- ထိုင်းမှာ မြန်မာများ ကွန်ဒိုဝယ်ယူမှု ယမန်နှစ်ထက် သုံးဆမြင့်တက်
- မြန်မာပြည်သူများအား ထောက်ပံ့နိုင်ရန် ဘက်ပေါင်းစုံနှင့်ဆွေးနွေးမည်ဟု WFP ကိုယ်စားလှယ်သစ် ပြော
- တိုက်ပွဲကြားပိတ်နေသည့် တောင်ကုတ်မြို့ခံများကို AA ကယ်ထုတ်နေ
- သန်းခေါင်စာရင်း ၆၃ ရာခိုင်နှုန်းကျော် ကောက်ယူထားပြီဟု စစ်ခေါင်းဆောင်ပြော
- ကလေးသူငယ်များကို စာနာပေးဖို့ အပြည်ပြည်ဆိုင်ရာ ကလေးများနေ့တွင် တောင်းဆို
စစ်ကောင်စီ မကျရှုံးရေး အသည်းအသန် အားထုတ်စောင်မနေတဲ့ တရုတ်
ဘေဂျင်းသည် စစ်ကောင်စီအား ၎င်းအတွက် အိမ်နီးချင်းအဖြစ် တည်ငြိမ်မှုကို အာမခံပေးနိုင်မည့်သူ အဖြစ်ရှုမြင်ပြီး လက်ရှိ စစ်ကောင်စီ အလွန်အမင်း ဆုံးရှုံးယိုယွင်းလာမှုအပေါ် အထူးစိုးရိမ်လာသည်ဟု တရုတ်-မြန်မာအရေးလေ့လာသူနှစ်ဦးက ပြောသည်။
တရုတ်သည် ညီနောင်မဟာမိတ်ကို ကူညီနေကြသည့် လက်နက်ကိုင်အုပ်စုများ အထက်စီးရသွားမည်ကို စိုးရိမ်နေသည့်အပြင် အမေရိကန်က ထောက်ခံထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိုအဖွဲ့များ ဆက်နွယ်လာမည်ကိုလည်း စိတ်ပူနေသည်ဟု လေ့လာသူတစ်ဦးက ပြောသည်။
29 Oct 2024
တရုတ်နယ်စပ် အနီးရှိ နယ်မြေအများအပြားကို ညီနောင်မဟာမိတ်သုံးဖွဲ့ သိမ်းပိုက်စဉ်က ဘေဂျင်းသည် မျက်ကွယ်ပြုနေခဲ့သည်။
နောက်တစ်နှစ် အကြာတွင် လက်နက်ကိုင်တပ်များသည် စစ်ကောင်စီကို ချေမှုန်းပြီး အရေးပါသည့် နယ်စပ်ဒေသများမှ မောင်းထုတ်ကာ မြန်မာနိုင်ငံ၏ ဗဟိုချက်မ နေရာသို့ ထိုးဖောက်လာကြပြီဖြစ်သည်။
ဤသည်ကို တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် နယ်စပ်ကို ပိတ်ပြီး လက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများသို့ အရေးပါသည့် ကုန်စည်တင်သွင်းမှုများကို ရပ်ဆိုင်းလိုက်သည်ဟု လက်နက်ကိုင် ခေါင်းဆောင်တစ်ဦးနှင့် နယ်စပ်ဧရိယာ ငါးနေရာရှိ ဒေသခံများထံမှ သိရသည်။
လေ့လာသူများကတော့ တရုတ်၏ လုပ်ရပ်သည် မဟာမိတ်တပ်ဖွဲ့များ ရှေ့ဆက်မတိုးအောင်၊ သမိုင်းဝင် မန္တလေးမြို့ကို မတိုက်ခိုက်အောင် ရည်ရွယ်ပြီး တားမြစ်ခြင်းဟု ယူဆကြသည်။
နယ်စပ်တလျှောက်တွင် ခြေရှုပ်နေကြသည့် ရာဇဝတ်မှုများကို စစ်ကောင်စီက အရေးမယူဘဲ ထားချိန်၌ ညီနောင်မဟာမိတ်က တိုက်ဖျက်လာသည်ကို တရုတ်သည် ကနဦးတွင် ထောက်ခံခဲ့သည်။
