AA ထိုးစစ် မြို့အနီးကပ်လာ၍ ဂွမြို့ပြင်တွင် စစ်ကောင်စီ ခံစစ်အခိုင်မာပြင်ဆင်

ဂွမြို့နှင့် ၁၃ မိုင်ခန့်အကွာ ဆပ်သွားကျေးရွာမှ စ၍ မြို့ဝင် လမ်းတစ်လျှောက် ခံတပ်များပြုလုပ်ကာ ဧရာဝတီဘက်မှတစ်ဆင့် စစ်ကားအများအပြားဖြင့် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

By Admin 02 Nov 2024

စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian)
စစ်ရေးလေ့ကျင့်နေသော AA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - The New Humanitarian)

DMG ၊ နိုဝင်ဘာ ၂

အာရက္ခတပ်တော် (AA)၏ ထိုးစစ်မှာ တစ်စတစ်စဖြင့် မြို့အနားသို့နီးကပ်လာနေ၍ စစ်ကောင်စီက ဂွမြို့အဝင် တစ်လျှောက်တွင် ခံစစ်အခိုင်အမာပြင်ဆင်ကာ အင်အားဖြည့်တင်းနေကြောင်း စစ်ရေး သတင်းရင်းမြစ်များထံမှ သိရသည်။

အောက်တိုဘာလကုန်ပိုင်းမှစကာ ဂွမြို့နှင့် ၁၃ မိုင်ခန့်အကွာ ဆပ်သွားကျေးရွာမှ စ၍ မြို့ဝင် လမ်းတစ်လျှောက် ခံတပ်များပြုလုပ်ကာ ဧရာဝတီဘက်မှတစ်ဆင့် စစ်ကားအများအပြားဖြင့် အင်အားဖြည့်တင်းနေခြင်းဖြစ်သည်။

"မြို့ဘက်ကို ဧရာဝတီကနေ အောက်တိုဘာ ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ ကားအစီး ၂၀ လောက်ပို့ထားတယ်။ တစ်စီးကို ပျမ်းမျှ အင်အား ၅၀ လောက်ပါတယ်။ မြို့ပြင်က ခံစစ်ဆိုရင် အင်အား ၅၀၀ နဲ့ ၁,၀၀၀ကြား ရှိနိုင်တယ်" ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဂွအခြေစိုက် ခမရ - ၅၆၂ တပ်ရင်းနှင့် ခမရ - ၅၆၃ တပ်ရင်းတွင်လည်း အင်အားထပ်ဖြည့်တင်းကာ ပတ်ပတ်လည်၌ မြေမြှုပ်မိုင်းများထောင်ထားပြီး ကမ်းသာကမ်းခြေတွင် အထိုင်ချထားသည့် အမြောက်တပ်တွင်လည်း လက်နက်အင်အား၊ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

AA ထိုးစစ်မှာ ဂွမြို့နယ်၊ တိုင်ကျိုးအထိ ရောက်ရှိလာနေပြီး ဂွမြို့နှင့် ၁၇ မိုင်ခန့် ကွာဝေးတော့သည်။ ယင်းကြောင့် AA က မြို့ပေါ်သို့အလွယ်တကူ ထိုးဖောက်ဝင်ရောက်မလာနိုင်အောင် ခံစစ်အခိုင်အမာ ပြင်ဆင်နေခြင်းဖြစ်သည်။

"ဂွမြို့ထဲကို (AA) ဝင်လာနိုင်တာနဲ့ (စစ်ကောင်စီ)ကျဖို့က များသွားပြီ။ ဒီတော့ မြို့ထဲအဝင်မခံဘဲ အပြင်ကနေ ခံစစ် ပြင်ဆင်ထားတာ။ တောင်တွေကိုလည်း ရှင်းပြီး ခံစစ်ပြင်တယ်။ ပြီးတော့ တပ်အနီးအနားမှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်" ဟု မြေပြင်စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။ 

လက်ရှိ ဂွခြေစိုက်တပ်ရင်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) လက်အောက်တွင်မထားတော့ဘဲ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် (နတခ)မှ တိုက်ရိုက် ကွပ်ကဲနေသည်ဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ဂွမြို့နယ်မှာ ဧရာဝတီတိုင်းနှင့် ဆက်စပ်နေ၍ တော်လှန်ရေးအင်အားစုများ၏ ပိတ်ဆို့တိုက်ခိုက်မှုကို ခံရနိုင်သဖြင့် စစ်ကောင်စီက မြို့ပြင်တွင် ခံစစ်ပြင်ဆင်လာခြင်းဖြစ်ကြောင်း စစ်ရေးအကဲခက်သူတို့က သုံးသပ်ကြသည်။

ဂွမြို့နယ်တွင် ဩဂုတ် ၈ ရက်မှစ၍ စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံသောင်းနှင့်ချီမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြသည်။