တောင်ကိုရီးယား ဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတစ်ခုဖြစ်လာနိုင်လား

၁၉၄၅ ခုနှစ်တွင် ဂျပန်အင်ပါယာကိုစစ်ရှုံးနိမ့်ပြီးနောက် အမေရိကန်က ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ ကိုလိုနီခေတ်အတွင်း လွတ်လပ်သော တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Syngman Rhee ဦးဆောင်သော အမည်ခံဒီမိုကရေစီအစိုးရတရပ်ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ကိုရီးယားစစ်ပွဲက တောင်ကိုရီးယားနိုင်ငံရေးသမားများအကြား ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုဖြစ်ပေါ်စေခဲ့ပြီး Rhee ၏ ၁၂ နှစ်သက်တမ်းရှည်ကြာစေမည့် တင်းကျပ်သော သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ဖြစ်ပေါ်စေခဲ့သည်။

By ကြည်ဖြူစံ 11 Sep 2022

မေလ ၁၈ ရက် ဂွမ်ဂျူးအရေးအတွင်း ဆန္ဒပြနေကြသော တောင်ကိုရီးယားနိုင်ငံသားများ။ (ဓာတ်ပုံ - Wikipedia)

DMG ၊ စက်တင်ဘာ ၁၁

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီအရပ်သားအစိုးရကို ဖြတ်ချပြီးသည့် ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် ဆန္ဒပြသူပေါင်းအနည်းဆုံး ၁၈ ဦးသေဆုံးခဲ့သည်။ မတ်လ ၃ ရက်တွင် အခြေအနေပိုမိုဆိုးရွားလာခဲ့ပြီး အနည်းဆုံး လူ ၃၈ ဦးသေဆုံးခဲ့သည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် ဦးကျော်မိုးထွန်းကလည်း ‘လိုအပ်သောနည်းလမ်းများ အားလုံးအသုံးပြုပြီး မြန်မာစစ်တပ်ကိုအရေးယူဖို့’ မြန်မာပြည်သူများကိုယ်စားကုလသမဂ္ဂကိုတိုက်တွန်းခဲ့သည်။ အဆိုပါစကားများ ပြောဆိုပြီးနောက်မှာတော့ တရားဝင်ခန့်အပ်ထားသော သံအမတ်ကြီးဦးကျော်မိုးထွန်းကို နိုင်ငံတော်အာဏာ မတရားရယူထားသော စစ်တပ်က အလုပ်မှရပ်ဆိုင်းကြောင်းကြေညာပြီး “သူခိုးကလူပြန်ဟစ်”ခဲ့သည်။
လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းကစပြီး မြန်မာနိုင်ငံပြင်ပ နိုင်ငံများတွင်လည်း ဒေသတွင်းပဋိပက္ခများ ကြီးထွားလာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဒီမိုကရေစီဆန္ဒပြပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး ဘုရင်စနစ်နှင့် စစ်အစိုးရအား ပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။ ဟောင်ကောင်တွင်လည်း ၂၀၁၉ ခုနှစ်မှစတင်ပြီး ဆန္ဒပြပွဲများဖြစ်ပွားခဲ့ပြီး မဲပေးပိုင်ခွင့်နှင့်ပတ်သက်သော တောင်းဆိုမှုနှင့်အတူ ဘေကျင်း၏ နိုင်ငံရေးဩဇာကို ဆန့်ကျင်ခဲ့ကြသည်။

အစိုးရနှင့်စစ်တပ်ဆန့်ကျင်သော ဆန္ဒပြပွဲများတွင်ပါဝင်နေသည့် မြန်မာ၊ ထိုင်းနှင့် ဟောင်ကောင်တို့မှ ဆန္ဒပြသူများ၏ တောင်းဆိုမှုကတူညီနေပြီး ဒီမိုကရေစီဆိုသောအရာတခုတည်းကိုသာ တောင်းဆိုနေကြခြင်းဖြစ်သည်။ တောင်းဆိုသူတို့၏ အသံကလည်း နေ့စဉ်မြင့်တက်လျက်ရှိသည်။

