ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်က ညွှန်ပြနေသည့် ပိုမိုကျယ်ပြန့်သော အရှိတရား

လုံခြုံရေးကောင်စီ အစည်းအဝေး ထုတ်ပြန်ချက်များကဲ့သို့ အတိအကျ လိုက်နာရန် မလိုအပ်သည့် ကုလညီလာခံ၏ ဤသမိုင်းဝင် ကြေညာချက်၌ မြန်မာစစ်တပ်အား အရေးပေါ်အခြေအနေ ကြေညာချက် ရုတ်သိမ်းရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

By စောသန္တာအေး 25 Jun 2021

၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးတွင် ထိုစဉ်က မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အမှာစကား ပြောကြားစဉ်။ ဓာတ်ပုံ - Carlo Allegri/Reuters

DMG ၊ ဇွန် ၂၅

မြန်မာ့အာဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြသူများသည် ဇွန်လ ၁၉ ရက်နေ့ ကျရောက်သည့် နိုင်ငံ၏ အထင်ရှားဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက် မွေးနေ့ပွဲကို ပန်းများပန်ဆင်ကာ ဂုဏ်ပြုခဲ့ကြသည်။

သူမ၏ ဒီမိုကရေစီအရေး အားထုတ်မှုအတွက် အတွက် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဂုဏ်ပြုမှုကတော့ ကုလသမဂ္ဂ အထွေထွေညီလာကြီးထံမှ ထွက်ပေါ်ခဲ့သည်။ သောကြာနေ့ ကျင်းပသည့် အဆိုပါညီလာခံကြီး၌ “မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ရှုတ်ချပြီး အထွေထွေရွေးကောက်ပွဲတွင် လူထုက လွတ်လပ်စွာ ထုတ်ဖော်ခဲ့သည့် ဆန္ဒသဘောထားကို လေးစားရန်” အဆိုကို ထုတ်ပြန်ခဲ့ကြသည်။

လုံခြုံရေးကောင်စီ အစည်းအဝေး ထုတ်ပြန်ချက်များကဲ့သို့ အတိအကျ လိုက်နာရန် မလိုအပ်သည့် ကုလညီလာခံ၏ ဤသမိုင်းဝင် ကြေညာချက်၌ မြန်မာစစ်တပ်အား အရေးပေါ်အခြေအနေ ကြေညာချက် ရုတ်သိမ်းရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

ကုလညီလာခံ၏ ဆုံးဖြတ်ချက်ကို မဲခွဲရာတွင် ကြားနေခဲ့သော နိုင်ငံပေါင်း ၃၆ နိုင်ငံအထိ ရှိခဲ့သည်။ ၎င်းတို့သည် လက်ရှိအဖြစ်အပျက်များသည် မြန်မာ့ ပြည်တွင်းရေးသာ ဖြစ်ကြောင်း ပြောကြားခြင်း သို့မဟုတ် မိမိတို့တွင် လုပ်နိုင်သည့်အင်အား မရှိကြောင်း စောဒကတက်ခြင်း၊ သို့မဟုတ်ပါကလည်း ယခုဖြစ်ရပ်နှင့် အလားသဏ္ဍာန်တူသည့် မွတ်ဆလင်များ လူမျိုးတုံးသတ်ဖြတ်ခံရမှု ဖြစ်စဉ်တွင် ကုလသမဂ္ဂသည် အဘယ်ကြောင့် နှုတ်ဆိတ်နေခဲ့သနည်းဟု မေးခွန်းထုတ်ခြင်း ကဲ့သို့သော အပြုအမူများ ဖော်ပြခဲ့ကြသည့် နိုင်ငံများ ဖြစ်သည်။

တစ်ခုတည်းသော ကန့်ကွက်နိုင်ငံ ဖြစ်သည့် ဘယ်လာရု နိုင်ငံကမူ ကုလ၏ ဆုံးဖြတ်ချက်သည် “မြန်မာအပေါ် ပစ်မှတ်ထားလွန်း” သလို “နိုင်ငံရေးဆန်လွန်း” သည့် လုပ်ရပ်ဟု ဆိုသည်။