ဘေဂျင်းသည် စစ်ကောင်စီအား ၎င်းအတွက် အိမ်နီးချင်းအဖြစ် တည်ငြိမ်မှုကို အာမခံပေးနိုင်မည့်သူ အဖြစ်ရှုမြင်ပြီး လက်ရှိ စစ်ကောင်စီ အလွန်အမင်း ဆုံးရှုံးယိုယွင်းလာမှုအပေါ် အထူးစိုးရိမ်လာသည်ဟု တရုတ်-မြန်မာအရေးလေ့လာသူနှစ်ဦးက ပြောသည်။
တရုတ်သည် ညီနောင်မဟာမိတ်ကို ကူညီနေကြသည့် လက်နက်ကိုင်အုပ်စုများ အထက်စီးရသွားမည်ကို စိုးရိမ်နေသည့်အပြင် အမေရိကန်က ထောက်ခံထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိုအဖွဲ့များ ဆက်နွယ်လာမည်ကိုလည်း စိတ်ပူနေသည်ဟု လေ့လာသူတစ်ဦးက ပြောသည်။
တရုတ်သည် လက်နက်ကိုင် အင်အာားစုများကို ဖိအားပေးနေပြီး ထိုအထဲတွင် ရှေ့ပိုင်းက မသိခဲ့ရသော သွင်းကုန်ပိတ်ဆို့ခြင်း (ဤပိတ်ဆို့မှုကြောင့် လက်နက်ကိုင်တစ်ဖွဲ့သည် တိုက်ပွဲမှ နုတ်ထွက်သွားသည်) နှင့် ဆက်စပ်ပြီး ပဋိပက္ခနှင့် နီးစပ်သူကိုးဦးက ရိုက်တာသို့ ရှင်းပြကြသည်။
မြင်ခဲ့ရသည့် အလှည့်အပြောင်း တစ်ရပ်မှာ သြဂုတ်လတွင် မဟာမိတ်အဖွဲ့က နိုင်ငံအရှေ့မြောက်ပိုင်းရှိ လားရှိုးမြို့ကို သိမ်းပိုက်ပြီး မြန်မာ့သမိုင်းတွင် ပထမဆုံးအဖြစ် တိုင်းဒေသကြီး စစ်ဌာနချုပ်တစ်ခုကို သိမ်းပိုက်လိုက်သည့်အချိန်တွင် ဖြစ်သည်။
လူဦးရေ ၁၃၀,၀၀၀ ခန့်ရှိသည့် ဤမြို့သည် လက်နက်ကိုင်များလက်တွင်းသို့ ထင်ထားသည်ထက် နှစ်ဆမြန်မြန် ကျရောက်ခဲ့ရသည်ဟု ၁၀၂၇ စစ်ဆင်ရေးကို ကူညီနေသည့် အဖွဲ့တစ်ခုဖြစ်သော ကွန်မြူနစ်တပ် (PLA) မှ အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။
ရိုက်တာသတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားထားသည့် စစ်ကောင်စီ၏ တုံ့ပြန်မှုတွင်မူ မိမိတို့သည် စစ်မျက်နှာတစ်လျှောက်တွင် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးရှိစေရန်အတွက် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်နေပြီး ၎င်းအဆို 'လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများ' ၏ တောင်းဆိုချက်များကို လိုက်လျောမည်မဟုတ်ဟု ဖြေကြားထားသည်။
