မြန်မာအပေါ်ထားသည့် ဘင်္ဂလားဒေ့ရှ်၏ မူဝါဒကို ပြန်သုံးသပ်သင့်ပြီ
မြန်မာသည် ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်ကာ အကြမ်းဖက်နေသည့်အတွက် ၎င်းကိုလက်နက် ရောင်းချခြင်းက တားဆီးရန် နိုင်ငံများကို ကုလသမဂ္ဂက မကြာသေးမီက တောင်းဆိုခဲ့သည်။
24 Sep 2022
ဘင်္ဂလားဒေ့ရှ်ပိုင်မြေပြင်နှင့် လေကြောင်းပိုင်နက်ကို နိုင်ငံတွင်းပဋိပက္ခ ဖြစ်ပွားနေသည့် အိမ်နီးချင်း မြန်မာနိုင်ငံက လွန်ခဲ့သည့်ရက်သတ္တပတ်များအတွင်း အကြိမ်ကြိမ် ချိုးဖောက်ဝင်ရောက်မှုနှင့် စပ်လျဉ်း၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို စတုတ္ထအကြိမ်အဖြစ် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့သည်။
ပြည်တွင်းစစ်တစ်ခုကို ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံဘက်မှ လက်နက်ကြီးကျည်များသည် ပြီးခဲ့သည့် သြဂုတ်လကတည်းက ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ကျရောက်နေခြင်းဖြစ်သည်။ စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာဘက်က ပစ်လွှတ်လိုက်သည့် လက်နက်ကြီးကျည်တစ်ခု မွတ်ဆလင်ဒုက္ခသည်စခန်း တစ်ခုတွင်းသို့ ကျရောက်ပေါက်ကွဲ ပြီးနောက် ၅ ဦးဒဏ်ရာရခဲ့ပြီး ၁၈ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးခဲ့ရသည်။ ထို့အပြင် မြန်မာ စစ်လေယာဉ်နှင့် ရဟတ်ယာဉ်များသည် ဘင်္ဂလားဒေ့ရှ် လေပိုင်နက်အတွင်းသို့ စက်တင်ဘာလ ၃ ရက်နေ့ အစောပိုင်းက ဝင်ရောက်လာပြီး ဘင်္ဂလားဒေ့ရှ် ဘက်မှနေ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် နယ်ခြားစောင့်တပ်ဖွဲ့ (Border Guard Bangladesh-BGB) ကတပ်လှန့်ခဲ့ရသည်။
မြန်မာစစ်တပ်၏ ရန်စလှုံ့ဆော်မှုများတွင် ဘင်္ဂလားဒေ့ရှ်သည် အငိုက်မမိဘဲ ထိန်းချုပ်သည်းခံကာ ကိုင် တွယ်ဆောင်ရွက်ပုံကို ချီးကျူးရမည်ဖြစ်ကာ ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေး ရင့်ကျက်မှုကို ပြသနေသည့် ဖြစ်ရပ်တစ်ခုဖြစ်သည်။ အစိုးရအနေဖြင့် ပြီးခဲ့သည့် တိုးတက်မှုများကို ယခုတိုက်ခိုက်မှုနောက်ကွယ်က အကြောင်းရင်းများကို ပိုမိုနားလည်ရန်နှင့် စနစ်တကျ ကျိုးကြောင်းလျော်ညီစွာ ပြန်လည်စစ်ဆေးသုံး သပ်ရန် အချိန်ကျနေပြီဖြစ်သည်။ ပစ်ခတ်မှုများနှင့် လက်နက်ကြီးကျည် ကျရောက်မှုများသည် တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) အကြား တိုက်ခိုက်မှုကြောင့်လော သို့မဟုတ် ထိုဖြစ်ရပ်များ၏ နောက်ကွယ်တွင် ပိုမိုရက်စက်ယုတ်မာမည့် အကြောင်းရင်းများ ရှိနေသလော။ မြန်မာနိုင်ငံတွင် ကျန်ရှိ သည့် မွတ်ဆလင်များကို ဖယ်ရှားရှင်းလင်းမည့် နောက်ထပ်ကြိုးပမ်းမှုတစ်ခု ဖြစ်နိုင်သလော။