သို့သော် အထူးပင်သတိပြုရမည့် အချက်မှာ မြန်မာ့အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြသည့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ တရုတ်၊ လာအို၊ နီပေါနှင့် ထိုင်းနိုင်ငံတို့ အားလုံးက ကြားနေမဲ ပေးခဲ့ကြသည်သာမက ညီလာခံ၏ ဆုံးဖြတ်ချက်အပေါ် စိတ်အနှောင့်အယှက်ဖြစ်မှုအား ပြသခဲ့ကြသလို ဤဆုံးဖြတ်ချက်အား အောက်ကျို့ရသည့် အပြောသက်သက်လုပ်ရပ် အဖြစ် ပုံဖော်ခဲ့ကြသည်။
ကုလသမဂ္ဂတွင် ဗီတိုအာဏာရရှိထားသလို မြန်မာ၏ အကြီးဆုံး လက်နက်ဝယ်ယူရေးရင်းမြစ်များ ဖြစ်ကြသည့် ရုရှားနှင့် တရုတ်တို့သည် ကြားနေခဲ့ကြသလို သူတို့၏ လုပ်ရပ်များအတွက်လည်း ရှင်းပြမှုများ ရှိခဲ့သည်။

ရုရှား၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် လက်ထောက် ဒီမိထရိပိုလီယံစကီးက ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်းသည့် မူကြမ်းကို “ရေးသားသူများသည် မျှတသည့် ချဉ်းကပ်မှုကို ဖော်ပြနိုင်စွမ်းမရှိ” ဟု ပြောကြားခဲ့သည်။ စကားလုံးများသည် ကုလ အဖွဲ့ဝင်နိုင်ငံအချို့၏ တစ်ဘက်စောင်းနင်း တွန်းအားပေးရန် ကြိုးပမ်းမှုဖြစ်ပြီး ဆုံးဖြတ်ချက်မူကြမ်းသည်လည်း နိုင်ငံရေးဆန်အောင် ဖန်တီးထားမှုကြောင့် ပေါ်ထွက်လာခြင်း ဖြစ်ကာ စာပိုဒ်အချို့မှာ မြင်သာထင်သာ ဘက်လိုက်မှုရှိကြောင်း သို့မဟုတ် အမှန်တရားနှင့် ကင်းကွာနေကြောင်း သူက ပြောသည်။

အလားတူပင် တရုတ်၏ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် လက်ထောက် ချန်ရွှန်း ကလည်း “မြန်မာနိုင်ငံ၏ လက်ရှိ ကိစ္စရပ်သည် နိုင်ငံရေး အသွင်ကူးပြောင်းမှု ဖြစ်စဉ်၏ အလှည့်အပြောင်းတစ်ရပ် ဖြစ်သည်။ အခြေခံအားဖြင့် ဤကိစ္စသည် ပြည်တွင်းရေးဖြစ်သည်။ ပြည်ပမှ မျက်ကန်းဖိအားပေးမှု သို့မဟုတ် ဒဏ်ခတ်ပိတ်ဆို့မှုများသည် ထိရောက်မှု မရှိရုံသာမက ပြောင်းပြန်အကျိုးသက်ရောက်ပြီး ယခုဖြစ်စဉ်အပေါ် ပိုမိုဆိုးရွားစေမည်” ဟု ပြောကြားခဲ့ကြောင်း သိရသည်။

လတ်တလောတွင် အမေရိကန် အပါအဝင် ကမ္ဘာကြီးသည် အာဆီယံအဖွဲ့ကြီးအပေါ် ကိုးစားမျှော်လင့်ထားသည်။ အာဆီယံသည် အဖွဲ့ဝင် မြန်မာနိုင်ငံ၏ ပိုမိုကြီးထွားလာနေသည့် ပဋိပက္ခကို ဖြေရှင်းရေးတွင် ဦးဆောင်မှုနေရာ ရယူထားသည်။

မြန်မာနိုင်ငံ၌ ပြည်တွင်းစစ်တစ်ရပ် အဖြစ်သို့ ဦးတည်သွားနိုင်သည့် အကြမ်းဖက်မှုများ မြင့်တက်လာနေကြောင်း ကုလသမဂ္ဂကိုယ်စားလှယ်နှင့် တရုတ်သံအမတ်ကြီး အပါအဝင် မြန်မာနိုင်ငံရှိ နိုင်ငံခြားသံတမန် အချို့က သတိပေးထားကြသည်။ အကယ်၍သာ ယခုထက် အဆပေါင်းများစွာ ပိုမိုဆိုးရွားသည့် မွတ်ဆလင်များ ထွက်ပြေးရသည့် ဖြစ်စဉ်မှ သင်ခန်းစာယူမည် ဆိုပါက မြန်မာ့ပဋိပက္ခသည် ဒေသတွင်း သွယ်ဝိုက်ပြီး ဂယက်ရိုက်ခတ်မှု ရှိလာမည့်အနေအထားဆီ ဦးတည်လျက်ရှိသည်။