ဤနေရာတွင် ထည့်သွင်းပြောရမည့် အချက်တချက်က ၎င်းတို့၏လှုပ်ရှားမှုများသည် ၁၉၆၀ မှ ၁၉၈၀ အထိ “တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှုများ”နှင့် ဆင်တူနေခြင်းပင်ဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံကို ကြည့်မည်ဆိုပါက တောင်ကိုရီးယားပြည်သူများ၏ စစ်တပ်ဆန့်ကျင်သော လူထုဆန္ဒပြပွဲများမှတဆင့် အဆင့်မြင့်ဒီမိုကရေစီတောင်းဆိုမှု အောင်မြင်ခဲ့သည်ကို တွေ့ရမည်။ ဤအကြောင်းကြောင့်လည်း လက်ရှိအရှေ့တောင်အာရှနှင့် ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားမှုသည် တောင်ကိုရီးယားဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်နှင့် ဆက်စပ်မှုရှိနေသည်။ ဆန္ဒပြသူများကလည်း တောင်ကိုရီးယားကို သမိုင်းဝင်စံပြတစ်ခုအဖြစ် တခါတရံ ရည်ညွှန်းလေ့ရှိသည်။

ဥပမာအားဖြင့် ၅ ဒသမ ၁၈ ဂွမ်ဂျူး အရေးအခင်းတွင် သေဆုံးခဲ့သူများအတွက် အမှတ်တရဖြစ်စေရန် ရည်ညွှန်းဖွဲ့ဆိုခဲ့သော တောင်ကိုရီးယားပြည်သူများ၏ ဆန္ဒပြသီချင်းဖြစ်သည့် “Marching for the Forerunners”ကို ကန်တုံနှင့် ဗမာဘာသာသို့ ပြန်ဆိုခဲ့သည်။ ထိုင်းဆန္ဒပြသူများကလည်း တောင်ကိုရီးယားနိုင်ငံ၏ ၁၉၈၇ ဇွန်လ အရေးအခင်းနှင့်ပတ်သက်ပြီး ထိုင်းဆန္ဒပြသူများ၏ ကန့်ကွက်စာတစ်စောင်ကို ကိုရီးယားဘာသာဖြင့် တွစ်တာပေါ်တင်ခဲ့သည်။

အမည်မဖော်လိုသော ဟောင်ကောင်အခြေစိုက် နိုင်ငံရေးဝေဖန်သူ တစ်ဦးကလည်း “A Taxi Driver“ ဒါမှမဟုတ် “1987”လို ရုပ်ရှင်ဇာတ်ကားတွေကလည်း တောင်ကိုရီးယားမှာ အစိုးရဘယ်လိုအလုပ် လုပ်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး အရုပ်တွေနဲ့ အကောင်းဆုံးဖော်ပြနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ နောက်ပြီး လူတွေက တူညီတာတွေကို သေသေချာချာမြင်ခဲ့တယ်”ဟု ပြောသည်။

တောင်ကိုရီးယားဒီမိုကရေစီ အသွင်ကူးပြောင်းရေး လှုပ်ရှားမှုက ရှည်လျားပြီး ခါးသီးစရာဖြစ်သော်လည်း စိတ်ရှည်သည်းခံခြင်းက နောက်ဆုံးမှာ အောင်မြင်မှုကိုရရှိနိုင်သည်ဟုလည်း ဝေဖန်ရေးသမားတော်တော်များက သုံးသပ်ကြသည်။

မြန်မာ၊ ထိုင်းနှင့် အခြားနိုင်ငံများမှ ဆန္ဒပြသူများအကြား တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်အပေါ် စိတ်ဝင်စားမှုနှင့် ရည်ညွှန်းချက်များက မေးခွန်းထုတ်စရာဖြစ်စေသည်။ တောင်ကိုရီးယားအနေဖြင့် ၎င်း၏ဒီမိုကရေစီကို မည်ကဲ့သို့အောင်မြင်ခဲ့သည်နှင့် ၎င်းအောင်မြင်မှုက အရှေ့တောင်အာရှ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုများအတွက် စံပြဖြစ်နိုင်ပါမည်လား။