ဒီမိုကရေစီစိုးမိုးမှု မရှိသည့် လက်ရှိအချိန်တွင် မြန်မာအာဏာသိမ်းစစ်တပ်သည် ပြည်သူများ၊ သို့မဟုတ် နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးအပေါ် ယခုလုပ်ရပ်အတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိမည်မဟုတ်ပေ။ စစ်တပ်အနေဖြင့် ပြည်တွင်း၊ ပြည်ပမူဝါဒနှစ်ရပ်လုံးတွင် ဆက်လက်ဆိုးဝါးစွာ ပြုမူနေဦးမည့် အလားအလာရှိနေပြီး ဒေသတွင်းတည်ငြိမ်ရေးနှင့် စပ်လျဉ်းပြီး ဆိုးကျိုးသက်ရောက်မှုများ ဖြစ်လာနိုင် သည်။
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်တစ်လျှောက်တွင် တင်းမာမှုများမှာ ယခုအကြိမ်သည် ပထမဆုံး မဟုတ်ပေ။ ၂၀၂၀ ခုနှစ်တွင် မြန်မာသည် ပြည်တွင်းအုံကြွမှုကို နှိမ်နင်းရန် အကြောင်းပြချက်ဖြင့် နယ်စပ်အနီးတွင် တပ်စုအင်အား ၂၅၀၀ ကျော်ဖြန့်ကြက်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် မွတ်ဆလင်ဒုက္ခသည်များ အလုံးအရင်း အလိုက် စွန့်ခွာခဲ့ပြီးနောက် လပေါင်းများစွာအကြာတွင် မြန်မာစစ်တပ်သည် နယ်စပ်တစ်လျှောက် တပ်စု များစေလွှတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သည် တပ်ဖွဲ့များ ပြန်လည်ရုပ်သိမ်းရန် မြန်မာသံအမတ်ကို ဆင့်ခေါ် ခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင်လည်း နယ်စပ်တစ်လျှောက်တွင် ပုံမှန်မဟုတ်သည့် လှုပ်ရှားမှုများကို တွေ့ရှိ ရပြီး တုံ့ပြန်သည့် အနေဖြင့် ဘင်္ဂလားဒေ့ရှ်ကလည်း နယ်စပ်တစ်လျှောက်တွင် ထပ်မံအင်အား ဖြည့်တင်းခဲ့သည်။ ၂၀၁၄ ခုနှစ် မေလတွင် နယ်ခြားစောင့်တပ်များ အပြန်အလှန်ပစ်ခတ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့သည်။
အတိတ်ကာလများတွင် ထိုကဲ့သို့ တင်းမာမှုများကို သံတမန်ရေးရာအရ ညှိနှိုင်းဖြေရှင်းမှုများဖြင့် ဖြေရှင်း နိုင်ခဲ့ပြီး ယခုတွင်မူ တရားဝင်သံတမန်ရေး တုံ့ပြန်မှုများသည်ပင် အာဏာသိမ်းစစ်တပ်၏ နယ်စပ် တစ်လျှောက် ပစ်ခတ်မှုများကျူးလွန်နေမှုကို ရပ်တန့်ရန် မလုံလောက်ပေ။ အဆိုပါဖြစ်ရပ်ကြောင့် တစ်ဦးသေဆုံးပြီး လူအများအပြား ထိခိုက်ဒဏ်ရာရခဲ့ရသည်။
