ရခိုင်ပြည်နယ်နှင့် လူ့အခွင့်အရေးအလေးမထားမှုများကြောင့် ပေါ်ပေါက်လာရသည့် ပဋိပက္ခများ

၁၉၉၀ လွန် အစောပိုင်းနှစ်များကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုများ၏ တိုက်ရိုက်အကျိုးဆက်အနေဖြင့် ချမှတ်ခံခဲ့ရသော နိုင်ငံတကာ၏ပိတ်ဆို့မှုများကြောင့် မြန်မာစစ်တပ်အနေဖြင့် ခေတ်သစ် အကြမ်းဖက်နှိမ်နင်းရေး နည်းစနစ်များ၊ သို့မဟုတ် အဆင့်မြင့် စစ်လက်နက်နည်းပညာများအကြောင်းကို လေ့လာသင်ယူခွင့်မရခဲ့ဘဲ...

By Foreign Desk 13 Nov 2019

(မြန်မာ့တပ်မတော်၏ (၇၄) ကြိမ်မြောက် တပ်မတော်နေ့အခမ်းအနား စစ်ရေးပြအခမ်းအနား မြင်ကွင်းတစ်ခုကို တွေ့ရစဉ်။ ဓာတ်ပုံ - Thet Aung/AFP/ Getty Images)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော မွတ်ဆလင် (မူရင်းဆောင်းပါးတွင် ရိုဟင်ဂျာဟု သုံးထားသည်။) ဒုက္ခသည်များအရေးကို အားလုံးလည်းကြားမိပြီးသားဖြစ်မည် ထင်ပါသည်။ လူမျိုးတုန်းသတ်ဖြတ်မှုများရှိနေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းမှ စွပ်စွဲမှုများထွက်ပေါ်လျက်ရှိပြီး သိန်းနှင့်ချီသော မွတ်ဆလင်များမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရကာ ဒုက္ခသည်စခန်းများတွင် နေထိုင်ရလျက်ရှိသည်။ ထို့ပြင် ရခိုင်ပြည်နယ်ထဲတွင် မွတ်ဆလင် ၆ သိန်းခန့် ကျန်ရှိနေသေးပြီး ၎င်းတို့၏ အခြေအနေမှာလည်း စိုးရိမ်စရာ ဖြစ်လျက်ရှိနေသေးသည်။

မြန်မာ့တပ်မတော်ကမူ နိုင်ငံတကာအသိုင်းအဝိုင်း၏ စွပ်စွဲမှုများကို ငြင်းဆိုထားပြီး ရခိုင်ပြည်နယ်အတွင်း စစ်ပွဲများဆင်နွှဲမှုမှာ သောင်းကျန်းသူများကို နှိမ်နင်းရန်နှင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ပြန်လည်ရရှိရေး ဆောင်ရွက်ရန်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားလျက်ရှိသည်။ သို့ရာတွင် ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ရင်ဆိုင်ခံစားရလျက်ရှိပြီး ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးမှာလည်း အလှမ်းကွာဝေးလွန်းလျက် ရှိနေသေးသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများသည် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာတွင် ပဋိပက္ခများဖြစ်ပွားရသည့် အခြေခံအကြောင်းရင်း ဖြစ်လေ့ရှိကြောင်း နိုင်ငံတကာဆက်ဆံရေးသီအိုရီနှင့် လက်တွေ့အဖြစ်အပျက်များက အခိုင်အမာ ဖော်ပြလျက်ရှိသည်။ ခွဲခြားဆက်ဆံမှုသည် ဘာသာရေး၊ လူမျိုးရေး၊ မူလနိုင်ငံသားဖြစ်မှု စသည်တို့အနက်မှ မည်သည့်အပေါ်တွင် အခြေခံသည်ဖြစ်စေ စစ်ပွဲများသည် လူ့အခွင့်အရေးများအား ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်မှုများမှ သန္ဓေတည်လေ့ရှိကြောင်း တွေ့ရှိရသည်။

