- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး ရေငုပ်သင်္ဘောအခြေစိုက်စခန်း ယနေ့ စတင်လည်ပတ်မည်
ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ပထမဆုံး ရေငုပ်သင်္ဘော အခြေစိုက်စခန်းကို ကော့ဘဇားခရိုင် ပီကူအာ (Pekua) ခရိုင်ခွဲတွင် မတ်လ ၂၀ ရက်နေ့ စတင်လည်ပတ်တော့မည် ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
20 Mar 2023
ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ပထမဆုံး ရေငုပ်သင်္ဘော အခြေစိုက်စခန်းကို ကော့ဘဇားခရိုင် ပီကူအာ (Pekua) ခရိုင်ခွဲတွင် မတ်လ ၂၀ ရက်နေ့ စတင်လည်ပတ်တော့မည် ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါရေတပ်စခန်းတွင် ခေတ်မီ ဆိပ်ခံ အဆောက်အအုံများ ပါဝင်ပြီး ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများ လုံခြုံစွာ ထားရှိနိုင်ရန်အတွက် တည်ဆောက်ထားခြင်းဟု သတင်းတွင် ဖော်ပြသည်။
အမေရိကန်ဒေါ်လာ ၁.၂၁ ဘီလျံ အကုန်ကျခံပြီး တရုတ်အကူအညီဖြင့် တည်ဆောက်ထားသည့် ဤစခန်း၌ ရေငုပ်သင်္ဘော ၆ စီးနှင့် စစ်သင်္ဘော ၈ စီးအထိ တစ်ပြိုင်တည်း ဝင်ဆံ့နိုင်သည်။ ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိသည့်အတွက် ရေငုပ်သင်္ဘောများသည် အရေးပေါ်အခြေအနေ၌ ဆိပ်ကမ်းမှ အလွယ်တကူ ဝင်ထွက်သွားလာနိုင်မည် ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်၏ ရေတပ်စွမ်းရည်အတွက် အဓိကအရေးပါသည့် စီမံကိန်းများအနက် တစ်ခုဖြစ်သော ဤရေတပ်စခန်းကို ၂၀၁၇ ခုနှစ် မတ်လ ၃ ရက်နေ့တွင် စတင်၍ အုတ်မြစ်ချခဲ့ခြင်း ဖြစ်သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ၂၀၁၆ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်သို့ အလည်အပတ် သွားရောက်ခဲ့သည်။ နှစ်ပေါင်း ၃၀ အတွင်း တရုတ်သမ္မတတစ်ဦး၏ ပထမဆုံး ဘင်္ဂလားဒေ့ရှ် ခရီးစဉ်နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် တရုတ်ထံမှ ရေငုပ်သင်္ဘော နှစ်စီး ဝယ်ယူခဲ့သည်။ တရုတ်ကျွမ်းကျင် ပညာရှင်များကလည်း ဘင်္ဂလားဒေ့ရှ်အတွက် ရေငုပ်သင်္ဘော အခြေစိုက်စခန်း တည်ဆောက်ပေးမည်ဟု ကတိကဝတ် ပြုခဲ့သည်။
ဘင်္ဂလားဒေ့ရှ်သည် ပြီးခဲ့သောနှစ်များအတွင်း နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို မြှင့်တင်ခဲ့သလို မြန်မာနယ်စပ် အနီးတွင်လည်း လေတပ်အခြေစိုက်စခန်း အသစ်တစ်ခု တည်ဆောက်ခဲ့သည်။
မြန်မာနှင့် ကာလရှည်ကြာ အငြင်းပွားနေခဲ့သည့် ရေပြင်ပိုင်နက်အရေးကို နိုင်ငံတကာ တရားရုံးက အဆုံးအဖြတ် ပေးခဲ့ပြီးနောက်တွင် ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏ စုစုပေါင်းကုန်းမြေဧရိယာနီးပါး ကျယ်ဝန်းသည့် ရေပြင်ပမာဏဖြစ်သော ၁၁၁၆၃၁ စတုရန်းကီလိုမီတာ အကျယ် ပင်လယ်ပြင်ပိုင်နက်ကို ရရှိခဲ့သည်။