တောင်ကိုရီးယား၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လှုပ်ရှားမှု

၁၉၄၅ ခုနှစ်တွင် ဂျပန်အင်ပါယာကိုစစ်ရှုံးနိမ့်ပြီးနောက် အမေရိကန်က ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ ကိုလိုနီခေတ်အတွင်း လွတ်လပ်သော တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Syngman Rhee ဦးဆောင်သော အမည်ခံဒီမိုကရေစီအစိုးရတရပ်ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ကိုရီးယားစစ်ပွဲက တောင်ကိုရီးယားနိုင်ငံရေးသမားများအကြား ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုဖြစ်ပေါ်စေခဲ့ပြီး Rhee ၏ ၁၂ နှစ်သက်တမ်းရှည်ကြာစေမည့် တင်းကျပ်သော သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ဖြစ်ပေါ်စေခဲ့သည်။

၁၉၆၀ ရွေးကောက်ပွဲမဲမသမာမှုအပြီး အာဏာရှင်စနစ် အဆုံးသတ်သွားခဲ့သည်။ ၄ ကြိမ်မြောက်သမ္မတအဖြစ် ရွေး ကောက်တင်မြှောက်ခံရသော Rhee ၏ ရွေးကောက်ပွဲရလဒ်ကို တောင်ကိုရီးယားပြည်သူများက ကန့်ကွက်ခဲ့ပြီး နှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ၄ ဒသမ ၁၉ တော်လှန်ရေးဟု နာမည်တွင်ခဲ့သော အဆိုပါတော်လှန်ရေးဆန္ဒပြပွဲက တောင်ကိုရီးယားပြည်သူများ၏ အောင်မြင်မှုတရပ်ဖြစ်ခဲ့သည်။

Rhee လည်း ရာထူးမှဆင်းခဲ့ပြီး ဟာဝိုင်ယီတွင် ခိုလှုံခွင့်တောင်းခံနေချိန်မှာပင် ဒုတိယမြောက်သမ္မတနိုင်ငံအဖြစ် လူသိများသော ဒီမိုကရေစီ အစိုးရသစ်တရပ်ကို တည်ထောင်ခဲ့ကြသည်။ ၄ ဒသမ ၁၉ တော်လှန်ရေးသည် တောင်ကိုရီးယားဒီမိုကရေစီ၏ အခြေခံအုတ်မြစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ တောင်ကိုရီးယားဖွဲ့စည်းပုံ အခြေခံဥပဒေတွင်လည်း “မတရားမှုများကိုဆန့်ကျင်သော ၁၉၆၀၊ ၄ ဒသမ ၁၉ တော်လှန်ရေး၏ ဒီမိုကရက်တစ်နှုန်းစံများကို အားပေးထောက်ခံသွားမည်”ဟု ဖော်ပြထားသည်။

သို့သော်လည်း ဒုတိယသမ္မတနိုင်ငံ၏ ဒီမိုကရက်တစ်အစိုးရအား ဗိုလ်ချုပ် Park Chung-hee  ခေါင်းဆောင်သောစစ်တပ်က အာဏာသိမ်းခဲ့သောကြောင့် တစ်နှစ်သာကြာခဲ့သည်။ ၁၉၆၃ သမ္မတရွေးကောက်ပွဲတွင် သမ္မတအဖြစ် အာဏာရလာသော Park က တတိယသမ္မတနိုင်ငံကို တည်ထောင်ခဲ့ပြန်သည်။ ၁၉၇၉ လုပ်ကြံသတ်ဖြတ်ခြင်း မခံရခင်အချိန်အထိ ၁၆ နှစ်ကြာ ပါ့ခ်ဦးဆောင်သောအစိုးရက တောင်ကိုရီးယားနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

