“နယ်မြေတည်တံ့ခိုင်မြဲရေးနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ခိုင်မာပြတ်သားဖို့ လိုတယ်”

Bangladesh Enterprise Institute (BEI) ၏ ဥက္ကဌဖြစ်သလို သံအမတ်ဟောင်းလည်း ဖြစ်သူ M Humayun Kabir က ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ The Daily Star သတင်းဌာနကို ဖြေကြားချက်များဖြစ်သည်။ 

By Admin 26 Jun 2024

ပုံစာ - နတ်မြစ်အနီးတွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - Bangla Tribune
ပုံစာ - နတ်မြစ်အနီးတွင် စောင့်ကြပ်နေသည့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - Bangla Tribune

ဖော်ပြပါအင်တာဗျူးသည် Bangladesh Enterprise Institute (BEI) ၏ ဥက္ကဌဖြစ်သလို သံအမတ်ဟောင်းလည်း ဖြစ်သူ M Humayun Kabir က The Daily Star သတင်းဌာနမှ Tamanna Khan အား မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် အာရက္ခတပ်တော်အကြား လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှုများနှင့် ပတ်သက်၍ ဖြေကြားချက်များ ဖြစ်ပါသည်။ ဖော်ပြချက်များသည် ဖြေကြားသူ၏ အာဘော်နှင့် အသုံးအနှုန်းများသာ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

■ မြန်မာ့ပြည်တွင်း ပဋိပက္ခဟာ ကျွန်မတို့နိုင်ငံရဲ့ အရှေ့တောင်နယ်စပ်၊ အထူးသဖြင့် စိန့်မာတင်ကျွန်းကို ရိုက်ခတ်မှုရှိလာနေပါတယ်။ ဒီအခြေအနေကို ဘယ်လိုသုံးသပ်ပါသလဲ။

ဒါက သိပ်ရှုပ်ထွေးပြီး ခက်ခဲတဲ့အနေအထားပါ။ ကျွန်တော်တို့မှာက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာလူထု ပြဿနာကလည်း ရှိနေတာဆိုတော့။ ပြီးခဲ့တဲ့ ၇ နှစ်တာအတွင်းမှာ သူတို့ကို ကျွန်တော်တို့ပဲ တာဝန်ယူထားရတာ။ ဒီအပေါ်မှာမှ ထပ်ပြီးတော့ အခုအခါ မြန်မာ့ပြည်တွင်းရေး ပြဿနာဟာ ကျွန်တော်တို့ နယ်စပ်အထိ ရောက်လာခဲ့ပြီ။ မကြာသေးခင် အချိန်တွေမှာပဲ မြန်မာဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ ကျည်တွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကျခဲ့တာရှိတယ်။ ပြီးခဲ့တဲ့ နှစ်ပတ် သုံးပတ်အတွင်းမှာလည်း အရှေ့တောင်ဘက် နယ်စပ်ဒေသတွေ၊ အထူးသဖြင့် ကော့ဘဇားတဝိုက်မှာ အခက်အခဲတွေ ကြုံနေရတာတွေ ရှိတယ်။ စိန့်မာတင်ကျွန်းဆိုလည်း မြန်မာဘက်က ပစ်ခတ်မှုတွေနဲ့ ကြုံရတာရှိတယ်။ 

ရခိုင်ဘက်မှာ ဘာပဲဖြစ်နေနေ ဒါဟာ မြန်မာ့ပြည်တွင်းရေးပဲလို့ ယူဆပြီး ဒီအခြေအနေကို ကျွန်တော်တို့ဟာ ပျော့ပျော့ပျောင်းပျောင်း အနေအထားမျိုးနဲ့ပဲ ချည်းကပ်နေတာပေါ့လေ။ ဒါကြောင့်ပဲ ကျွန်တော်တို့ဟာ သံတမန်ရေးရာ ခြေလှမ်းမျိုးကလွဲပြီး တခြားပုံစံတွေနဲ့ ဆောင်ရွက်တာမျိုးကို ရှောင်နေကြတာ။ နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုတွေကို သံတမန်လမ်းကြောင်းကတစ်ဆင့်ပဲ ကန့်ကွက်ကြောင်း တင်ပြတယ်၊ နယ်စပ်ရေးရာ ပြဿနာတွေ ပေါ်လာတိုင်းလည်း ကန့်ကွက်ပြောဆိုတာတွေ လုပ်တယ်။ ကျွန်တော်တို့အနေနဲ့ တည်တည်ငြိမ်ငြိမ် ဖြစ်အောင် ကြိုးစားထိန်းသိမ်းပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ဝင်လာတဲ့ အုပ်စုတွေကို ပြန်ပို့ဖို့လည်း စီစဉ်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဟာ ဒါကို မြန်မာ့ပြည်တွင်းရေး အဖြစ်သာ ယူဆထားပြီး ပါဝင်ပတ်သက်ဖို့ ဆန္ဒလည်း မရှိကြောင်းကို မြန်မာဘက်သာမက နိုင်ငံတကာ အသိုင်းအဝိုင်းကိုပါ ရှင်းရှင်းလင်းလင်း အချက်ပြထားပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကလိုလားတာက ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်ပို့ရေးပါပဲ။ ဒါဟာ ကျွန်တော်တို့အတွက် ဦးစားပေးနေရာမှာ ရှိနေဆဲပါ။