ထို့ကြောင့်ပင် အာဆီယံသည် ပြီးခဲ့သောဧပြီလ၌ ဂျာကာတာတွင် မြန်မာ့အရေး အထူးအစည်းအဝေး ကျင်းပခဲ့ရခြင်း ဖြစ်သည်။ အာဆီယံအစည်းအဝေး၌ အချက်ငါးချက်ပါ သဘောတူညီမှု ရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ ပါဝင်ပတ်သက်နေသော အင်အားစုများအားလုံးနှင့် ဆွေးနွေးရန်၊ အာဆီယံအထူးကိုယ်စားလှယ် ခန့်အပ်ရန်၊ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ခွင့်ပြုရန်နှင့် အာဆီယံကိုယ်စားလှယ်အား မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရန်တို့ဖြစ်သည်။

အာဆီယံ၏ သဘောတူညီချက် များတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရေးအချက်ကို မထည့်သွင်းနိုင်ခဲ့ပေ။ ဇွန်လ ၇ ရက်နေ့က ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီတို့အကြား အစည်းအဝေး အပါအဝင် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖြစ်ရပ်များကလည်း အဖွဲ့ကြီး၏ မျှော်လင့်ချက်အားလုံးသည် တရုတ်၏ ဦးဆောင်မှုအပေါ်တွင်သာ စုပုံလာနေကြောင်း ထင်ထင်ရှားရှား ပြသလျက်ရှိသည်။

တရုတ်သည် ၎င်း၏ စံနှုန်းဖြစ်သော ဖြည်းဖြည်းသာသာ ဖြေရှင်းရေးဗျူဟာကို ထုတ်ကစားလာနေသလို ဒေသတွင်း ၎င်း၏ ခေါင်းဆောင်မှုနေရာကိုလည်း မြှင့်တင်လျှက်ရှိသည်။ တရုတ်၏ ဒေသတွင်းခေါင်းဆောင်မှုသည် အမေရိကန်၊ သြစတြေးလျ၊ ဂျပန်နှင့် အိန္ဒိယတို့ပါဝင်သည့် လေးနိုင်ငံခေါင်းဆောင်များ အစည်းအဝေးကို အထူးလွှမ်းမိုးခဲ့သည်။

၂၀၂၁ ဇန်နဝါရီ လလယ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် မြန်မာနိုင်ငံသို့ အလည်ရောက်ရှိခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့သည်။ နှစ်ပတ်အကြာ၌ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်သည်။ ထိုအချိန်တည်းက တရုတ်သံအမတ် ချန်ဟိုင်သည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အနီးကပ်ဆက်ဆံရေး ရှိနေခဲ့သည်။ တရုတ်အစိုးရသည်လည်း ဖမ်းဆီးခံ အရပ်သားခေါင်းဆောင်များအား ပြန်လွှတ်ပေးရေးကို ဖိအားမပေးဘဲ ပြောနေကျစကား “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ပြန်လည်ဖော်ဆောင်ရေး” ကိုသာ သံယောင်လိုက်နေခဲ့သည်။

မြန်မာ၏ အင်အားကြီးအိမ်နီးချင်း အိန္ဒိယသည်လည်း ထိုလမ်းကြောင်းအတိုင်း လျှောက်ပြီး လက်တွေ့အကျိုးကို ဦးစားပေးလျက်ရှိသည်။ ၎င်း၏ အရှေ့မြောက်ဒေသတွင် ဂယက်ရိုက်လာမည့် အရေးအတွက် အထူးသတိထားရေသည့် အိန္ဒိယသည်လည်း  မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို အင်တိုက်အားတိုက် ပါဝင်ထားသည့်နိုင်ငံ ဖြစ်သည်။ ထို့ကြောင့် ခိုင်ခိုင်မာမာ ရလဒ် ထွက်လာနိုင်ခြေ ရှိပုံမပေါ်သော်လည်း အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်အား အထူးပင် ထောက်ခံထားသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်များနှင့် ကာလရှည်ကြာ စိတ်သဘောထား နီးစပ်ခဲ့သော အိန္ဒိယသည် ဒေသတွင်း နိုင်ငံများနှင့်အတူ ရပ်တည်ကာ ကုလညီလာခံ၏ ကြေညာချက်မူကြမ်းကို ကြားနေမဲသာ ပေးခဲ့သည်။ တစ်ချိန်တည်း၌ အိန္ဒိယ၏ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် တီအက်စ်တီရုမာတီ ကလည်း မြန်မာ့အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများကို မတိုင်ပင်ဘဲ ဤကြေညာချက်မူကြမ်းအား အလျင်စလို ထုတ်ပြန်ရန် နိုင်ငံအချို့က စီစဉ်ခဲ့ကြသည့်အပေါ် စိတ်သဘောထား မသက်မသာဖြစ်ရကြောင်း ပြသခဲ့သည်။
မြန်မာ့အိမ်နီးချင်း နိုင်ငံများ၏ ထောက်ခံပံ့ပိုးမှု မပါဝင်သည့်အတွက် “မျက်စိဖွင့်ပေးမှုတစ်ရပ် ဖြစ်လာရန် မျှော်လင့်ရုံသာရှိ” ကြောင်း ကုလ၏ ကြေညာချက်ကို ထောက်ခံခဲ့သူများအား တီရုမာတီက ပြောကြားခဲ့သည်။