တောင်ကိုရီးယား၏ လျင်မြန်သောစီးပွားရေးတိုးတက်မှုကို သမ္မတ Park ကကြီးကြပ်ခဲ့သော်လည်း တောင်ကိုရီးယားဒီမိုကရေစီ ပျက်စီးခဲ့သည့်အတွက်ကြောင့်လည်း Park သည်ဝေဖန်မှုများ ရင်ဆိုင်ခဲ့ရသည်။ ဥပမာအားဖြင့် ၁၉၇၂ အောက်တိုဘာ ပြန်လည်ထူထောင်ရေးအတွက် Yushin စစ်အုပ်ချုပ်ရေးကြေညာခဲ့သည်။ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး သွယ်ဝိုက်သော ရွေးကောက်ပွဲစနစ်ဖြင့် သမ္မတအား အကန့်အသတ်မဲ့အာဏာ ပေးအပ်ခဲ့သည်။ Yushin အုပ်ချုပ်ရေး (သို့မဟုတ်) စတုတ္ထသမ္မတနိုင်ငံကို တောင်ကိုရီးယား ဒီမိုကရေစီအမှောင်ခေတ်အဖြစ် လူသိများခဲ့သည်။ ဒီမိုကရေစီလှုပ် ရှားမှုကြီးဖြစ်သော ၁၉၇၉ ဘူဆန် နှင့် မာဆန် ဆန္ဒပြပွဲများကို အင်အားသုံးနှိမ်နင်းခဲ့ပြီး မီဒီယာများကို အကြီးအကျယ် ဆင်ဆာဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်။

၁၉၇၉ အောက်တိုဘာတွင် ပါခ့်လုပ်ကြံခံရပြီးနောက် ဗိုလ်ချုပ် Chun Doo-hwan ဦးဆောင်သောစစ်တပ်က ထိုနှစ်ဒီဇင်ဘာလမှာပင် နောက်ထပ်အာဏာသိမ်းခဲ့ပြန်သည်။ အဆိုပါအာဏာသိမ်းမှုကလည်း တောင်ကိုရီးယားပြည်သူများ၏ ဒီမိုကရေစီတောင်းဆိုမှုများ၊ လူထုဆန့်ကျင်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါတောင်းဆိုဆန္ဒပြပွဲများကို စစ်တပ်က ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့သည်။ ၁၉၈၀ မေလ ၁၈ ရက် ဂွမ်ဂျူးအရေးအခင်းကြောင့် အရပ်သား ၁၆၅ ယောက်သေဆုံးခဲ့သည်။ ပါ့ခ်ကဲ့သို့ပင် ချန်လည်းသမ္မတဖြစ်လာခဲ့ပြီး ပဉ္စမမြောက်သမ္မတနိုင်ငံဟု လူသိများသော အစိုးရသစ်တရပ်ကို တည်ထောင်ခဲ့ပြန်သည်။

ဒီမိုကရေစီဆန္ဒပြပွဲများကို စစ်တပ်ကဖိနှိပ်သော်လည်း စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ကြာလာသည်နှင့်အမျှ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တောင်းဆိုမှု မြင့်တက်လာသကဲ့သို့ တိုက်ရိုက်ရွေးကောက်ပွဲစနစ် တောင်းဆိုမှုလည်း မြှင့်တက်လာခဲ့သည်။ ချန်၏သမ္မတသက်တမ်း မကုန်ဆုံးခင်တနှစ်အလို ၁၉၈၇ ၊ ဇွန်လအရေးအခင်းကြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ဖြစ်ပွားခဲ့လေသည်။ ဇွန်လအရေးအခင်းက တောင်ကိုရီးယားပြည်သူတို့၏ နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့ပြီး ၎င်းတို့၏ရည်မှန်းချက် အောင်မြင်ခဲ့သည်။ ချန်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့်အနေဖြင့် တိုက်ရိုက်ရွေး ကောက်ပွဲစနစ်ကို အာမခံရန်နှင့် သမ္မတအား ပြန်လည်ခန့်အပ်ခြင်းကို ကန့်သတ်မှုများပြုလုပ်ခဲ့သည်။ ထို့နောက်မှာတော့ ဆဋ္ဌမသမ္မတနိုင်ငံဟု လူသိများသော လက်ရှိဒီမိုကရေစီအစိုးရကို တည်ထောင်ခဲ့ပြီး ချန်လည်း အငြိမ်းစားယူခဲ့လေတော့သည်။

