအပေါ် ထားရှိသည့် အာဆီယံ၏ သံတမန်ဆက်ဆံရေး အတွက် ဂယက်ရိုက်ခတ်မှုများ
အာဆီယံအဖွဲ့ကြီးသည်လည်း ပြီးခဲ့သော ဧပြီလတွင် ပုံစံတူ စိန်ခေါ်မှုကို ကြုံတွေ့ခဲ့ရသည်။ အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို့ မြန်မာစစ်တပ်၏ ကိုယ်စားလှယ်အား ခေါ်ယူတွေ့ဆုံခြင်းသည် မြန်မာစစ်တပ်အား နိုင်ငံကို အုပ်ချုပ်ရသော အစိုးရအဖြစ် အသိအမှတ်ပြုရာ ရောက်သွားသည့်အချက် ဖြစ်သည်။
နောက်ဆုံး၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရာထူးဖြင့် အစည်းအဝေးသို့ တက်ရောက်ခဲ့ရပြီး အစိုးရအဖွဲ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ခံခဲ့ရခြင်း မရှိခဲ့ပေ။
ဤအချက်ကြောင့် မြန်မာစစ်တပ်သည် အဓိကနေရာများနှင့် အုပ်ချုပ်ရေးအဆောက်အအုံများကို ကိုင်တွယ် အုပ်ချုပ်နေသော်လည်း နိုင်ငံတကာမျက်နှာစာ၌ တရားဝင် မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုခံရခြင်း မရှိသည်ကို ပြသနေသည်။
ဤကဲ့သို့ သံတမန်ခွထိုင်သည့် လုပ်ရပ်ဖြင့် အာဆီယံသည် မြန်မာ့အရေးကို ဖြေရှင်းရန် ကနဦး သဘောတူညီမှု ရထားသော်လည်း ချောင်ပိတ်မိနေသော အနေအထားကိုတော့ ကျော်ဖြတ်ရဦးမည် ဖြစ်သည်။
အာဆီယံခေါင်းဆောင်များ ဂျာကာတာတွင် လူချင်းတွေ့ဆုံပြီး အထူးအစည်းအဝေးကျင်းပ ဆွေးနွေးခဲ့သည်မှာ သုံးလ ကျော်လွန်လာပြီ ဖြစ်သည်။ သို့သော် ဘုံသဘောတူညီချက် ငါးရပ်အနက် တစ်ခုဖြစ်သည့် မြန်မာ့အရေး အထူးကိုယ်စားလှယ်အဖွဲ့ ခန့်အပ်ရမည့် အချက်ကို ယခုတိုင် အကောင်အထည် မဖော်နိုင်သေးပေ။
အာဏာသိမ်းမှု ၆ လခန့် ကြာမြင့်လာသည့်အချိန်၌ မြန်မာနိုင်ငံတွင် အသတ်ခံရသူ ၉၀၀ ဝန်းကျင်၊ ဖမ်းဆီးခံထားရသူ ၅၃၀၀ ခန့် ရှိလာပြီဖြစ်သည်။ မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ဘေးကိုလည်း ရင်ဆိုင်နေရပြီး ပြည်သူအများအပြားမှာ လိုအပ်သော ဆေးဝါးကုသမှုကို မရရှိကြပေ။
ကာကွယ်ဆေးနှင့် ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာအချို့ကို တရုတ်၊ အီးယူနှင့် ဂျပန်ထံမှ ရရှိဦးမည် ဖြစ်သော်လည်း လုံလောက်မှုမရှိသလို လိုအပ်နေသူများထံသို့ အချိန်မီ ရောက်နိုင်မည်
မဟုတ်ပေ။ စားသောက်ကုန် ဈေးနှုန်းများ မြင့်တက်နေသည်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားသဖြင့်လည်း လူထုအနေဖြင့် လိုအပ်ချက်များကို လက်လှမ်းမမီနိုင် ဖြစ်နေရသည်။
သိမ်မွေ့သည့် သံတမန်ချည်းကပ်မှုတစ်ရပ် ချမှတ်ခြင်း
မြန်မာနိုင်ငံတွင် စစ်တပ် အာဏာသိမ်းမှုနှင့် ကိုဗစ် ကပ်ဘေးကြီးတို့၏ နောက်ဆက်တွဲ အခြေအနေဆိုးများကို ရင်ဆိုင်လာရသည်နှင့်အမျှ မြန်မာလူထုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းဘက်၏ ကူညီတုံ့ပြန်နိုင်စွမ်းအပေါ် မေးခွန်းများ ထပ်မံ ထွက်ပေါ်လာဦးမည် ဖြစ်သည်။
အဆိုပါဖိအားများသည် အာဆီယံအပေါ် ပိလာပြီး အာဆီယံသည် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် တွန်းအားပေးခံရမည် ဖြစ်သည်။ မြန်မာစစ်တပ် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေသော ယူကေကဲ့သို့ နိုင်ငံများအပေါ်တွင်လည်း ဤဖိအားများ ပိလာမည်သာ ဖြစ်သည်။
ဤနိုင်ငံများ အနေဖြင့် မြန်မာနိုင်ငံရှိ ပိုမိုဆိုးရွားလာနေသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများအား တုံ့ပြန်ယင်းဖြင့် တစ်ချိန်တည်းတွင် မြန်မာစစ်အုပ်စုနှင့် သံတမန်ဆက်ဆံရေးကို မည်ကဲ့သို့ ထိန်းညှိကြမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။
မြန်မာပြည်သူလူထုသည် ဤဘေးအန္တရာယ်များကို ကြံ့ကြံ့ခံနေသော တစ်ချိန်တည်း၌ သူတို့၏ ဘဝများနှင့် ရင်းထားရသည့် အသိအမှတ်ပြုမှု နိုင်ငံရေးအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အိမ်နီးချင်း နိုင်ငံများ၏ စိတ်ပါဝင်စားမှု လျော့ကျမသွားစေရေးကို သေချာပေါက် မျှော်လင့်လျက်ရှိကြမည် ဖြစ်သည်။
နိုင်ငံများအနေဖြင့် ၎င်းတို့၏ အကျိုးစီးပွားအတွက် သိမ်မွေ့သော ကွဲပြားမှုများဖြင့် ကမ္ဘာ့သံခင်းတမန်ခင်းကို ပုံဖော်နေကြချိန်၌ မြန်မာအတွက် နိုင်ငံရေးအဖြေတစ်ရပ် ရှာဖွေပေးရေး၊ မြန်မာလူထုကို ကူညီထောက်ပံ့ပေးရေး တို့အတွက် ထိရောက်တည်ငြိမ်သည့် လုပ်ငန်းစဉ်တစ်ရပ် ကြံဆကာ ခွထိုင်မှုများအား ထိန်းညှိရန်လည်း အရေးတကြီး လိုအပ်လျက် ရှိနေပြီဖြစ်သည်။
စောသန္တာအေး
(စင်္ကာပူ နန့်ယန်းနည်းပညာတက္ကသိုလ်မှ ဒေါက်တာ Dr Alistair D B Cook နှင့် ပါမောက္ခ Mely Caballero-Anthony တို့ ပူးတွဲရေးသားပြီး CNA သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သဘောထားအမြင် ဆောင်းပါး “Should the UK recognise a new Myanmar diplomat appointed by the junta?” ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်။)