"နိုင်ငံရေးနည်းလမ်းတွေကို အသုံးပြုပြီး အခြေအနေကို ဆက်လက် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်" ဟု စစ်ကောင်စီက ပြောသည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ရိုက်တာသို့ ပြောကြားရာတွင်လည်း "မြန်မာနိုင်ငံတွင် ကသောင်းကနင်း ဖြစ်ရပ်များနှင့် စစ်ပွဲများ အုံကြွလာသည်ကို ပြတ်ပြတ်သားသား ဆန့်ကျင်" သည်ဟု ပြောသည်။ နယ်စပ်အနီးတွင် "ပျော့ပျောင်းညင်သာသည့် အခြေအနေတစ်ရပ် ရရှိအောင် ပူးပေါင်းအားတိုက်ကြရန်" လည်း တရုတ်က ပြောသည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အနည်းအကျဉ်း ပျက်စီးမှုရှိခဲ့သည်။ သေဆုံးဒဏ်ရာရမှုတော့ မရှိပေ။
လက်နက်ကိုင်အုပ်စု အချို့က မကြာသေးမီက ရှိထားသည့် အရှိန်အဟုန်ပေါ်တွင် ဆက်လက် အားယူပြီး မန္တလေးအထိ ထိုးဖောက်နိုင်ရန် မျှော်လင့်ကြကြောင်း လက်နက်ကိုင် ခေါင်းဆောင်နှစ်ဦးအပြင် လေ့လာသူများက ပြောကြသည်။ မန္တလေးနှင့် နေပြည်တော်မှာ မိုင်ပေါင်း ၁၉၀ ခန့်သာ ကွာဝေးတော့သည်။
ဘေဂျင်းကတော့ ဤခြေလှမ်းမျိုးကို ကန့်ကွက်လောက်သည်ဟု နိုင်ငံတကာလုံခြုံရေး ကျွမ်းကျင်သူ ကျူကျန်မင်းက ဆိုသည်။ ကျူကျန်မင်းသည် တရုတ်အစိုးရ မီဒီယာအတွက် နယ်စပ်ရေးရာ အခြေအနေများ ရေးသားထားသူ ဖြစ်သည်။
"မန္တလေးဟာ ရှန်ဟိုင်းလိုပါပဲ။ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်" ဟု သူကပြောသည်။ မန္တလေးကျဆုံးခြင်းသည် မြန်မာ့ပဋိပက္ခတွင် အလှည့်အပြောင်းတစ်ရပ် ဖြစ်သွားနိုင်ပြီး ဘေဂျင်းက ထိုသို့မဖြစ်အောင် ကြိုးပမ်းနိုင်သည်ဟုလည်း သူက ဆိုသည်။
ခက်ခဲတဲ့ အခြေအနေ
၁၀၂၇ စစ်ဆင်ရေးသည် တရုတ်လူမျိုးများ ရာဇဝတ်သားကောင်အဖြစ် နယ်စပ်တလျှောက်တွင် ပိတ်မိနေချိန်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဤသည်က စစ်ကောင်စီအား ညီနောင်သုံးဖွဲ့၏ တွန်းလှန်မှုကို ဘေဂျင်းဘက်က မဆန့်ကျင်အောင် ဖြစ်စေခဲ့သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့တွင် လက်နက်ကိုင်အုပ်စု သုံးစုပါဝင်သည်။ ၎င်းတို့အနက် မြန်မာအမျိုးသား မဟာမိတ်တပ်မတော် (MNDAA) သည် တရုတ်လူမျိုးများ ဖြစ်ပြီး ဘေဂျင်းက သူတို့အပေါ် တိုက်ရိုက် ထိန်းချုပ်မှု မဟုတ်သော်ငြား သြဇာလွှမ်းမိုးမှု ရှိထားသည်။
သို့သော် တရုတ်သည် ဒေါ်အောင်ဆန်းစုကြည် အရပ်သားအစိုးရကို ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း ဖြုတ်ချခဲ့သည့် မြန်မာစစ်ကောင်စီ ပြိုလဲသွားမည်ကို ဆန့်ကျင်သည်။ မြန်မာနှင့် ထိစပ်နေသည့် မိုင်ပေါင်း ၁၂၅၀ ရှည်လျားသော နယ်စပ်တလျှောက် မငြိမ်မသက် ဖြစ်လာလျှင် ၎င်း၏ အကျိုးစီးပွား ထိခိုက်မည်ကို တရုတ်က စိုးရိမ်သည်ဟု လေ့လာသူများက ပြောကြသည်။
