ဂွမြို့သိမ်းတိုက်ပွဲ ဘယ်အထိ ရောက်နေပြီလဲ

စစ်ကောင်စီသည် လေကြောင်းပစ်ကူ၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကို အသုံးပြု၍ အသည်းအသန် ခုခံနေသည့်ကြားမှ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေကြောင်း AA က ထုတ်ပြန်ထားသည်။

By Admin 07 Dec 2024

အမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  ဓာတ်ပုံ - AA Info Desk 
အမ်းမြို့ကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။  ဓာတ်ပုံ - AA Info Desk 

DMG ၊ ဒီဇင်ဘာ ၇ 

ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို အာရက္ခတပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း စခန်းများ မကျရှုံးရေး အပြင်းအထန်ခုခံနေကြောင်း သိရသည်။

ဂွမြို့နယ်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းကို AA က နိုဝင်ဘာ ၂၄ ရက်နေ့က စတင် ဖြတ်တောက်တိုက်ခဲ့ပြီး အဆိုပါ စစ်ကြောင်းကို သံခဲချိုင်ကျေးရွာ ကမ်းခြေအနီးနှင့် ကင်းပုံကျေးရွာအကြား သုံးရက်အတွင်း တိုက်ခိုက်ခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် AA က ထုတ်ပြန်ထားသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သားအလောင်း ၁၂၀ ကျော်၊ စစ်သုံ့ပန်းအချို့နှင့် လက်နက်ခဲယမ်း အများ အပြား သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။

အဆိုပါ စစ်ကြောင်းတွင် အင်အား ၁၈၄ ဦး ပါရှိပြီး ဟင်္သာတမြို့အခြေစိုက် ခလရ -၁၈ တပ်ရင်း၊ မအူပင်မြို့ အခြေစိုက် ခလရ - ၅၁ တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ - ၆၃ တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာ အခြေစိုက် ခမရ-  ၅၃၂  တပ်ရင်းတို့မှ ဖြစ်သည်။ 

စစ်ကောင်စီသည် လေကြောင်းပစ်ကူ၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကို အသုံးပြု၍ အသည်းအသန် ခုခံနေသည့်ကြားမှ လက်ကျန်စခန်းများကို အပြီးသတ် သိမ်းပိုက်နိုင်ရေး တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်နေကြောင်း AA က ဆိုသည်။

ထို့အတူ စစ်ကူစစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်နေသည့် စစ်ကောင်စီတပ်ကို လိုက်လံ တိုက်ခိုက်နေပြီး ဂွမြို့၏ အခြားသော နေရာများကိုလည်း  ဆက်လက်ထိုး စစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ 

စစ်ရေးသတင်းရင်းမြစ် တစ်ဦးက “ နှစ်ဖက်တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်တာ။ အခုက ဂွမြို့နဲ့လည်း တော် တော်လည်း နီးကပ်လာပြီ။ ဆိုတော့ စကစ ဖက်ကလည်း ဂွမြို့ကို မပေးရရေးဆိုပြီး အင်အားတွေ ဖြည့်နေတာပေါ့။ ဒါကို AA ဘက်ကလည်း ဖြတ်တိုက်တယ်။ တခြား PDF အဖွဲ့တွေကလည်း ဖြတ်တိုက်တာကိုတော့ အမြဲတမ်း ကြားနေရပါတယ် ” ဟု ပြောသည်။ 

AA ၏ မရပ်မနား ထိုးစစ်များနှင့်အတူ ဂွတိုက်ပွဲများမှာလည်း မြို့နှင့် အနီးဆုံး ၁ မိုင်ခန့် အကွာရှိ ရဟိုင်းကူးတို့ ကျေးရွာအနီးသို့ ရောက်ရှိလာပြီး လက်ရှိ ထိုကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲ ဖြစ်နေသည်။

တစ်ဖက်မှာလည်း AA ထိုးစစ် ဂွမြို့နှင့်နီးကပ်လာသည့်အမျှ စစ်ကောင်စီကလည်း လက်နက်အင်အား၊ လူအင်အားများကို အလုံးအရင်းဖြင့် ဖြည့်တင်းနေသည်။ 

နိုဝင်ဘာ လကုန်ပိုင်းတွင် စစ်ကောင်စီက အမြောက်တပ်နှစ်ခုကို ထပ်တိုးခဲ့သည့်အပြင် ဧရာဝတီတိုင်းမှ စစ်ကူအဖြစ် စစ်အင်အားများကိုလည်း ဆက်တိုက်ဖြည့်တင်းနေသည်။ 

“ ဂွမြို့နယ်မှာ အမြောက်တပ်နှစ်ခု ထပ်တိုးတယ်။ လူအင်အားကိုလည်း တစ်ပတ်မှာ ၃ ကြိမ်လောက်ပို့တယ်။ တစ်ခါပို့ရင် အနည်းဆုံး ကား ၅ စီးထက်မနည်းဘူး ” ဟု DMG ၏ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလထဲတွင် လောင်းကျိုးကျေးရွာရှိ တပ်စခန်းနှင့် ပုဂံတောင်ဘုရားရှိ အမြောက်တပ်စခန်း တို့ကို AA သိမ်းပိုက်ခဲ့သည်။ ယင်းနောက်ပိုင်းတွင်  ဇီးကုန်းနှင့် တင်းတောကျေးရွာများရှိ တပ်စွဲ နေထိုင်ခဲ့သော စစ်ကောင်စီ တပ်စခန်းများကို ဆက်လက်သိမ်းပိုက်ထားသည်။ 

လက်ရှိတွင် အမ်းမြို့ကို အာရက္ခတပ်တော်က ထိန်းချုပ်ထားပြီဖြစ်သဖြင့် နောက်ထပ် ပြည်မဖက်နှင့် ချိတ်ဆက်နေသည့် ဂွမြို့ကို မကျရှုံးရေး စစ်ကောင်စီက ပြင်ဆင်နေခြင်းဖြစ်သည်ဟု လူမှုရေး တက်ကြွ လှုပ်ရှားသည့် ရခိုင်လူငယ်တစ်ဦးက ပြောသည်။ 

“ လက်ရှိ ရခိုင်ပြည်ရဲ့အနေအထားကို ကြည့်မယ်ဆိုရင် ပြည်မနဲ့ အဓိက ချိတ်ဆက်နေတဲ့ နယ်စပ်မြို့တွေ ဖြစ်တဲ့ အမ်းကို လက်လွှတ်ရတော့မယ့် အခြေအနေဖြစ်နေပြီ။ ဆိုတော့ ပြည်မဖက်ကို AA က ထိုးဖောက် မဝင် ရောက်နိုင်ဖို့ဆိုရင် ဂွမြို့တစ်ခုတည်းသာ ရှိတော့တဲ့အတွက် အပြင်းအထန် ခုခံကာကွယ်နေတာ ဖြစ်တယ်” ဟု သူက ဆိုသည်။ 

အာရက္ခတပ်တော် (AA) သည် တိုက်ပွဲကာလ ၁ နှစ်ကျော်အတွင်း ရခိုင်က မြို့ကြီး ၁၃ ခုနှင့် ပလက်ဝမြို့ကို သိမ်းပိုက်ထားသည်။ ယင်းအပြင် အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောမြို့နယ်များကိုလည်း အလုံးစုံ သိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်နေပြီဖြစ်သည်။