“တောင်ကိုရီးယားနည်းလမ်း”ဖြင့် အရှေ့တောင်အာရှဒီမိုကရေစီအတွက် ဖြစ်နိုင်ခြေ

တောင်ကိုရီးယားဒီမိုကရေစီသည် ၂၇ နှစ်တာကြာမြင့်ခဲ့သော ဒီမိုကရေစီဆန္ဒပြမှုများနှင့် တက်ကြွလှုပ်ရှားမှုများ၏ ရလာဒ်ဖြစ်သည်။ အထက်တွင်ဖော်ပြခဲ့သော အကြောင်းအရာများက တောင်ကိုရီးယားနိုင်ငံ၏ တရားမျှတသော ရွေးကောက်ပွဲအတွက် ပြည်သူလူထု၏ တောင်းဆိုနိုင်မှုစွမ်းအားက အာဏာရှင်အစိုးရများအား လစ်ဘရယ်ဒီမိုကရေစီအစိုးရအဖြစ် မည်သို့မည်ပုံ ပြောင်းလဲနိုင်ကြောင်း ဥပမာတစ်ခုအနေဖြင့် ဖော်ပြခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်က မကြာသေးခင်ကဖြစ်ပွားခဲ့သော အရှေ့တောင်အာရှနိုင်ငံ၏ ဖြစ်စဉ်နှင့်တူညီနေသည်။ အတိတ်ကတောင်ကိုရီးယားနှင့် လက်ရှိ မြန်မာ၊ ထိုင်း နှစ်နိုင်ငံလုံးတွင် တရားမျှတသောရွေးကောက်ပွဲမှတဆင့် ခေါင်းဆောင်များကိုရွေးချယ်ခွင့်နှင့် လွတ်လပ်စွာပြောဆိုခွင့်အပေါ် လူထုစိတ်ဝင်စားမှုတိုးလာသည်။

ဆန္ဒပြပွဲများတွင် အစိုးရဆိုသူများက မျက်ရည်ယိုဗုံး၊ မီးသတ်ပိုက်နှင့် ယုတ်စွအဆုံး ကျည်အစစ်များကိုအသုံးပြုပြီး ဆန္ဒပြသူများအပေါ် ရုပ်ပိုင်းဆိုင်ရာနှိပ်ကွပ်မှုများ ပြုလုပ်ခဲ့ကြသည်။ အရပ်သားများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်ပြီး အမေရိကန်က မြန်မာစစ်တပ်ကို သတိပေးပြောဆိုထားသလို လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ် လွတ်လပ်ခွင့်များကို လေးစားလိုက်နာရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖိအားပေးမှုများပိုတိုးလာသည်။ ရေရှည်မှာတော့ အရှေ့တောင်အာရှ ဆန္ဒပြပွဲများသည် ၁၉၈၇ တောင်ကိုရီးယားရလာဒ်များအတိုင်း ရလာနိုင်သည်။

သို့သော်လည်း မကြာသေးမီကဖြစ်ပွားခဲ့သော အရှေ့တောင်အာရှဆန္ဒပြပွဲများနှင့်ပတ်သက်ပြီး အခက်အခဲဖြစ်စေနိုင်သော အဓိကကွဲပြားခြားနားချက် ၂ ခုရှိနေသေးသည်။ ပထမဆုံးအချက်မှာ ဒီမိုကရေစီအပေါ် ဘယ်လိုသဘောထား ဆက်ဆံသလဲဆိုသောအကြောင်းပေါ်မူတည်ပြီး တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှနိုင်ငံတို့၏ ကွဲပြားခြားနားမှုဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် စစ်အေးကာလအတွင်း အမေရိကန်နှင့် ကွန်မြူနစ်ဆန့်ကျင်ရေး ဩဇာကြောင့် ဒီမိုကရေစီသည် တောင်ကိုရီးယားလူထုအကြား အမြစ်တွယ်ခဲ့သောကြောင့်ဖြစ်သည်။ တောင်ကိုရီးယားခေါင်းဆောင်များ မြောက်ကိုရီးယားနှင့် ကွန်မြူနစ်ခြိမ်းခြောက်မှုများအတွက် ဒီမိုကရေစီနှုန်းစံများကို အလေးပေးဖို့လိုအပ်လေသည်။

