ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီဗုံးကြဲ၍ ၄ ဦးသေ၊ ၅ ဦးထက်မနည်း ဒဏ်ရာရ 

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသွား၍ သံဃာတစ်ပါးအပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်။

By Admin 06 May 2024

ဓာတ်ပုံ - ABN
ဓာတ်ပုံ - ABN

DMG ၊ မေ ၆

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာကို ယနေ့နံနက်ပိုင်းက စစ်ကောင်စီ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲသွား၍ သံဃာတစ်ပါးအပါအဝင် ၄ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ဂျက်တိုက်လေယာဉ်နှစ်စီးဖြင့် နှစ်ကြိမ်တိုင်လာရောက်ဗုံးကြဲမှုကြောင့် ဦးဇာဂရ၊ အသက် (၆၀)အရွယ် ဦးနီထွန်းဦး၊ အသက်(၈၀)အရွယ် ဒေါ်မဒွေးနှင့် အသက် (၃၃)နှစ်အရွယ် ဦးမောင်ဟန်တို့ သေဆုံးသွားသည်။ 

“၉ နာရီလောက်မှာတစ်ကြိမ်၊ ၁၀ နာရီလောက်မှာ တစ်ကြိမ် လာပစ်သွားတာ။ ဘုန်းကြီးကျောင်းကို တစ်လုံးပစ်တယ်။ ကျောင်းအနီးကို တစ်လုံးပစ်သွားတယ်။ ရွာက ဦးဇင်းတစ်ပါးနဲ့ သုံးယောက်သေတယ်၊ ဒဏ်ရာရရှိသူ ငါးယောက်ထက်မနည်းရှိနေတယ်။ လောလောဆယ်မှာတော့ အဲလောက်ပဲသိနိုင်သေးတယ်” ဟု အလယ်ကျွန်းရွာသားတစ်ဦးက ပြောသည်။

ကျောက်တော်တိုက်ပွဲကာလ ဇန်နဝါရီ ၃ ရက်ကလည်း အလယ်ကျွန်းကျေးရွာကို စစ်ကောင်စီလေကြောင်းမှ ဗုံကြဲပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးလသားကလေးတစ်ဦး အပါအဝင် ၈ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ 

လက်ရှိတွင် ကျောက်တော်မြို့နယ်ကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီး ဖြစ်သော်လည်း ဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုများကို စိုးရိမ်ကြောက်လန့်နေရသည်။ 

“ကျောက်တော်မှာက စစ်ကောင်စီမရှိတာ လနဲ့ချီနေပြီ။ တိုက်ပွဲဖြစ်စရာ အကြောင်းလည်း မရှိတော့ဘူး။ အရပ်သားတွေကို တမင်ရည်ရွယ်ပြီးတော့ လာပစ်သွားတာ။ လေယာဉ်သံကြားရင် ကြောက်နေကြရတယ်။ အရပ်သားသူတွေကို ပစ်မှတ်ထားနေတဲ့ စစ်ကောင်စီကို နိုင်ငံတကာက ထိရောက်စွာ အရေးယူစေချင်တယ်” ဟု အလယ်ကျွန်းကျေးရွာသား နောက်တစ်ဦးက ပြောသည်။

ရခိုင်ဒေသတွင် စစ်ရေးအရရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကိုအသုံးပြု၍ အရပ်သားနေထိုင်ရာ မြို့/ရွာများကို ပစ်ခတ်မှတ်ထားတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိသည်။ 
မေလ ၄ ရက်ကလည်း အမ်းမြို့နယ်၊ မင်းတက်ကျေးရွာသို့ စစ်ကောင်စီကလာရောက်ဗုံးကြဲသွား၍ အရပ်သား တစ်ဦးသေဆုံးပြီး ၅ ဦးဒဏ်ရရှိခဲ့သည်။