သို့စေကာမူ ကုလသမဂ္ဂ၏ ပံ့ပိုးနိုင်သည့်အနေအထား သို့မဟုတ် အတိုင်းအတာမှာလည်း သေချာရှင်း လင်းမှုမရှိပါ။ ယခင်က ကုလသမဂ္ဂ၏ မြန်မာအရေး ပြစ်တင်ရှုတ်ချမှုများကို ဆောင်ရွက်ရာတွင် သို့မဟုတ် နိုင်ငံကို အရေးယူပိတ်ဆို့ရန် (မအောင်မြင်ခဲ့သော်လည်း) အကောင်းဆုံးကြိုးစားရာတွင် ယင်း၏ အခန်းကဏ္ဍသည် အကန့်အသတ်ရှိခဲ့ရသည်။ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နှစ်လအတွင်း ဒုတိယ အကြိမ်အဖြစ် ဗလာဒီဗိုစတော့တွင် အရှေ့ဒေသ စီးပွားရေးဖိုရမ်ကို တက်ရောက်ရန် ရုရှားသို့ စက်တင်ဘာလအစောပိုင်းတွင် သွားရောက်ခဲ့ပြီး မြန်မာ-ရုရှား ဆက်ဆံရေးမှာ လက်ရှိတွင် ခိုင်မာလျက်ရှိသည်။ ထို့အပြင် တရုတ်၏ ထောက်ခံအားပေးမှုရထားသဖြင့် မြန်မာအရေးတွင် ကုလသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ရန် ကြိုးပမ်းမှုများမှာ ဗီတိုအာဏာသုံးကာ ပယ်ချခံရမည်ဟု ယူဆက မှားမည်မထင်ပေ။
မြန်မာသည် ပြည်သူများကို အနိုင်ကျင့်သတ်ဖြတ်ကာ အကြမ်းဖက်နေသည့်အတွက် ၎င်းကိုလက်နက် ရောင်းချခြင်းက တားဆီးရန် နိုင်ငံများကို ကုလသမဂ္ဂက မကြာသေးမီက တောင်းဆိုခဲ့သည်။ သို့စေကာ မူ လက်ရှိသုံးနေသည့် လက်နက်အများဆုံးမှာ မြန်မာနိုင်ငံနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိသည့် တရုတ်နိုင်ငံ ကဖြစ်သဖြင့် ကုလသမဂ္ဂ၏ တောင်းဆိုမှုသည် မည်မျှထိရောက်မည် ဆိုသည်ကို ဆက်လက်စောင့် ကြည့်ရဦးမည်ဖြစ်သည်။ မြန်မာနှင့် လက်နက်ရောင်းဝယ်နေသည့် အခြားနိုင်ငံများတွင် အိန္ဒိယ၊ ရုရှား၊ ယူကရိန်း၊ အစ္စရေး၊ ဖိလစ်ပိုင်နှင့် မြောက်ကိုရီယားတို့ ပါဝင်သည်။ လက်နက်ရောင်းဝယ်ခြင်းတွင် ဖိုက်တာဂျက်၊ ဒုံးကျည်၊ ဒုံးကျည်ပစ်လက်နက်၊ သံချပ်ကာယာဉ်နှင့် စစ်သင်္ဘောများသည် အခြားသော လက်နက်များစွာထဲတွင် အပါအဝင်ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်သည် မြန်မာ၏ ရန်လိုသည့်လုပ်ရပ်များကို ရပ်တန့်စေရန် ကုလသမဂ္ဂ သို့မဟုတ် အခြား ဒေသတွင်းဖိုရမ်များတွင် အကူအညီရနိုင်မည့်အခြေအနေကို မျှော်လင့်၍ မရနိုင်ပေ။ ယခင်ကလည်း အလားတူကိစ္စ ရှိခဲ့ပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒေသတွင်း နိုင်ငံအများအပြား ရင်းနှီးမြှုပ်နှံထားရာ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးပင် ရခိုင်ဒေသတွင် ရင်းနှီးမြှုပ်နှံထားသည်။ စစ်အာဏာသိမ်းပြီးနောက် ပိုင်းတွင်ပင် အာဏာသိမ်းစစ်တပ်သည် အမေရိကန်ဒေါ်လာ ၃.၈ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကိုခွင့်ပြုခဲ့ပြီး ရေနံဓာတ်ငွေ့ရည် (Liquefied Natural Gas-LNG) လောင်စာသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းတစ်ခု တည်းတွင်ပင် အမေရိကန်ဒေါ်လာ ၂.၅ဘီလီယံအထိ ရင်းနှီးမြှုပ်နှံထားကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားချက်အရသိရသည်။