တောင်နှင့် အရှေ့တောင်အာရှဒေသ အပါအဝင် ကမ္ဘာတဝန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများမှ တဆင့် အုပ်ချုပ်သူများ ဖြုတ်ချခံရခြင်း၊ အစိုးရအဖွဲ့များ ပြိုကွဲခြင်းနှင့် တော်လှန်ရေးများ ပေါ်ပေါက်ခဲ့သည့် သာဓက အများအပြားပင် တွေ့မြင်နိုင်ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း နိုင်ငံတစ်နိုင်ငံ၏ အုပ်ချုပ်သူများက ၎င်းတို့၏ပြည်သူများအား ဆက်ဆံအုပ်ချုပ်ပုံအပေါ် မူတည်ပြီး ယင်းနိုင်ငံနှင့် သံတမန်ဆက်ဆံရေးကို ဖော်ဆောင်ကြပါသည်။ မြန်မာနိုင်ငံသည် ခေတ်သစ်ကမ္ဘာ၌ ကုန်သွယ်ရေးနှင့်လုံခြုံရေး မိတ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် ဂုဏ်သိက္ခာနှင့် အရည်အချင်းရှိ၊ မရှိဆိုသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ယင်းအချက်ပေါ်တွင် အဓိကမူတည်၍သာ ဆုံးဖြတ်မည်ဖြစ်သည်။

အကယ်၍ မွတ်ဆလင်များအပေါ် လူမျိုးတုန်းသတ်ဖြတ်ခြင်း စွပ်စွဲချက်ကို ထည့်သွင်းစဉ်းစားခြင်း မပြုလျှင်ပင် မြန်မာတပ်မတော်သည် ငြိမ်းချမ်းရေးနှင့်နယ်စပ်ဒေသလုံခြုံရေးကို ထိန်းသိမ်းထားနိုင်ခြင်း မရှိဟုဆိုရမည့် အခြေအနေ၌ပင် ရှိနေသေးသည်။ မည်သည့်အချိန်ကာလကို ကြည့်သည်ဖြစ်စေ မြန်မာနိုင်ငံအတွင်းမှ ခွဲထွက်ခွင့်အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသော မတူညီသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့ခန့်ရှိနေပြီး ဆယ်စုနှစ်များစွာအတွင်း ထိုတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ၏ ထကြွပုန်ကန်မှု အများအပြားနှင့် ရင်ဆိုင်ခဲ့ရသည်ကိုတွေ့ရမည် ဖြစ်သည်။ မြန်မာစစ်တပ်အနေဖြင့် ထိုတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့ရာတွင် အပြီးသတ်အနိုင်မရခြင်း၏ အဓိကအကြောင်းရင်း တစ်ရပ်မှာ ပြီးခဲ့သော နှစ်ပေါင်း ၃၀ အတွင်း ခေတ်မီနိုင်ငံတကာစစ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခွင့် မရရှိခြင်းကြောင့်ပင်ဖြစ်သည်။

၁၉၉၀ လွန် အစောပိုင်းနှစ်များကတည်းက လူ့အခွင့်အရေးချိုးဖောက်မှုများ၏ တိုက်ရိုက်အကျိုးဆက်အနေဖြင့် ချမှတ်ခံခဲ့ရသော နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် မြန်မာစစ်တပ်အနေဖြင့် ခေတ်သစ် အကြမ်းဖက်နှိမ်နင်းရေး နည်းစနစ်များ၊ သို့မဟုတ် အဆင့်မြင့် စစ်လက်နက်နည်းပညာများအကြောင်းကို လေ့လာသင်ယူခွင့်မရခဲ့ဘဲ ခေတ်မီတပ်မတော်တစ်ရပ်ဖြစ်လာရန် ရုန်းကန်ရလျက်ရှိခြင်းဖြစ်သည်။

မြန်မာနိုင်ငံအတွင်းမှ ယင်းအခြေအနေများက ပြည်တွင်းမှာသာမကဘဲ ဒေသတွင်း၌ပါ လုံခြုံရေးနှင့်မတည်ငြိမ်မှုများ ပေါ်ပေါက်လာစေမည့် အန္တရာယ်လည်းရှိနေသည်။ ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင်ဒုက္ခသည်စခန်းများသည် လုံခြုံရေး၊ မိလ္လာစနစ်၊ ကျား-မကွဲပြားမှုအပေါ် အခြေခံသည့် အကြမ်းဖက်မှုများမဖြစ်အောင် ကာကွယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးတို့အရ ဆိုးဆိုးရွားရွား မလုံလောက်မှုများရှိနေသည်။ ယင်းမလုံလောက်မှုများကို ဖြေရှင်းနိုင်မည့် မဟာဗျူဟာလည်း တိတိကျကျမရှိဘဲ ဒုက္ခသည်များ၏အခြေအနေမှာ သောင်မတင် ရေမကျအခြေအနေ ဆိုက်၍နေသည်။