ရာဇဝတ်မှုကို နှိမ်နင်းခြင်းက ပိုကြီးမားသည့် ပုံရိပ်အပေါ် ဖုံးလွှမ်းသွားခြင်း မဖြစ်သင့်ဟု ကျန်ကန်းက ယခုနှစ် မတ်လအတွင်း ထုတ်ပြန်ခဲ့သည့် လေ့လာချက်တစ်ရပ်တွင် ထောက်ပြခဲ့သည်။ ကျန်ကန်းသည် မြန်မာနိုင်ငံတွင် ဆိပ်ကမ်းတစ်ခု ဆောက်လုပ်နေသော တရုတ်အစိုးရပိုင် ကုမ္ပဏီ၏ ဌာနခွဲတစ်ခုဖြစ်သည့် CITIC ပြည်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး သုတေသနအဖွဲ့မှ ဖြစ်သည်။
မြန်မာနိုင်ငံတွင်း မငြိမ်မသက်မှုများ ပိုကြီးမားလာပါက အမေရိကန်၊ ဂျပန်အပါအဝင် တရုတ်ပြိုင်ဘက်များ အမြတ်ထွက်နိုင်သည်ဟု ကျန်ကန်းက ပြောသည်။ ထိုပြိုင်ဘက်နိုင်ငံများကို NUG ကဲ့သို့သော သြဇာကြီးသည့် အဖွဲ့များက ပိုမိုလိုလားသည့် အမြင်ရှိကြသည်ဟုလည်း သူကဆိုသည်။
ရှေ့ပိုင်းတွင် ဘေဂျင်းသည် တိုင်းရင်းသား လက်နက်ကိုင် အချို့နှင့် မြန်မာစစ်တပ်အကြား ဇန်နဝါရီလ၌ အပစ်ရပ်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးကာ ၎င်း၏ ထိန်းချုပ်မှုများကို ဖြေလျှော့ပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်း သြဂုတ်လလယ်ခန့်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး လားရှိုးမြို့မှာ ကျဆုံးသွားသည်။
လားရှိုးပြိုလဲပြီး များမကြာမီ၌ပင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် မြန်မာပြည်တွင် တွေ့ဆုံသည်။ ဘေဂျင်းအနေဖြင့် "ဝရုန်းသုန်းကား ဖြစ်ရပ်များနှင့် ပဋိပက္ခများကို ဆန့်ကျင်" ပြီး တရုတ်လူမျိုးများနှင့် တရုတ်လုပ်ငန်းများကို အကာအကွယ်ပေးရန် မင်းအောင်လှိုင်ကို တိုက်တွန်းပြောကြားခဲ့သည်ဟု တရုတ်အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုလ နောက်ပိုင်းတွင် တရုတ်စစ်တပ်သည် နယ်စပ်၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။
ညီနောင်မဟာမိတ် သုံးဖွဲ့အပေါ် ဖိအားများကလည်း ထပ်ရှိလာခဲ့သည်။ တရုတ်သည် နယ်စပ်ဂိတ်များကို ပိတ်သည်။ MNDAA က ထိန်းချုပ်လိုက်သော နယ်မြေအသစ်များသို့ ထောက်ပံ့ရေးပစ္စည်းများ မဝင်နိုင်အောင် ဖြတ်တောက်လိုက်သည်ဟု ညီနောင်မဟာမိတ် တိုက်ပွဲတွင် အားဖြည့် ပူးပေါင်းနေသည့် လက်နက်ကိုင်တပ် BPLA ခေါင်းဆောင် မောင်ဆောင်းခက ပြောသည်။