နောက်ဆုံးအားဖြင့် ကုလညီလာခံ၏ သဘောထား ထုတ်ပြန်ကြေညာချက်သည် ၁၁၉ နိုင်ငံအထိပင် ထောက်ခံသည် ဆိုစေကာမူ အပြောသက်သက် ပြယုဂ်တစ်ခု မျှသာ ဖြစ်သလို ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့် ခြားနားမှုနှင့် အင်အားကြီးနိုင်ငံများအကြား ကမ္ဘာခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အက်ကြောင်းထင်မှုတို့ကိုပါ ဖော်ပြနေသည်။

ကြေညာချက်သည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ မြန်မြန်ဆန်ဆန် လျော့ပါးလာနေသည့် သြဇာတိက္ကမကိုလည်း ရိုးတိုးရိပ်တိပ် ညွှန်ပြနေသည်။ အာဆီယံကိုယ်၌ကလည်း အမေရိကန်ကို ရှောင်ဖယ်ပြီး တရုတ်ဘက်သို့ ဖြည်းဖြည်းချင်း ယိမ်းနေရင်းဖြင့် ဒေသတွင်း အရေးကိစ္စများတွင် အချက်အချာကျမှုကို ပြန်လည်နေရာယူရေးအတွက် လုံးပန်းနေရသည်ကို ဤဖြစ်ရပ်က ညွှန်ပြနေသည်။
ဤအချက်များကြောင့် ကုလအထွေထွေညီလာခံ၏ ထုတ်ပြန်ချက်သည် အကူအညီ မဖြစ်ရုံသာမက တရုတ်၏ သြဇာကြီးထွားလာမှုနှင့် မထောက်ခံမှုတို့ကို ကြည့်လျှင် ခုတ်ရာတလွဲ ရှရာတခြားပင် ဖြစ်သွားနိုင်သည်။ အင်အားကြီးနိုင်ငံများ၏ တွေ့ဆုံစည်းဝေးမှုများ များပြားလာခြင်းနှင့်အတူ ကုလသမဂ္ဂ အထွေထွေညီလာခံသည် ၎င်း၏ အခန်းကဏ္ဍနှင့် ပါဝင်နိုင်မှုကို ရှာဖွေနေရကြောင်း ကိုလည်း ယခုဖြစ်ရပ်က ဖော်ပြနေသည်။

အရေးကြီးသည့် မှတ်သားဖွယ်ရာ အချက်မှာ ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ယခုကဲ့သို့ ရှည်လျားကြာမြင့်စွာ အချိန်ယူညှိနှိုင်းမှုများသည် ပင်လျှင် မြန်မာပြည်သူများ၏ တန်ဖိုးကြီး အသက်အိုးအိမ်များကို ကယ်တင်မည့်ဘက်က မရပ်တည်နိုင်ဘဲ လက်နက်ရောင်းချမှု တားမြစ်ရေး တောင်းဆိုချက်ကိုတောင် အဆပေါင်းများစွာ ရေရောထားသဖြင့် အရသာမပေါ်တော့သည့် စကားလုံး ဖြစ်သော မြန်မာစစ်တပ်ထံသို့ “လက်နက်စီးဆင်းမှုတားမြစ်”ရန် အဖွဲ့ဝင် နိုင်ငံများအား တိုက်တွန်းသည့် အဆိုပြုချက်လောက်ဖြင့် အင်အားကြီးနိုင်ငံများ၏ ဦးစားပေးမှုများအကြားတွင် လမ်းပျောက်သွားနိုင်သည် ဆိုသောအချက်ပင် ဖြစ်သည်။

စောသန္တာအေး

(Asia Times သဘောထားအမြင်ကဏ္ဍတွင် ဖော်ပြထားသည့် UN resolution on Myanmar reveals wider realities by SWARAN SINGH ကို ကောက်နုတ်ဘာသာပြန်ပါသည်။)