■ ဒီပဋိပက္ခက ဘင်္ဂလားဒေ့ရှ်ကို ဘယ်လိုသက်ရောက်နေသလဲ။

ဒီစစ်ရေးပဋိပက္ခက ပိုပြင်းထန်လာနေပြီး အေအေဟာ ရခိုင်ဒေသကို မြန်မာစစ်တပ် လက်ထဲကနေ သိမ်းပိုက်နိုင်ခြေ အလားအလာက ပိုများလာပါတယ်။ ဒီအတိုင်းသာ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ တစ်ခါမှ မကြုံဖူးသေးတဲ့ အခြေအနေတစ်ရပ် ထွက်ပေါ်လာပါလိမ့်မယ်။ ဥပမာဆိုရရင် ကျွန်တော်တို့ဟာ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတွေအဖြစ် ဆက်ဆံရေး ထိန်းသိမ်းထားလိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ကြားခံပေးထားတဲ့ ရခိုင်ပြည်နယ်သာ အာရက္ခတပ်တော်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားခဲ့တယ် ဆိုကြပါစို့။ ထွက်ပေါ်လာမယ့် မေးခွန်းက မြန်မာအစိုးရနဲ့ ကျွန်တော်တို့ကြားက ဆက်ဆံရေးကို ဘယ်ပုံဘယ်နည်း ထိန်းသိမ်းဆောင်ရွက်သင့်သလဲ။ အဲဒီလိုမျိုး အခြေအနေအောက်မှာ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အလားအလာက ဘယ်လိုဖြစ်သွားနိုင်သလဲ။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အာရက္ခတပ်တော်ကို နိုင်ငံရေး အဖွဲ့သင်းပင်းတစ်ခုအဖြစ် အသိအမှတ်ပြုမထားဘူး။ သူတို့သာ ရခိုင်ကို လက်တွေ့ကျကျ ထိန်းချုပ်သွားပြီဆိုရင် သူတို့နဲ့ ကျွန်တော်တို့ အကြားမှာ ဘယ်လိုဆက်ဆံရေးမျိုး ထားမလဲ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီပြည်တွင်းပဋိပက္ခဟာ  ဘင်္ဂလားဒေ့ရှ်အတွက် သံတမန်ရေးရာ စိန်ခေါ်မှုတစ်ရပ် ဖန်တီးလျက်ရှိပါတယ်။ ဒီဟာက ရိုဟင်ဂျာနေရပ်ပြန်ရေးကိုလည်း ပိုမိုရှုပ်ထွေးစေပါလိမ့်မယ်။ 

ဘင်္ဂလားဒေ့ရှ်ဘုတ်တွေကို မြန်မာဘက်က ပစ်ခတ်တာတွေကတော့ မြန်မာနယ်စပ်မှာ နေထိုင်နေကြတဲ့ ကျွန်တော်တို့ ပြည်သူတွေကို အခက်တွေ့စေပါတယ်။ ဘင်္ဂလားဒေ့ရှ်ပြည်မနဲ့ စိန့်မာတင်ကျွန်းအကြား ဆက်သွယ်ရေးကိုလည်း အဟန့်အတား ဖြစ်စေပါတယ်။ ပြီးခဲ့တဲ့ နှစ်ပတ်သုံးပတ် အတွင်းမှာဆိုရင် ပြည်ပနဲ့ စိန့်မာတင်အကြားက ကူးလူးဆက်ဆံရေးဟာ ပုံမှန်မရှိနိုင်ခဲ့ဘူး။ နောက်ပိုင်းမှာလည်း စိန့်မာတင်ကျွန်းနဲ့ ပတ်သက်လို့ ရှုထောင့်ပေါင်းစုံက ပြောဆိုကြတာတွေ ကြားရပါတယ်။ ဒီကျွန်းသာ မြန်မာဘက်က ခြိမ်းခြောက်မှု တစ်စုံတစ်ရာကို ကြုံလာရမယ် ဆိုရင် ကျွန်တော်တို့ရဲ့ နယ်မြေအချုပ်အခြာအာဏာနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ပေါ်ထွက်လာစေမှာပါ။ 