ကလေးသူငယ်များအတွက် ကာကွယ်ဆေးကဲ့သို့သော ဆေးဝါးများပင် ဖြတ်ဝင်မလာတော့သဖြင့် ပဋိပက္ခကြားတွင် လူထုကျန်းမာရေးစနစ်တစ်ရပ် လည်ပတ်နိုင်ရန် ကြိုးပမ်းနေသည့် လက်နက်ကိုင် အဖွဲ့များအတွက် အလွန်တရာ ခက်ခဲသည့် အခြေအနေတစ်ရပ် ဖြစ်လာသည်ဟု မောင်ဆောင်းခက ပြောသည်။
နယ်စပ်ကို တင်းကျပ်လိုက်ခြင်းသည် တော်လှန်ရေးအုပ်စုများ အတွက် လက်နက်ခဲယမ်းများ စီးဆင်းမှုကို နှေးကွေးသွားစေသည်ဟုလည်း သူကပြောသည်။ မိမိတို့ တပ်ဖွဲ့များသည် စစ်ရှုံး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထံမှ လက်နက်များ ပိုမိုဖမ်းဆီးရမိရေး ကြိုးပမ်းနေရသည်ဟုလည်း မောင်ဆောင်းခက ပြောသည်။
တရုတ်နှင့် ကာလရှည်ကြာ ဆက်ဆံရေး ရှိထားသည့် MNDAA သည် မဟာမိတ်များနှင့် ပူးပေါင်းပြီး ပိုင်နက်နယ်မြေ ချဲ့ထွင်ခြင်း ပြုလုပ်တော့မည် မဟုတ်သလို တရုတ်သို့မဟုတ် မြန်မာကို ဆန့်ကျင်သည့် ပြည်ပနိုင်ငံများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်မှုမျိုး ပြုလုပ်မည်မဟုတ်ဟု စက်တင်ဘာလ၌ ကြေညာလိုက်သည်။
မဟာမိတ်အဖွဲ့၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိဦးမည် ဖြစ်သော်လည်း တရုတ်၏ လမ်းညွှန်မှုအောက်၌ အပစ်အခတ် ရပ်စဲရေးတစ်ရပ်အတွက် အသင့်ရှိသည်ဟုလည်း MNDAA က ကြေညာသည်။
ထိုလနောက်ပိုင်းတွင် စစ်ကောင်စီသည် လက်နက်ကိုင်တပ်များကို ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ ကမ်းလှမ်းချက်ကို မောင်ဆောင်းခကဲ့သို့သော လက်နက်ကိုင်ခေါင်းဆောင်များက မြန်မြန်ဆန်ဆန်ပင် ငြင်းဆန်ခဲ့ကြသည်။ ဤကဲ့သို့သော ဆွေးနွေးမှုမျိုးတွင် တရုတ်ပါဝင်ခြင်းက ရွေးကောက်ပွဲ အတုအယောင်တစ်ရပ်အတွက် လမ်းကြောင်း ပွင့်သွားနိုင်သည်ဟု သူက ပြောသည်။
သူတို့အနေဖြင့် ဘေဂျင်းနှင့် ဆက်ဆံရေးအပေါ် ဆွေးနွေးခွင့်မရှိသဖြင့် ၎င်း၏ အမည်ကို ထုတ်မဖော်လိုသည့် NUG အကြီးတန်းအရာရှိ တစ်ဦးက တရုတ်သည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြားတွင် အကွဲအပြဲများ ဖြစ်အောင် ကြိုးပမ်းနေသည်ဟု ဆိုသည်။
ဘေဂျင်းသည် အချို့အုပ်စုများအား မြန်မာစစ်တပ်ကို တိုက်ခိုက်ခြင်းကို ရပ်တန့်ဖို့ တိုက်တွန်းသလို NUG နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ဖို့လည်း ပြောဆိုသည်ဟု သူကပြောသည်။ ၎င်းပြောဆိုချက်နှင့် ပတ်သက်၍ သက်သေအထောက်အထားများတော့ သူက ပြသခြင်း မရှိပေ။
