- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အိန္ဒိယ ဟိမဝန္တာတောင်တန်းပေါ်၌ ဘတ်စ်ကားတစ်စီး လျှိုထဲပြုတ်ကျပြီး ၃၆ ဦး သေဆုံး
လမ်းမတော်တဆမှုဖြစ်စဉ်များသည် ဟိမဝန္တာတောင်တန်းဒေသရှိ တောင်တန်းလမ်းများတလျှောက်တွင် အဖြစ်များလေ့ရှိပြီး ဖြစ်စဉ်အများစုမှာ ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်းနှင့် ကြမ်းတမ်းတွန့်ခေါက်သော မြေပြင်တွင် မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်သည်။
05 Nov 2024
အိန္ဒိယနိုင်ငံ ဥတ္တရခန်ပြည်နယ်တွင် နိုဝင်ဘာလ ၄ ရက်နေ့က ဟိမဝန္တာတောင်တန်းရှိ လျှိုမြောင်တစ်ခုထဲသို့ ဘတ်စ်ကားတစ်စီး ပြုတ်ကျခဲ့သည့်အတွက် ခရီးသည် ၃၆ ဦး ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူလည်း အများအပြားရှိခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သော ဓာတ်ပုံမှတ်တမ်းများအရ ဘတ်စ်ကားသည် ချုံနွယ်ပိတ်ပေါင်း ထူထပ်သောနေရာတွင် တွန့်ကြေပျက်စီးနေသည်ကို မြင်တွေ့ရပြီး ကား၏အရှေ့ဘက်ခြမ်းမှာ လိမ်ခေါက်တွန့်ကြေသွားသည့်အပြင် ပြားချပ်လုနီးပါး ဖြစ်သွားသည်ကို တွေ့ရသည်။
လမ်းမတော်တဆမှုဖြစ်စဉ်များသည် ဟိမဝန္တာတောင်တန်းဒေသရှိ တောင်တန်းလမ်းများတလျှောက်တွင် အဖြစ်များလေ့ရှိပြီး ဖြစ်စဉ်အများစုမှာ ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်းနှင့် ကြမ်းတမ်းတွန့်ခေါက်သော မြေပြင်တွင် မဆင်မခြင်မောင်းနှင်ခြင်းတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။
“အခုအချိန်ထိတော့ အသေအပျောက် ၃၆ ယောက်ရှိတယ် ဆိုတာကို အတည်ပြုထားပြီးပါပြီ။ ဒဏ်ရာပြင်းထန်တဲ့သူ ၃ ယောက်ကိုတော့ ရဟတ်ယာဉ်နဲ့ ဆေးရုံကို ပို့ထားလိုက်ပါပြီ” ဟု ဥတ္တရာခန်ပြည်နယ် အကြီးတန်းအရာရှိ ဒီးပတ်ခ် ရာဝတ်က သတင်းထောက်များကို ပြောကြားသည်။
စေတနာ့ဝန်ထမ်း ကွင်းဆက်များသည် မတ်စောက်နေသော တောင်စောင်းများနှင့် ရေစီးသန်သောမြစ်တို့ကို ကျော်ဖြတ်၍ ဘတ်စ်ကားထဲတွင် ကျန်ရစ်ခဲ့သော ဒဏ်ရာရရှိသူများကို ကယ်ထုတ်ရာတွင် အကူအညီပေးခဲ့ကြသည်။
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာ မိုဒီ က ကံဆိုးမိုးမှောင်ကျရောက်ခဲ့သော လမ်းမတော်တဆမှုတွင် ချစ်ခင်ရသူများကို ဆုံးရှုံးခဲ့ရသူများအတွက် လေးလေးနက်နက် နာကျင်ဝမ်းနည်းရကြောင်း ပြောကြားခဲ့သည်။
သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များသည် ထောက်ပံ့ငွေအဖြစ် ရူပီး နှစ်သိန်း(အမေရိကန်ဒေါ်လာ ၂,၃၈၀)ရရှိမည်ဖြစ်ပြီး ဒဏ်ရာရရှိသူများသည် ထောက်ပံ့ငွေ ရူပီး ငါးသောင်း (အမေရိကန် ၅၉၅ ဒေါ်လာ) ရရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် မိုဒီ၏ရုံးက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အယ်လ်မိုရာမြို့အနီးရှိ သစ်တောများရှိသော တောတောင်ကုန်းများတွင် ဖြစ်ပွားခဲ့သော အဆိုပါမတော်တဆမှုကို စုံစမ်းစစ်ဆေးရန် ဥတ္တရာခန်ပြည်နယ် ဝန်ကြီးချုပ် ပွတ်ရှ်ကား ဆင်းဒါမီက အမိန့်ပေးထားကြောင်း ပြောကြားသည်။
အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူသည် နှစ်စဉ် ရာပေါင်းများစွာရှိသည်။