မေယုတောင်ကြောတွင် ARSA နှင့် AA ထိတွေ့တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ARSA ဘက်မှ ၅ ဦးကျဆုံးကာ အလောင်းနှင့်လက်နက်များလည်း သိမ်းဆည်းရထားကြောင်း AA နှင့်နီးစပ်သူ သတင်းရင်းမြစ်က ပြောသည်။

By Admin 19 Jul 2023

ဓာတ်ပုံ - ရက္ခိုင့်တပ်တော်
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်

DMG ၊ ဇူလိုင် ၁၉

ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်တောင်ပိုင်း အာကာပျံနှင့် စိမ်းညှင်းပြား (မွတ်ဆလင်)ကျေးရွာအနီး မေယုတောင်ကြောထဲတွင် ARSA နှင့် ရက္ခိုင်တပ်တော် (AA) တို့ ယမန်နေ့နှင့် ယနေ့တို့တွင် တိုက်ပွဲဖြစ်ပွားပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း အေအေနှင့်နီးစပ်သူ ခိုင်လုံသည့်သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။

တိုက်ပွဲအတွင်း AA တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးပြီး ARSA ဘက်မှ ၅ ဦးကျဆုံးကာ အလောင်းနှင့် လက်နက်များလည်း သိမ်းဆည်းရထားကြောင်း သတင်းရင်းမြစ်က ပြောသည်။

“ဒီဘက်(AA)က တစ်ယောက်ကျသွားတာ ရှိတယ်။ ဟိုဘက်(ARSA)က အလောင်း ၅ လောင်းရထားတယ်လို့ သိရတယ်။ ပြီးတော့ ARSA တပ်ဖွဲ့ရဲ့ လက်နက်တွေလည်း ရထားတာရှိတယ်။ အခုကတော့ စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေပါသေးတယ်” ဟု သူက ပြောသည်။

ဒေသခံများပြောပြချက်အရ ဇူလိုင်လ ၁၈ ရက်နေ့ ညပိုင်း ၉ နာရီခန့်တွင် မေယုတောင်ကြောင်ရှိ အာကာပျံတောင်ကျော်လမ်းတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ညဉ့် ၁၂ နာရီလောက်တွင် ရပ်တန့်ခဲ့ရာမှ ယနေ့နံနက်အစောပိုင်း ၅ နာရီခွဲခန့်မှ နေ့လည် ၁၂ နာရီခန့်ထိ စိမ်းညှင်းပြားတောင်ကျော်လမ်းတွင် တိုက်ပွဲပြန်ဖြစ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးအနားဖြစ်သည့် ဂူတာပြင် (မွတ်ဆလင်)ရွာသားတစ်ဦးက “ဒီနေ့ စိမ်းညှင်းပြားကျော်လမ်းဘက်မှာ သေနတ်ပစ်သံ အချက် (၂၀) လောက်ကြားရတယ်။ နောက်ပြီးတော့ ဆက်တိုက်ဖြစ်တယ်။ ဒီလိုတိုက်ပွဲဖြစ်တော့ ဒေသခံတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ ရခိုင်ဒေသခံတွေရော၊ မွတ်ဆလင်ဒေသခံတွေကြားမှာပါ စိုးရိမ်မှုတွေရှိနေကြတယ်။ လောလောဆယ်ကတော့ ရွာတွေမှာ တည်ငြိမ်နေသေးပါတယ်။ သတိထားပြီးတော့ နေရတာပေါ့ ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရခြင်းမှာ မေယုတောင်ကြောရှိ AA လှုပ်ရှားနယ်မြေအတွင်းသို့ ARSA တပ်ဖွဲ့ဝင်များက ဝင်ရောက်လာသဖြင့် အခြေအနေတင်းမာရာကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းဟု AA နှင့် နီးစပ်သည့် အခြားသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“ဒီအခြေအရဆိုရင် AA ကလည်း လက်လျော့မှာ မဟုတ်ဘူး။ အခုလည်း စစ်ရေးတင်းမာနေတဲ့ အနေအထား ရှိတယ်။ နောက်ထပ်လည်း ဖြစ်လာမယ့် အခြေအနေရှိနေတယ်လို့ သိရတယ်” ဟု ဘူးသီးတောင်ဒေသခံ AA နှင့် နီးစပ်သူက ပြောသည်။

ARSA အဖွဲ့သည် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဒေသ မေယုတောင်ကြောနှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်တို့တွင် လှုပ်ရှားလေ့ရှိပြီး ရက္ခိုင့်တပ်တော်(AA)မှာ ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးများကို စစ်ကောင်စီနှင့် စင်ပြိုင်လုပ်ဆောင်လျက် ရှိနေသည်။

#I003