အရှေ့တောင်အာရှ အာဏာရှင်အစိုးရများသည် ဒီမိုကရေစီထက် အခြားနည်းလမ်းများဖြင့် သူတို့ကိုယ်သူတို့ တရားမျှတမှုရှိသည်ဟုဆိုသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ မှ ၂၀၁၁ ခုနှစ်အထိ စစ်အုပ်ချုပ်ရေးအောက် နေထိုင်ခဲ့ရသည်။ ၂၀၀၀ ခုနှစ်၏ ပထမဆယ်စုနှစ်များတွင် စစ်တပ်မှ အရပ်သားအစိုးရအသွင်ကူးပြောင်းမှု စတင်ခဲ့သည့်တိုင် ပြည်တွင်းနိုင်ငံရေးတွင် စစ်တပ်ပါဝင်ပတ်သက်ခွင့် ယူထားပြီးဖြစ်သည်။ စစ်တပ်ကရေးဆွဲထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ပြည်ထောင်စုဩဇာအာဏာတွင် ၂၅ ရာခိုင်နှုန်း ခန့်အပ်ခွင့်ပြုထားသည်။

စစ်တပ်ဩဇာလွှမ်းမိုးမှုမှ တရားမျှတသော တိုက်ရိုက်ရွေးကောက်ပွဲများအား ခွင့်ပြုမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ကျော်ဖြတ်ရန်မဖြစ်နိုင်ပေ။ မြန်မာ့ပြည်တွင်းရေးတွင် စစ်မှန်သောဒီမိုကရေစီ အမြစ်တွယ်ရန်အတွက် နေရာအကန့်အသတ်ရှိနေသည်။

ထိုင်းတွင် Siamese တော်လှန်ရေးပေါ်ပေါက်လာပြီး ထိုင်းဒီမိုကရေစီအစဉ်အလာ စတင်ခဲ့သော်လည်း ဗျူရိုကရက်များနှင့် စစ်တပ်အကြား နိုင်ငံရေးမတည်ငြိမ်ဖြစ်ပြီး ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားခဲ့သည်။ မကြာခဏအာဏာသိမ်းခြင်းက နည်းလမ်းတခုဖြစ်လာပြီး ဒီမိုကရေစီရွေးကောက်ပွဲရလာဒ်များ မကြာခဏပျက်ပြားခဲ့ရသည်။ ထိုင်းနိုင်ငံတွင် အာဏာသိမ်းမှု ၁၃ ကြိမ်အထိရှိခဲ့ပြီး လက်ရှိအာဏာရထားသော ဗိုလ်ချုပ်ပရာယွတ်က ၂၀၁၄ တွင် အာဏာသိမ်းခဲ့သည်။

ထိုင်းနိုင်ငံဘုရင်စနစ်သည် အခြားသော ဗြိတိန် (သို့မဟုတ်) ဂျပန်ကဲ့သို့သော ဘုရင်စနစ်နှင့်မတူဘဲ ထိုင်းဘုရင်စနစ်က ပြည်တွင်းနိုင်ငံရေးစနစ်တွင် ခိုင်မာသောအခန်းကဏ္ဍမှ ရှိနေသည်။ ထိုင်းနိုင်ငံရှိ စစ်အာဏာရှင်တို့သည် ၎င်းတို့တရားဝင်မှု၏ အရင်းအမြစ်တစ်ခုဖြစ်သည့် တော်ဝင်အချုပ်အခြာအာဏာပိုင်များ၏ ခွင့်ပြုချက်ကို အားကိုးနေရသည်။

