မြန်မာဘက်ကပစ်လျှင် ဘင်္ဂလားဒေ့ရှ်ကလည်း ပြန်ပစ်မည်ဟု မြန်မာစစ်တပ်နှင့် အေအေကို ဘင်္ဂလားဒေ့ရှ် သတိပေး

ပြည်ထဲရေးဝန်ကြီးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်တစ်ခုအား ဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 20 Jun 2024

၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးရုံး၌ သတင်းထောက်များအား ဖြေကြားနေသည့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆက်အူဇမန် ခန် ကာမေးလ်။ ဓာတ်ပုံ - Bangla Tribune
၂၀၂၄ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးရုံး၌ သတင်းထောက်များအား ဖြေကြားနေသည့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆက်အူဇမန် ခန် ကာမေးလ်။ ဓာတ်ပုံ - Bangla Tribune

မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော် နှစ်ဖွဲ့လုံးအား ဘင်္ဂလားဒေ့ရှ်ဘက်သို့ မပစ်ရန်နှင့် ပစ်ခတ်လာပါက ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း တုံ့ပြန်မည်ဟု သတိပေးထားကြောင်း ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာဆက်အူဇမန် ခန် ကာမဲလ်က ယနေ့ ပြောကြားလိုက်သည်။

ပြည်ထဲရေးဝန်ကြီးရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်တစ်ခုအား ဝန်ကြီးက ယခုကဲ့သို့ မှတ်ချက်ပြု ဖြေကြားခဲ့ခြင်း ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

“တခါတခါ မြန်မာစစ်တပ်၊ တခါတခါကျတော့လည်း အာရက္ခတပ်တော်က လှမ်းပစ်ပါတယ်။ သူတို့ပစ်ရင် ကျွန်တော်တို့လည်း ပြန်ပစ်မယ်လို့ နှစ်ဖွဲ့လုံးကို ကျွန်တော်တို့ ပြောထားပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။

အေအေသည် ရခိုင်ပြည်နယ်တွင် ဧရိယာအများအပြားကို သိမ်းပိုက်လျက်ရှိရာ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အကာအကွယ် ရယူရန်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ပြေးမှုများ ရှိသည်ဟု ဝန်ကြီးက ပြောကြားသည်။

“အဲဒီဘက်က အခြေအနေတွေ ဘယ်လိုရှိသလဲတော့ အတိအကျ မပြောနိုင်ပါဘူး။ … ဒါပေမဲ့ ကျွန်တော်တို့ရဲ့ နယ်ခြားစောင့်တပ်ကို သူတို့ဘက်က တခါတခါ မှားယွင်းပစ်ခတ်တာတွေ ရှိတာကိုတော့ အတည်ပြုနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အလံကို မြင်ရင် မပစ်ကြဖို့ သူတို့ကို ကျွန်တော်တို့ အကြောင်းကြားထားပါတယ်” ဟု ပြည်ထဲရေးဝန်ကြီးက ပြောသည်။

ဘင်္ဂလားဒေ့ရှ်ဘက်တွင် ရှိနေသည့် ရေလမ်းကြောင်းအချို့ ဆုံးရှုံးသွားသဖြင့် တက်ကနာမှ စိန့်မာတင်ကျွန်းသို့ သွားရာလမ်းကြောင်းအပေါ် သက်ရောက်မှုရှိနေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောသည်။ သို့အတွက် မြန်မာပိုင်နက်ဘက်မှ ဖြစ်သွားရသည်များရှိရာ ယခုပြဿနာကို ပိုဆိုးရွားစေလျက်ရှိသည်ဟုလည်း သူက ပြောသည်။

“အပစ်အခတ်တွေ ထပ်ဖြစ်မလာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့လည်း အဲဒီဘက် လမ်းကြောင်းတွေကနေ ခရီးသွားရင် သတိထားရပါလိမ့်မယ်” ဟုလည်း ဝန်ကြီးက ပြောသည်။

ဗီဒီယိုများ