ရှမ်းပြည်နယ်တွင် ရုပ်လုံးမပေါ်နိုင်ဖြစ်နေသော အပစ်အခတ်ရပ်စဲရေး

RCSS-SSA သည်လည်း တအောင်းအမျိုးသမီးငယ်တစ်ဦးအား အဓမ္မကျူးလွန်ကြောင်း စွပ်စွဲခံထားရပြီး အဆိုပါအမှုကို ဖော်ထုတ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ ပဋိပက္ခများကြောင့် ကျောက်မဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀ ခန့်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ ကိုရိုနာကပ်ရောဂါ ရှိနေသဖြင့် ၎င်းတို့သည် လွတ်လပ်စွာ သွားလာရန်လည်း အခက်အခဲ ကြုံနေရသည်။

By စောသန္တာအေး 11 Aug 2020

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော ဂုတ်တွင်းတံတား။ (ဓာတ်ပုံ - AP)


ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လာခြင်း၊ တပ်ဖွဲ့ဝင်များ တိုးမြှင့်ချထားလာခြင်းတို့၏  နောက်ကွယ်တွင် နယ်မြေမတည်ငြိမ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အရေအတွက်များ မြင့်တက်လာစေသည့် ရလဒ်များ ပေါ်ပေါက်လျက်ရှိသည်။

မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) အကြားတွင် မကြာခဏဆိုသလို တိုက်ပွဲများ ရှိနေခြင်းသည် ဒေသခံများအား နေရပ်စွန့်ခွာ ထွက်ပြေးရန် တွန်းအားပေးသကဲ့သို့ ရှိသည်။ နှိပ်စက်ညှဉ်းပမ်းခံရမှု၊ ရမ်းသမ်းပစ်ခတ်ခံရမှု၊ သေဆုံးမှု၊ တစ်ဖက်သတ်ဖမ်းဆီး အကျဉ်းချခံရမှုအပါအဝင် အခြားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများလည်း  ရှိသည်။

ဤလုပ်ရပ်များသည် လိပ်ခဲတည်းလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ပီပီပြင်ပြင် အကောင်အထည်ဖော်လိုစိတ် နှင့် အဓိပ္ပာယ်ပြည့်ဝသောရင်ကြားစေ့ရေး အတွက် စကားဝိုင်းဆွေးနွေးပွဲများ၏ အားနည်းမှုကို ပြသနေခြင်းဖြစ်သည်။ လက်နက်ကိုင်ဆောင်ထားသူ အားလုံးသည် အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ထိန်းသိမ်းပေးရမည် ဖြစ်သလို ၎င်းတို့အချင်းချင်းကြား မတူကွဲကြားမှုများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၊ ထိပ်တိုင်ရင်ဆိုင်မှုကို ရှောင်လွှဲသည့် နည်းလမ်းများဖြင့် ဖြေရှင်းကြရမည်ဖြစ်သည်။ လူ့အခွင့်အရေးကို ကာကွယ်မှုပေးနေသူများ၏ လုံခြုံရေးအတွက်လည်း အာမခံပေးနိုင်ရမည် ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့က မြန်မာစစ်တပ်သည် ကိုဗစ်-၁၉ ကပ်ရောဂါကို ကာကွယ်ကုသမှုများ အလေးထားဆောင်ရွက်နိုင်ရန် အတွက် ၎င်းတို့ဘက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ထုတ်ခဲ့သည်။ အပစ်ရပ်ကြေညာချက် ထုတ်ပြန်ချိန်မှစတင်ကာ ရှမ်းပြည်နယ်၌ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS-SSA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အပါအဝင် ရှမ်းလက်နက်ကိုင် အုပ်စုများနှင့် မြန်မာစစ်တပ်တို့ အကြားတွင် တိုက်ပွဲဖြစ်ပွားမှုများသည် ပုံမှန်မြင့်တက်လာခဲ့သည်။

၂၀၂၀ ဇွန်လတွင် တိုက်ပွဲများသည် သိသိသာသာ မြင့်တက်ခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း လက်နက်ကိုင်များအပေါ် စွပ်စွဲချက်များသည်လည်း အများအပြား ရှိလာကာ အရပ်သားလုံခြုံရေးသည်လည်း အန္တရာယ်ရှိလာခဲ့သည်။ လူငယ်တစ်ဦးအား လမ်းပြအဖြစ် အင်အားသုံးခေါ်ဆောင်ခြင်း ရှိကြောင်း မြန်မာစစ်တပ်အပေါ် စွပ်စွဲထားသလို ဇွန်လ ၂၉ ရက်နေ့၌ မြန်မာစစ်တပ်က ကျေးရွာနေအိမ်များအား ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၅၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စွပ်စွဲထားသည်များလည်း ရှိသည်။

ထိုနေ့မတိုင်မီက ကျောက်မဲမြို့နယ်မှ သက်ကြီးပိုင်းတစ်ဦးသည် မြန်မာစစ်တပ်၏ ရက်ရက်စက်စက် ရိုက်နှက်မှုကို ခံခဲ့ရသည်။ သူ၏ ကျေးရွာသို့ မြန်မာတပ် ရောက်ရှိလာသဖြင့် ကျေးရွာသားများ ထွက်ပြေးသွားစဉ် ၎င်းကျန်ရှိနေခဲ့ရာမှ ရိုက်နှက်ခံရခြင်းဖြစ်သည်။