လူထုတောင်းဆိုချက်များသည် အစိုးရ၏တရားဝင်မှုကို သေချာပေါက် စိန်ခေါ်နိုင်စွမ်းမရှိသောကြောင့် ဒီမိုကရေစီတောင်းဆိုမှုများ လွယ်လွယ်ကူကူ လစ်လျူရှုခံနေရသည်။

ဒုတိယအချက်မှာ ၁၉၈၀ ခုနှစ် အရှေ့မြောက်အာရှနှင့် ၂၀၂၀ အရှေ့တောင်အာရှအကြားက သိသိသာသာကွာခြားချက်ဖြစ်သည်။ ဇွန်လအရေးအခင်းက စစ်အေးတိုက်ပွဲမပြီးဆုံးခင် ဖြစ်ပွားခဲ့သည်။ တောင်ကိုရီးယားအနေဖြင့် ၁၉၉၀ အစောပိုင်းကာလအထိ တရုတ်၊ ဆိုဗီယက်ယူနီယံတို့နှင့် သံတမန်ဆက်ဆံရေး မထူထောင်ခဲ့ပေ။ ကွန်မြူနစ်အုပ်စုအား ဆန့်ကျင်ရန် ၎င်း၏လုံခြုံရေးအတွက် အမေရိကန်ကို အားကိုးခဲ့သည်။ ထို့ကြောင့် အာဏာရှင်အစိုးရများသည် ၎င်းတို့အာဏာကို ထိန်းသိမ်းရန်အတွက် အမေရိကန်ထောက်ခံမှုလိုအပ်သည်။

ချန်အနေဖြင့် သူ၏အာဏာ လက်လွှတ်ခဲ့ရခြင်း၏ အကြောင်းတခုမှာ ဝါရှင်တန်ထောက်ခံမှု ဆုံးရှုံးသွားသောကြောင့်ဖြစ်သည်။ ဇွန်လအရေးအခင်းကာလအတွင်း အရပ်သားများအား အင်အားသုံးခြင်းနှင့် တောင်ကိုရီးယားတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် တွန်းအားပေးရန် လွှတ်တော်အမတ်များအား ရေဂင်အစိုးရက ဖိအားပေးခဲ့သည်။ ထို့ကြောင့် တောင်ကိုရီးယားအစိုးရအတွက် ရွေးချယ်စရာ အနည်းငယ်သာရှိ၍ ဒီမိုကရေစီတောင်းဆိုမှုများကို လက်ခံရန်လိုအပ်သည်။ ထို့အတူ အမေရိကန်၏ထောက်ခံမှု ဆုံးရှုံးခြင်းသည် မြောက်ပိုင်းလုံခြုံရေးကိုလည်း ထိခိုက်စေသည်။

ဆန့်ကျင်ဘက်အားဖြင့် လက်ရှိအရှေ့တောင်အာရှဒေသသည် အမေရိကန်နှင့် တရုတ်အကြားက အားပြိုင်မှုအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဖြစ်သည်။ စစ်အေးတိုက်ပွဲပြီးဆုံးချိန်မှစ၍ ဒေသတွင်းတရုတ်ဩဇာမြင့်တက်လာပြီး ဘေကျင်းသည် ၎င်း၏အိမ်နီးချင်းနိုင်ငံများအားကျော်လွန်ပြီး အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်တည်ရှိမှုကို စိန်ခေါ်လာခဲ့သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်၍ လေ့လာသုံးသပ်သူအချို့ကလည်း တရုတ်သည် စစ်တပ်ထက် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ပိုပြီးအလေးထားလိမ့်မည်ဟု ထောက်ပြကြသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်းကလည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပဋိပက္ခများသည် တရုတ်မြင်ချင်သော အရာများမဟုတ်ကြောင်း ပြောကြားခဲ့သည်။ ၎င်းအစား တည်ငြိမ်အေးချမ်းမှုကိုသာ လိုလားသည်ဟုဆိုသည်။ စစ်အာဏာသိမ်းမှုနှင့် CDM လှုပ်ရှားမှု ၂ ခုလုံးက တရုတ်အတွက် မတည်ငြိမ်မှု၏ အရင်းအမြစ်အဖြစ် ရှုမြင်သည်။

