- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
ရခိုင်တွင် အဖွဲ့အစည်းများ ခရီးသွားလာခွင့် ပိတ်ပင်ခံရခြင်းက မုန်တိုင်းသင့်ပြည်သူများအတွက် စိုးရိမ်စရာဖြစ်လာ
ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ပြုထားခြင်းအား ရပ်ဆိုင်းထားရန် ညွှန်ကြားစာကို ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
09 Jun 2023
DMG ၊ ဇွန် ၉
ရခိုင်ပြည်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေသည့် NGO၊ INGO နှင့် အရပ်ဖက်အဖွဲ့(CSO)များအား ဒေသတွင်း လူမှုကူညီရေး ခရီးသွားလာခွင့်ကို ဇွန်လ ၈ ရက်နေ့ကစပြီး ရက်အကန့်သတ်မၡိ ရပ်နားထားကြရန် ပြည်နယ်စစ်ကောင်စီက အကြောင်းကြားလာကြောင်း သိရသည်။
ထို့ကြောင့် ရခိုင်ပြည်အတွင်းရှိ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)၊ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီ(IRC)နှင့် တခြား ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်း(CSO)များမှာ လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးများကို ရပ်နားထားရတော့မည်ဖြစ်သည်။
“ကျနော်တို့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ သွားပေးတဲ့အခါ လမ်းတစ်ဝက်ကနေ ပြန်လှည့်လာခဲ့ရတာရှိတယ်။ ခရီးသွားခွင့် စာတင်တဲ့အဖွဲ့ကို အကြောင်းကြားလာတဲ့ သဘောပါ။ လောလောဆယ်တော့ ကျနော်တို့အဖွဲ့အနေနဲ့ သွားလို့မရဘူး။ တခြားအဖွဲ့တွေလည်း သွားလို့မရဘူးဆိုတာကြားပါတယ်”ဟု နိုင်ငံတကာအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။
ရခိုင်ပြည်အတွင်း ခရီးသွားလာခွင့်ပြုထားခြင်းအား ရပ်ဆိုင်းထားရန် ညွှန်ကြားစာကို ပြည်နယ်စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ညွှန်ကြားစာနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို ဆက်သွယ်မေးမြန်းရာ “အဲဒီလိုနေရာတွေမှာ ဆုံးဖြတ်ချက်ချတဲ့အခါ ကျနော်မပါဘူး၊ မသိဘူး။ ဒါပေမယ့် မူအားဖြင့်ကတော့ NGO တွေက ကိုယ့်သဘောနဲ့ကိုယ်သွားပြီး ဟိုဖြန့်ဒီဖြန့် ဖြန့်လို့မရဘူး။ ဒါနဂိုကတည်းက မူရှိတာပဲ။ အဲဒီဟာကို ဖောက်ဖျက်နေလို့ ထုတ်တာဖြစ်ရင် ဖြစ်မှာပေါ့”ဟု DMG ကို ပြောသည်။
ရခိုင်ပြည်အခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုကလည်း လတ်တလော ခရီးသွားလာခွင့်များကို ရပ်တန့်ထားရန် စစ်ကောင်စီက စာဖြင့်ညွှန်ကြားလာကြောင်း ပြောဆိုသည်။
“ကယ်ဆယ်ရေးပေးမယ့် အစီအစဉ်တွေ ရပ်တန့်ထားရမယ်။ အစိုးရ(စစ်ကောင်စီ)ဘက်က အဲလိုသဘောရှိတယ်။ NGO၊ INGO တွေ လုံးဝသွားလို့ အဆင်မပြေဘူး။ ခွင့်ပြုချက် လုံးဝ ထုတ်မပေးဆိုတဲ့ ပုံစံမျိုးရှိတယ်”ဟု ၎င်းအဖွဲ့က ပြောသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြောက်ဦး၊ ဘူးသီးတောင်၊ မောင်တော စသည့်မြို့နယ်များတွင် မုန်တိုင်းနောက်ဆက်တွဲဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး သန်းနှင့်ချီသော ဒေသခံများမှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ လိုအပ်နေကြသည်။
မုန်တိုင်းဒဏ်သင့် မြို့နယ်များသို့ နိုင်ငံတကာနှင့် အရပ်ဖက်အဖွဲ့အချို့က အကူအညီပေးနေကြချိန် ယခုကန့်သတ်ချက်ကြောင့် ပြည်သူများ၏ ဘဝရပ်တည်ရေး၊ ပြန်လည်ထူထောင်ရေးမှာ များစွာခက်ခဲလာနိုင်ကြောင်း ထောက်ပြကြသည်။
“မုန်တိုင်းကြောင့် အဘက်ဘက်ကထိခိုက်နေလို့ ပြန်ထူထောင်ဖို့ကြိုးစားနေကြချိန် အခုလိုအကူအညီတွေကို ပိတ်ပင်လိုက်တော့ ရခိုင်လူထုကို ‘သေအောင်သတ်တာလား’လို့ မေးခွန်းထုတ်ရတော့မယ်” ဟု မြောက်ဦးမြို့နယ်၊ ပီပင်ရင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသိန်းကျော်မြက ပြောသည်။
ထိုသို့ နိုင်ငံတကာနှင့် အခြားအဖွဲ့အစည်းများကူညီနေမှုကို ပိတ်ပင်လိုက်ခြင်းကြောင့် ရခိုင်ပြည်အတွင်းရှိ နေရပ်မပြန်နိုင်သေးသည့် မုန်တိုင်းဒဏ်ခံ စစ်ဘေးရှောင် (၇)သောင်းနီးပါး၏ စားဝတ်နေရေးအခြေအနေမှာ စိုးရိမ်စရာရှိလာသည်။
“နိုင်ငံတကာကူညီကယ်ဆယ်ရေးတွေကို ရပ်နားလိုက်မယ်ဆိုရင် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေ ပိုဆိုးသွားမယ်။ အဲဒီလိုသာ ICRC နဲ့ တခြား နိုင်ငံတကာအကူအညီတွေ ပြတ်တောက်သွားရင် ကိုယ့်တွင်းကိုယ်တူးပြီး သေဖို့ပဲရှိတော့တယ်”ဟု ရသေ့တောင်မြို့၊ စေတီတောင်အရှေ့ဘက် စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးဝင်းချေကပြောသည်။
မုန်တိုင်းသင့်ဒေသများအတွက် UN/INGO အဖွဲ့များ၏ ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီက ရန်ကုန်တွင် လွှဲပြောင်းလက်ခံကာ သက်ဆိုင်ရာ ပြည်နယ်စစ်ကောင်စီအဖွဲ့မှ တစ်ဆင့် မုန်တိုင်းသင့်ဒေသများသို့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။
#I003