RCSS-SSA သည်လည်း တအောင်းအမျိုးသမီးငယ်တစ်ဦးအား အဓမ္မကျူးလွန်ကြောင်း စွပ်စွဲခံထားရပြီး အဆိုပါအမှုကို ဖော်ထုတ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ ပဋိပက္ခများကြောင့် ကျောက်မဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀ ခန့်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ ကိုရိုနာကပ်ရောဂါ ရှိနေသဖြင့် ၎င်းတို့သည် လွတ်လပ်စွာ သွားလာရန်လည်း အခက်အခဲ ကြုံနေရသည်။

ရှမ်းပြည်နယ်အတွင်း အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကြောင့် အရပ်သား တစ်သောင်းခွဲပါဝင်သည့် ဆန္ဒဖော်ထုတ်မှု ပေါ်ပေါက်ခဲ့သည်။ မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော မတရားမှုများအား တာဝန်ယူဆောင်ရွက်ပေးရန် ထိုဆန္ဒထုတ်ဖော်ပွဲက တောင်းဆိုခဲ့သည်။ ရှမ်း လွှတ်တော်အမတ်များက ထိုဖြစ်စဉ်များအား မြန်မာနိုင်ငံ လူ့အခွင့်အရေးကောင်စီထံ ပေးပို့ပြီး စုံစမ်းစစ်ဆေးပေးရန် တိုက်တွန်းခဲ့သည်။

ထိုလုပ်ဆောင်ချက်များအား တုံ့ပြန်သည့်အနေနှင့် မြန်မာစစ်တပ်သည် ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သူများအား ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းရှိ ပဋိပက္ခများအပေါ် ထပ်လောင်း စိုးရိမ်စရာဖြစ်လာသည်မှာ NLD ပါတီ၏ အလေးထားမှု အားနည်းနေသည့်အချက် ဖြစ်သည်။ အရပ်သားများအပေါ် ကျူးလွန်နေကြသော လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် နှုတ်ဆိတ်နေခြင်းသည် ဤဖြစ်ရပ်များအပေါ် စိတ်ဝင်စားမှု အားနည်းခြင်းကို ပြသနေသည်။
 
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားသူများ အတွက် စိန်ခေါ်မှုများ ကြုံတွေ့ရခြင်းသည် အသစ်အဆန်း မဟုတ်တော့သော်လည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်သည်ပင် ပြစ်မှုမြောက်နေခြင်းမှာ လက်ခံနိုင်ဖွယ်မရှိပေ။ မြန်မာအစိုးရသည် လူ့အခွင့်အရေး ကာကွယ်ပေးနေသူများအတွက် ငြိမ်းစုစီဥပဒေ အပါအဝင် အရေးပါသော အပြောင်းအလဲများကို အလေးထား ဆောင်ရွက်ပေးရမည်ဖြစ်သည်။

မြန်မာအစိုးရသည် လှုပ်ရှားတက်ကြွသူများအား ငြိမ်းစုစီဥပဒေဖြင့် ပစ်မှတ်ထား အရေးယူလာသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဤဥပဒေအား လွတ်လပ်စွာ ထုတ်ဖော်ခွင့်အတွက် နိုင်ငံတကာက လက်ခံထားသည့် စံနှုန်းများနှင့်အညီ ပြင်ဆင်သင့်သည်။

ရှမ်းပြည်မြောက်ပိုင်းတွင်သာမကပေ။ ရခိုင်နှင့် ချင်းပြည်နယ်များတွင်ပါ အရပ်သားများ အသတ်ခံရမှု၊ ညှဉ်းပမ်းနှိပ်စက်ခံရမှု၊ အပြစ်ရှိသည်ဟု စွပ်စွဲပြီး သို့မဟုတ် တစ်ဘက်လက်နက်ကိုင် အုပ်စုနှင့် ဆက်သွယ်သည်ဟု ယူဆပြီး ဖမ်းဆီးမှုများ ရှိနေသည်။ မြန်မာအစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှု ကျူးလွန်ခံရသူများ၊ လက်တွေ့မြေပြင်၌ လုပ်ငန်းတာဝန်များ ဆောင်ရွက်စဉ် နှောင့်ယှက်မှု ခြိမ်းခြောက်မှုများ ကြုံတွေ့နေရသည့် ဒေသခံ ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများ အတွက် အကာအကွယ်များ အားကောင်းခိုင်မာအောင် ဆောင်ရွက်ပေးရမည့်အချိန် ရောက်နေပြီဖြစ်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုများ အများအပြားရှိခဲ့ကြောင်းကို မြန်မာအစိုးရအနေဖြင့် လူသိရှင်ကြား အသိအမှတ်ပြုပေးရမည် ဖြစ်သလို ထိုလုပ်ရပ်များအတွက် ဝန်ချတောင်းပန်ပြီး ကျူးလွန်ခံရသူများ၏ နစ်နာမှုများအတွင် ကျေလည်အောင် အစားလျော်ပေးရမည့် အကြောင်းကိုလည်း လက်ခံရမည်ဖြစ်သည်။

မှတ်ချက် - မူလဆောင်းပါးရှင် Maggi Quadrini သည် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ လူထုအခြေပြု အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးဆိုင်ရာ ပရောဂျက်အများ အပြားတွင် ပါဝင်ဆောင်ရွက်နေသူတစ်ဦး ဖြစ်သည်။

စောသန္တာအေး
(ရည်ညွှန်း - ‘Myanmar’s Ceasefire Falls Apart in Shan State’ By Maggi Quadrini, THE DIPLOMAT)