တရုတ်အစိုးရအနေဖြင့် အာဏာသိမ်းမှုကို ရှုတ်ချကန့်ကွက်သော UN လုံခြုံရေးကောင်စီ၏ ကြေညာချက်ကိုပိတ်ပင်ခဲ့ပြီး မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကိုတားဆီးရန်အတွက် တက်ကြွသောလှုပ်ရှားမှုများကိုလည်း ပြသခြင်းမရှိခဲ့ပါ။ မြန်မာနိုင်ငံတွင်း ပြည်တွင်းတည်ငြိမ်မှု (သို့မဟုတ်) အခြားအရှေ့တောင်အာရှ အိမ်နီးချင်းများ ပိုပြီးပြင်းထန်လာပါက တရုတ်အနေဖြင့် အာဏာရှင်အစိုးရအား ပံ့ပိုးရန်ရွေးချယ်နိုင်သည်။ ထို့ကြောင့် အာဏာရှင်အစိုးရများသည် အမေရိကန်ထံမှ ယုံကြည်မှုဆုံးရှုံးရလျှင်တောင်မှ တရုတ်ထံမှ ထောက်ခံမှုရယူနိုင်သည်။

အာရှ၏ ဒီမိုကရေစီအနာဂတ်

တောင်ကိုရီးယား၏ ဒီမိုကရေစီသည် လူထုတောင်းဆိုမှုကြောင့်သာမက အစိုးရ၏ တရားဝင်မှုရှာဖွေခြင်းနှင့် ပြင်ပပါဝါအပေါ် မှီခိုအားထားမှုတို့ကြောင့် ဖြစ်နိုင်ခဲ့သည်။ အရှေ့တောင်အာရှသည် လက်ရှိတွင် အလားတူပုံစံ ဖြတ်သန်းနေသော်လည်း တောင်ကိုရီးယားနှင့် ကွဲလွဲမှုများသည် ဒေသတွင်းဒီမိုကရေစီအတွက် စိန်ခေါ်မှုများ ပိုမိုဖြစ်လာစေနိုင်သည်။ တောင်ကိုရီးယားသည် အရှေ့တောင်အာရှ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် စံပြဖြစ်နိုင်သော်လည်း ထိုတစ်ခုတည်းနှင့်တော့ မဖြစ်သင့်ပါ။

အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်များသည် အရှေ့တောင်အာရှအတွက် ဥပမာကောင်းများဖြစ်သည်။ အွန်လိုင်းပလက်ဖောင်းများကိုအသုံးပြု၍ ဒီမိုကရေစီလှုပ်ရှားမှုပုံစံသစ် “Milk Tea Alliance”က အောင်မြင်မှုများ ပေးစွမ်းနိုင်သည်။

သို့သော်လည်း အရှေ့တောင်အာရှ၏ အာဏာရှင်နိုင်ငံများအနေဖြင့် ဒီမိုကရေစီကို ဘယ်လောက်မြန်မြန် လိုချင်သနည်းဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ လက်ရှိအခြေအနေအရ နောင်လာမည့်နှစ်များတွင် ပိုပြီးခက်ခဲသော ရုန်းကန်မှုနှင့် ဝေဒနာများ ရှိလာလိမ့်ဦးမည်သာ ဖြစ်တော့သည်။

ကြည်ဖြူစံ

The Diplomat တွင်ဖော်ပြထားသော ဆောင်းပါးရှင် Choi Seong Hyeon ၏ Can Southeast Asia Follow South Korea’s Democratization Model? ကို ဆီလျော်အောင် ပြန်လည်ရေးသားပါသည်။