ဤသည်ကိုကြည့်ခြင်းဖြင့် တရုတ်သည် ရင်းနှီးမြှုပ်နှံသည့် ပမာဏအမြင့်ဆုံးနိုင်ငံများတွင် တစ်နိုင်ငံအပါအဝင် ဖြစ်နေပြီး ခွင့်ပြုပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များစာရင်းတွင် ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ စင်ကာပူအစရှိသည့် အခြားနိုင်ငံများလည်း အပါအဝင် ဖြစ်သည်။
သို့သော်လည်း မကြာသေးမီက အာဆီယံအသိုက်အဝန်းတွင် ဒေသတွင်းဖွံ့ဖြိုး တိုးတက်မှုသည် မျှော် လင့်ချက်တစ်ခု ဖြစ်လာသည်။ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက်မည့် အစီအစဉ်တစ်ခုကို ၁၅ လအထိ အကောင်အထည်မဖော်ခဲ့သည့်အတွက် ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်တွင် ကျင်းပခဲ့သည့် ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ မြန်မာစစ်ဗိုလ်ချုပ်များ တက်ရောက်ခွင့်ပိတ်ပင်ခံရသည်။ သို့သော်လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိသည် ယခုနှစ် ဇူလိုင်လတွင် မြန်မာသို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြင့် တရုတ်၏ ကျောထောက် နောက်ခံပြုမှုကို ပြခဲ့သည်။ ထို့ကြောင့်ပင် မြန်မာအာဏာသိမ်းစစ်တပ်သည် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဆက်လက် ထင်ရာစိုင်းနေဆဲဖြစ်သည်။
အထက်ပါဖြစ်ရပ်များကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် မြန်မာနိုင်ငံနှင့်နှစ်နိုင်ငံကြား ကုန်သွယ်ရေး၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် သံတမန်ဆက်ဆံရေးစသော နှစ်နိုင်ငံဆက်ဆံရေးမူဝါဒကို ပြန်လည် သုံးသပ်ရန် အရေးကြီးလာပြီဖြစ်သည်။ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာကြား ကုန်သွယ်ရေးသည် ၂၂၅ ရာခိုင်နှုန်း ထက် ကျော်လွန်ရောက်ရှိရန် ခန့်မှန်းခဲ့သည်။ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဇူလိုင်လနှင့် မတ်လ အတွင်းတွင် ဘင်္ဂလားဒေ့ရှ်-မြန်မာကုန်သွယ်ရေးပမာဏသည် စုစုပေါင်းတန်ချိန် ၁၈၅,၈၂၂.၂၈ တန်ချိန်ရှိခဲ့သည်။
မြန်မာ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွင် ဘီလီယံ ဒေါ်လာများစွာ ဝင်နေသည့်အခြေအနေကိုကြည့်လျှင် ယခုကုန်သွယ်ရေး ဆိုင်ရာတန်ဖိုးမှာ မြန်မာအတွက်များပြားလှ သည်မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်အနေဖြင့် မြန်မာနှင့် ဆက်ဆံရေးဖြတ်တောက်လိုက်ခြင်းသည် မိမိတို့၏ တန်ဖိုးကိုပြသည့် ပြယုဂ်တစ်ခုအနေဖြင့် ပုံပေါ်မည်ဖြစ်သည်။ မြန်မာနှင့်ပတ်သက်ပြီး နယ်စပ်ဒေသတွင် လက်နက်ကြီး ကျည်ကျရောက်မှုကို ရပ်တန့်ရန် သံတမန်ရေးဆောင်ရွက်မှုများ မအောင်မြင်ခဲ့ရခြင်းနှင့် စပ်လျဉ်းပြီး မြန်မာနှင့်သံတမန်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်လည်း လိုအပ်နေပြီဖြစ်သည်။