NUG ၏ စီမံထိန်းချုပ်မှုအောက်တွင် လက်နက်ကိုင် အဖွဲ့အစည်းအချို့ ရှိသော်ငြားလည်း အချို့အဖွဲ့များမှာ NUG နှင့် လျော့ရဲရဲ ဆက်ဆံရေးသာ ရှိကြသည်။
ညီနောင်မဟာမိတ်အတွက်က တရုတ်နှင့် ဆက်ဆံရေးကို ထိန်းသိမ်းထားသည့် တပြိုင်တည်း၌ မန္တလေးကို တိုက်ခိုက်မှုတွင် ပါဝင်ဆောင်ရွက်ရန် ခက်ခဲနိုင်သည်ဟု ဝါရှင်တန်အခြေစိုက် အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ လေ့လာသူတစ်ဦးဖြစ်သော ဂျေဆင်တာဝါက ပြောသည်။ လက်နက်ကိုင်များအတွက် မဟာမိတ် ကျောထောက်နောက်ခံ မရှိဘဲ မန္တလေးကို သိမ်းပိုက်ရန် ကြိုးပမ်းလျှင် အန္တရာယ်များနိုင်သည် ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။
မန္တလေး PDF တပ်ဖွဲ့များ၏ တပ်မှူးတစ်ဦးဖြစ်ပြီး NUG ၏ ကွပ်ကဲမှုအောက်တွင် ရှိသူ စိုးသူရဇော်က တရုတ်၏ သြဇာအာဏာသည် အရှိတရားတစ်ခု ဖြစ်သော်လည်း မန္တလေးတိုက်ပွဲတွင် နယ်စပ်နှင့် အလှမ်းဝေးသည့် အုပ်စုများက ဦးဆောင်နိုင်ခြေ ရှိသည်ဟု ပြောသည်။
"ကျွန်တော်တို့ ညီညွတ်ရမယ်၊ ကြိုတင်ပြင်ဆင်ရမယ်၊ တရုတ်ဖိအားကို ကျော်လွှားနိုင်ဖို့အတွက် လေ့လာသင်ယူရပါမယ်" ဟု သူက ပြောသည်။
ထိပ်ပိုင်းက မငြိမ်သက်မှု
ဘေဂျင်း၏ ကြားဝင်စွက်ဖက်မှုသည် လားရှိုးမြို့တွင် စစ်ကောင်စီတပ်များ မြန်မြန်ဆန်ဆန် ပြိုကွဲသွားပြီးနောက်တွင် ပေါ်ထွက်လာခြင်း ဖြစ်သည်။ "အခုက တရုတ်ဟာ ပိုပို ဝင်ပါလာပြီး သူ့အနေအထားကို သိသိသာသာပဲ ပုံစံပြောင်းယူနေတယ်" ဟု ဂျေဆင်တာဝါက ပြောသည်။
စစ်ကောင်စီသည် တရုတ်၏ ဖိအားပေးမှုဖြင့် ယာယီ အပစ်အခတ် ရပ်စဲရေးတစ်ရပ်ကို လိုက်နာပြီး ပိုအားကောင်းသည့် ခုခံကာကွယ်မှုများအ ပြင်ဆင်လာနိုင်သည်ဟု လက်နက်ကိုင် တော်လှန်ရေးတပ်များက ယူဆခဲ့ကြကြောင်း စိုးသူရဇော်က ပြောသည်။
ထိုအစား စစ်ကောင်စီသည် ပဋိပက္ခ ပြန်စလာချိန်၌ စစ်တိုင်းဌာနချုပ်များရှိ အရာရှိကြီးများနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီးနောက်တွင် တိုက်ပွဲဆင်ရန် ကြိုးပမ်းလာခဲ့သည်။ ထိပ်ပိုင်းတွင်လည်း မငြိမ်သက်မှုများက ရှိနေပြန်သည်။
၂၀၂၁ အာဏာသိမ်းပြီးချိန် တည်းက မင်းအောင်လှိုင်က ၎င်း၏ တိုင်းမှူးများကို ရာထူးအပြောင်းအလဲ ပြုလုပ်မှုများ မြန်မြန်ဆန်ဆန်ပင် ဖြစ်ပျက်နေခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အကြားတွင် တိုင်းဒေသကြီး ၁၄ ခု၌ စစ်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူ ၃၆ ဦး ရှိခဲ့ကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ စစ်တပ်များကို စောင့်ကြည့်သည့် အဖွဲ့အစည်း (SFM) ၏ ပြောကြားချက်အရ သိရသည်။