ထိုကဲ့သို့သောဒုက္ခသည်စခန်းများ တည်ရှိနေမှုက ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းနိုင်ငံများအားလုံးတွင် မတည်မငြိမ် ဖြစ်စေလျက်ရှိသည်။ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံ အများအပြားတွင် အတော်အသင့်များပြားသော မွတ်ဆလင်လူဦးရေ ရှိနေသည်ကိုလည်း မမေ့သင့်ပေ။ ထိုကဲ့သို့သောအခြေအနေများကြောင့် မွတ်ဆလင်များသည် ပိုမို၍ လူမျိုးရေးစိတ်ဓာတ် အစွန်းရောက်ပြင်းထန်လာမည့် အခြေအနေရှိနေသည်။

ပြည်ပရှိမွတ်ဆလင်များက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော မွတ်ဆလင်များအပေါ် ဖိနှိပ်အကြမ်းဖက်မှုများအတွက် တစ်ခုတည်းသောဖြေရှင်းနည်းမှာ ဂျီဟက်ဒ်နည်းလမ်းသာဖြစ်သည်ဟု ကောက်ချက်ချလေ့ရှိခဲ့ပြီး နိုင်ငံဖြတ်ကျော် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် သာဓကများလည်း အတိတ်တွင် အများအပြားပင်ရှိခဲ့သည်။ ကုလသမဂ္ဂ၏ အကြမ်းဖက်မှုတိုက်ဖျက်ပြီး အခွင့်အရေး ကာကွယ်ရေးအတွက် လေ့လာသည့် အစီရင်ခံစာများအရလည်း အာဏာပိုင်များ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ပြည်သူများတွင် အစွန်းရောက်ဝါဒများ ပေါ်ပေါက်လာပြီး အကျိုးဆက်အနေဖြင့် ပြည်တွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်စေနိုင်ကြောင်း တွေ့ရှိထားရသည်။

လူ့အခွင့်အရေးချိုးဖောက်မှုများက တိုင်းပြည်လုံခြုံရေးအပေါ် အနှုတ်လက္ခဏာဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေသည့်အပြင် စီးပွားရေးအရကြည့်မည် ဆိုလျှင်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည်ကို တွေ့ရှိနိုင်သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာကချမှတ်သည့် စီးပွားရေးပိတ်ဆို့မှုများကြောင့် တိုင်းပြည်စီးပွားရေးသည် မျှော်မှန်းထားသော အလားအလာရှိသည့်အခြေအနေထက် များစွာနိမ့်ကျနေသေးသည့် အခြေအနေတွင် ရောက်ရှိနေသည်။ ဥပမာအနေဖြင့် မြန်မာ့အထည်ချုပ်လုပ်ငန်းသည် အမေရိကန်တို့က ၂၀၀၃ ခုနှစ်တွင် ချမှတ်လိုက်သော စီးပွားရေးအရေးယူ ပိတ်ဆို့မှုများကြောင့် အခြားဖွံ့ဖြိုးဆဲ အာရှနိုင်ငံများနှင့် ယှဉ်လျှင် ဖွံ့ဖြိုးနှုန်းအနိမ့်ဆုံး ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။

ယခုဖော်ပြခဲ့သည့် ဥပမာများအပြင် အခြားသောဥပမာများလည်း များစွာရှိနေသေးရာ မြန်မာနိုင်ငံအနေနှင့် တိုင်းပြည်လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတို့အတွက် နိုင်ငံရေးတွင် ပြည်သူများ အားလုံးပါဝင်ခွင့်ရရေး၊ လူ့အဖွဲ့အစည်းအတွင်း အကြမ်းဖက်မှုများနှင့် လူမျိုးရေး ဘာသာရေး အရ ခွဲခြား ဆက်ဆံမှုများကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခြင်း၊ အမျိုးသမီးများနှင့် လူနည်းစုတိုင်းရင်းသားများ၏ အခွင့်အရေးများကို အလေးထားခြင်း၊ လူ့အခွင့်အရေးများကို တန်ဖိုးထားလိုက်နာခြင်းများကို ရေရှည်အလေးထား စီမံကိန်းချဆောင်ရွက်ရန် အရေးတကြီး လိုအပ်လျက်ရှိပါသည်။

မောင်ဖြိုး
(ကိုးကား - Foreign Policy တွင်ဖော်ပြထားသော Myanmar’s Military Is Only Hurting Itself ဆောင်းပါးကို ဆီလျော်အောင် ကောက်နုတ်ဘာသာပြန်ဆိုပါသည်။)