တစ်ချိန်တည်းမှာပင် မြန်မာလက်ရှိ အခြေအနေတင်းမာမှုများကို ဖြေလျှော့ရန်နှင့် မွတ်ဆလင်ဒုက္ခသည်များကို ပြန်လည်နေရာချထားရေးအတွက် သင့်လျော် သည့်နည်းလမ်းကိုရှာရန် ဘင်္ဂလားဒေ့ရှ်သည် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲဆောင်ရွက်သင့်သည်။ ပထဝီနိုင်ငံရေးအရ အားသာချက်များရှိနေသည့် ဘင်္ဂလားဒေ့ရှ်သည် ဒေသတွင်းတွင် အဓိကမဟာဗျူဟာကျသည့် နိုင်ငံတစ်ခုဖြစ်နေရာ တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးနှင့် ဒေသတစ်ခုလုံးကို အမြော်အမြင်ရှိစွာ ဆက်လက်ထိန်းသိမ်းထားသည်။ မိမိတို့အနေဖြင့် ဒေသတွင်းမိတ်ဖက်များအားလုံးနှင့် ချိတ်ဆက်ဆောင်ရွက်သင့်ပြီး မြန်မာ့အရေးတွင် ဆက်လက်ဖြေရှင်းရန် ကျန်ရှိနေသည့် ပြဿနာများကို ဆုံးဖြတ်အဖြေရှာရန်အတွက် မြန်မာကို ဖိအားပေးရန် မိမိတို့၏ အခန်းကဏ္ဍကို ချိန်ညှိရန်ဆောင်ရွက်သင့် သည်။
ရခိုင့်တပ်တော်(AA)သည် စစ်တပ်၏ ကျည်ဆံများကို ခိုးယူပြီး ဘင်္ဂလား-မြန်မာနယ်စပ်တစ်လျှောက်တွင် လက်နက်ကြီးကျည်ပစ်လွှတ်ရန် အသုံးပြုကြောင်း မကြာသေးမီက ကျင်းပခဲ့သည့် အစည်းအဝေးတစ်ခုအတွင်း မြန်မာသံအမတ်က ဆိုသည်။ မည်သို့ပင်ဆိုစေကာမူ ၎င်း၏ ပြည်သူ သို့မဟုတ် စစ်တပ်၏ ဆောင်ရွက်မှုများအတွက် တာဝန်ရှိမှုကို မြန်မာအနေဖြင့် မသိကျိုးကျွံပြု၍ မရနိုင်ပေ။
နောက်ဆုံးတစ်ချိန်၌ နိုင်ငံတကာအသိုက်အဝန်းသည် ၎င်းတို့၏ တန်ဖိုး၊ ကျင့်ဝတ်များဖြင့်သာ အရေးယူ ဆောင်ရွက်ကြမည် ဖြစ်သည်။ မိမိတို့ ဘင်္ဂလားဒေ့ရှ်အနေဖြင့်မူ နိုင်ငံတွင်း၌ ဆယ်စုနှစ်များစွာ ခိုလှုံခွင့်ပေးထားသည့် မွတ်ဆလင်ဒုက္ခသည်များ၏ အကျိုးစီးပွားကို ကာကွယ်ရေးနှင့် နယ်မြေဂုဏ်သိက္ခာကို ထိန်းသိမ်းရေးအတွက် မိမိတို့ အခန်းကဏ္ဍကို ဆက်လက် ဆောင်ရွက်သွားရမည်သာ ဖြစ်ပေသည်။
မေမိုး
The Daily Star သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဆောင်းပါးရှင် Tasneem Tayeb ၏ Bangladesh should revisit its Myanmar policy ကို ဆီလျော်အောင်ပြန်ဆိုပါသည်။ ဆောင်းပါးပါ အရေးအသားများသည် မူလဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။