အာဏာသိမ်းပြီးနောက် အလားတူ ၄၄ လအတွင်းတွင်မူ စစ်တိုင်းမှူး ၄၉ ဦးအထိ ရှိခဲ့ပြီး အပြောင်းအလဲသည် ၃၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့သည်။ ရာထူးအပြောင်းအလဲများနှင့် ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ပြန်ခြင်းများ မရှိသော်လည်း အပြောင်းအလဲ လုပ်သည့်နေရာ အများစုမှာ တရုတ်နှင့် ထိစပ်နေပြီး စစ်ကောင်စီက မြေပြင်တွင် အကြီးအကျယ် ရှုံးနေသည့် နေရာများဖြစ်သည်။
"နောက်ဆုံးရထားတဲ့ အချက်အလက်တွေ အရတော့ လက်ရှိ တာဝန်ထမ်းဆောင်နေသူ တိုင်းမှူး အများအစုဟာ အရင်က တိုင်းဒေသတွေမှာ တစ်ခါမှ တိုင်းမှူး မလုပ်ဖူးသူတွေ ဖြစ်ပါတယ်" ဟု SFM ညွှန်ကြားရေးမှူး တိုနီဝီလဆင်က ပြောသည်။
တိုင်းမှူးများကို မြန်မြန်ဆန်ဆန် အပြောင်းအလဲ လုပ်ခြင်းသည် စစ်တပ်ကို ပိုမိုထိန်းချုပ်နိုင်ရန်နှင့် သဘောထားကွဲလွဲမှုများကို ကြိုတင်ဟန့်တားနိုင်ရန် မင်းအောင်လှိုင်၏ ကြိုးပမ်းမှုဟု လေ့လာသူ ဦးရဲမျိုးသိမ်းက ပြောသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြီးခဲ့သည့်နှစ်အတွင်း ရှုံးနိမ့်ခဲ့မှုများကြောင့် မကြုံစဖူး ဖိအားများနှင့် ဝေဖန်မှုများ ရင်ဆိုင်နေရသည်။ သူ့ကို ဝေဖန်သူများတွင် သူ့သစ္စာခံများကအစ ပါဝင်နေသည်။
လက်နက်ကိုင်တပ်များ၏ ထိုးစစ်ကာလအတွင်း မင်းအောင်လှိုင်သည် အငြင်းပွားမှုတစ်ခုတွင် အမိန့် မနာခံသောကြောင့် လားရှိုးစစ်တိုင်းမှူးကို ရာထူးမှ ထုတ်ပယ်ခဲ့သည်ဟု စစ်ကောင်စီအရာရှိများနှင့် အဆက်အသွယ်ရှိသည့် သုတေသီမင်းဇော်ဦးနှင့် ဦးရဲမျိုးဟိန်းတို့က ပြောကြသည်။
သူ့နေရာကို အစားထိုးလိုက်သူသည် တိုက်ပွဲကာလအတွင်း လားရှိုးသို့ မဝင်နိုင်ခဲ့သလို အခြားဒေသများမှ တပ်ကူများလည်း မသွားနိုင်ခဲ့ကြပေ။
"အမိန့်မနာခံမှု သက်သက်ကြောင့်တော့ အကျပ်အတည်းကာလမှာ တိုင်းမှူးနေရာကို အပြောင်းအလဲ လုပ်လိုက်လို့ မရဘူးလေ" ဟု ဦးမင်းဇော်ဦးက ဆိုသည်။
ရိုက်တာသတင်းဆောင်းပါး How an anxious China is backing Myanmar's faltering junta in civil war ကို ဆီလျော်အောင် ဘာသာပြန်ပါသည်။