ဘင်္ဂလားဒေ့ရှ်အတွက် ဆိုရင်တော့ သံတမန်ရေး၊ စစ်ရေးနဲ့ မဟာဗျူဟာအရေးဆိုပြီး သုံးဘက်လုံးက ခြိမ်းခြောက်မှု တစ်ရပ်ကို ရင်ဆိုင်နေရပြီ ဆိုတဲ့သဘောပါ။ ဒါကြောင့်ပဲ ဘင်္ဂလားဒေ့ရှ်အနေနဲ့ မြန်မာနဲ့ သံတမန်လမ်းကြောင်းအရ ဆက်သွယ်ပြီး ကျွန်တော်တို့ဟာ သူတို့ရဲ့ ပြည်တွင်းစစ်မှာ ဝင်မပါဘူးလို့ အသိပေးရုံသာမက နယ်စပ်တလျှောက်မှာ အခြေအနေတွေ ပိုဆိုးရွားလာခဲ့မယ် ဆိုရင် ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့အတွက် သင့်တော်သလို ဆောင်ရွက်ဖို့ပါ အထူးအရေးကြီးနေတာ ဖြစ်ပါတယ်။

■ ကျွန်မတို့အနေနဲ့ တခြားလုပ်သင့်တာတွေ ရှိပါသေးသလား။

ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး တစ်ခုခု လုပ်ပြဖို့တော့ လိုတယ်လို့ ထင်ပါတယ်။ လိုအပ်လာရင် စိန့်မာတင်ကျွန်းတစ်ဝိုက်က စိန်ခေါ်မှုတွေကို ကိုင်တယ်ဖြေရှင်းဖို့အတွက် လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါတယ်။ ဒီအရေးက ကျွန်တော်တို့ရဲ့ အမျိုးသားလုံခြုံရေးကို ရိုက်ခတ်မှု ရှိနေပြီ ဆိုတော့ ကျွန်တော်တို့အနေနဲ့ ခိုင်မာပြတ်သားသင့်သလို ဒီပြတ်သားမှုကိုလည်း မြန်မာကို ပြသသင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ အာရက္ခတပ်တော်ကိုလည်း ဒီသတင်းစကားကို အသိပေးသင့်ပါတယ်။ ဒီနေရာမှာ တစ်ခုရှိတာက သူတို့ဟာ ကျွန်တော်တို့ရဲ့ နယ်မြေ အချုပ်အခြာအာဏာကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်တယ်၊ စိန့်မာတင်ကျွန်းဘက်ကို တမင်ပစ်ခတ်တယ်လို့ ကျွန်တော် မယုံကြည်ပါဘူး။ ဒါပေမဲ့လည်း ဒီလုပ်ရပ်တွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူး ဆိုတာကို သူတို့ကို ကျွန်တော်တို့ သတင်းစကားပါးဖို့ အရေးကြီးပါတယ်။ ဒါတွေ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ ကိုယ့်နယ်မြေ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ လိုအပ်ပါလိမ့်မယ်။

■ ဘင်္ဂလားဒေ့ရှ်ဟာ အပစ်အခတ် ရပ်စဲရေးတစ်ရပ် ကြားဝင်ညှိပေးနေတယ်လို့ ရှင်ပြောဖူးတာ ရှိပါတယ်။ အဲဒီညှိနှိုင်းမှု ရှိပါသေးသလား။

အဲဒီတုန်းကတော့ ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အခုက အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ ဒါကြောင့် အပစ်အခတ် ရပ်စဲရေးတစ်ရပ် စီစဉ်ဆောင်ရွက်နိုင်တဲ့ အခြေအနေမှာ မရှိတော့ဘူးလို့ ကျွန်တော်ယူဆပါတယ်။ 

ခုချိန်မှာက ဒီပဋိပက္ခကနေ ပုံစံနှစ်မျိုး ပေါ်ထွက်လာနိုင်ခြေ ရှိနေပါတယ်။ ပထမပုံစံက မြန်မာစစ်တပ်ဟာ အေအေကို ထိန်းချုပ်နိုင်ရေးအတွက် မြေပြင်နဲ့ ဝေဟင် အကူအညီတွေ ပိုမိုပို့ဆောင်တဲ့အတွက် ရခိုင်ပဋိပက္ခ ပိုမိုပြင်းထန်လာနိုင်တဲ့ ပုံစံပါ။ ဒါက ဖြစ်နိုင်ခြေတော့ ဝေးပါတယ်။ ဒုတိယပုံစံက ရခိုင်ဒေသကို အေအေက စစ်ရေးအရ အပြည့်အဝ ထိန်းချုပ်လိုက်ပြီးနောက်မှာ အပစ်ရပ်ရေး ဆွေးနွေးနိုင်ခြေပါ။ ဘယ်ပုံစံပဲ ပေါ်ထွက်လာသည် ဖြစ်စေ ရွေးချယ်စရာ နည်းလမ်းအသစ်တွေ ကြံဆရမှာဖြစ်ပါတယ်။

■ ပဋိပက္ခတွေ ပိုဆိုးလာတာနဲ့အမျှ နောက်ထပ် ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်ကို ဝင်ဖို့ကြိုးစားလာကြမယ်လို့ ထင်ပါသလား။

ရိုဟင်ဂျာတွေဟာ နှစ်ဘက်လုံးဆီမှာ အသုံးချခံ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတယ် ဆိုတဲ့သတင်းတွေကို ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ နိုင်ငံတကာမီဒီယာတွေနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေကနေ ကြားခဲ့ရပါတယ်။ ရိုဟင်ဂျာတွေကို မြန်မာအစိုးရက အသုံးချနေတယ် ဆိုတဲ့သတင်းတွေလည်း ရှိနေပါတယ်။ အာရက္ခတပ်တော်အတွက် လုပ်ပေးနေတဲ့ ရိုဟင်ဂျာတွေလည်း ရှိတယ်ဆိုပြီး သတင်းတချို့မှာ ဖော်ပြတာတွေ့ရပါတယ်။ ရလဒ်အနေနဲ့ကတော့ ရိုဟင်ဂျာလူထုဟာ မြန်မာပြည်ထဲမှာ အထူးသဖြင့် အခုဆိုရင် ရခိုင်မှာ ကြီးမားတဲ့ အခက်အခဲတွေ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘူးသီးတောင်မြို့မှာဆိုရင် ရိုဟင်ဂျာနေအိမ် ထောင်ပေါင်းများစွာကို အာရက္ခတပ်တော်က မီးရှို့ခဲ့တယ် ဆိုတဲ့သတင်းတွေလည်း ထွက်ခဲ့ပါတယ်။ သူတို့ကတော့ ဒီလို မီးရှို့မှုမှာ ပါဝင်မှု မရှိကြောင်း ထုတ်ပြန်ချက်တွေထုတ်ပြီး ငြင်းဆိုခဲ့သလို တစ်ဘက်ကို ပြန်စွပ်စွဲခဲ့ပါတယ်။ ရိုဟင်ဂျာတွေကတော့ ကြားမှာခံရတာပေါ့လေ။ 

ရခိုင်မှာ လက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ၆ သိန်းလောက်ရှိပါတယ်။ သူတို့အနေနဲ့ အခက်အခဲတွေ ကြုံလာရရင် ဘင်္ဂလားဒေ့ရှ်ဘက်က ရိုဟင်ဂျာတွေကို လက်မခံတော့ဘူးလို့ ဘယ်လောက်ပဲ ရှင်းရှင်းလင်းလင်း ကြေညာထားပါစေ နယ်စပ်ဖြတ်ကျော်ပြီး ဝင်လာနိုင်ခြေ ရှိနေပါတယ်။ ဆိုတော့ မြန်မာမျက်နှာစာမှာက သံတမန်ရေး၊ လူသားချင်း စာနာထောက်ထားရေး၊ စစ်ရေး၊ မဟာဗျူဟာအရေး စသဖြင့် ဘက်ပေါင်းစုံက စိန်ခေါ်မှုတွေ ပေါ်ထွက်လာနေတာပါ။ ရှေ့ဆက်ဖို့အတွက် ဒီကိစ္စရပ်ကို ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေဖြစ်သလို မြန်မာနဲ့ အာရက္ခတပ်တော် အပါအဝင် အခြားသော အုပ်စုတွေအပေါ် တနည်းတဖုံ သြဇာရှိတဲ့ အိန္ဒိယ၊ တရုတ်၊ ဂျပန်၊ ထိုင်းတို့နဲ့ ကျွန်တော်တို့ ဆွေးနွေးညှိနှိုင်းဖို့ အထူးပဲ အရေးကြီးပါတယ်။ ဒီအရေးကို ကုလသမဂ္ဂမှာ တင်ပြဖို့လည်း စဉ်းစားသင့်ပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ကိုယ့်ရဲ့ နယ်မြေပိုင်နက် အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ ကိုယ့်ပြည်သူလူထုရဲ့ လုံခြုံရေးအတွက် သင့်လျော်တဲ့ ခြေလှမ်းတွေ ဆောင်ရွက်သင့်သလို ရိုဟင်ဂျာတွေကို မြန်မာပြည်ဆီ စောနိုင်သမျှ အစောဆုံး ပြန်ပို့နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့၊ ကိုယ့်ရည်မှန်းချက်တွေ ပြည့်ဝဖို့အတွက် သက်ဆိုင်တဲ့ အင်အားစုတွေ အားလုံးနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

ဗီဒီယိုများ