ဂွတိုက်ပွဲ နှစ်ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်ဖြစ်ပွား

တိုက်ပွဲများသည် ဂွမြို့နှင့် ၃ မိုင်ပတ်လည် ရဟိုင်းကူးတို့၊ ရွှေနန်းခိုင် ကျေးရွာအနီးတို့တွင် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေသည်။ 

By Admin 12 Dec 2024

မောင်တော နခခ (၅)စခန်းသိမ်းတိုက်ပွဲအတွင်း မြင်တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ 
မောင်တော နခခ (၅)စခန်းသိမ်းတိုက်ပွဲအတွင်း မြင်တွေ့ရသော AA တပ်ဖွဲ့ဝင်တစ်ဦး။ 

DMG ၊ ဒီဇင်ဘာ ၁၂ 

ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ ဒီဇင်ဘာ ၁၀ ရက်၊ ၁၁ ရက်နေ့များတွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ယနေ့နံနက်ပိုင်းထိ ဆက်လက်ပြင်းထန်နေကြောင်း သိရသည်။ 

တိုက်ပွဲများသည် ဂွမြို့နှင့် ၃ မိုင်ပတ်လည် ရဟိုင်းကူးတို့၊ ရွှေနန်းခိုင် ကျေးရွာအနီးတို့တွင် ဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေသည်။ 

“ရွှေနန်းခိုင်အနောက်က တောင်တန်းတစ်လျှောက်ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတယ်။ အမြောက်တပ်တွေကလည်း လှမ်းပစ်တာတွေ ရှိပါတယ်။ မြို့ထဲကလည်း လှမ်းပစ်တယ်။ တိုက်ပွဲကတော့ တကယ်ပြင်းနေတာပါ” ဟု AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ဂွမြို့ကိုသိမ်းပိုက်ရန် AA က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်လည်း လူအင်အား၊ လက်နက်အင်အားများ ဆက်တိုင်းဖြည့်တင်းကာ အပြင်းအထန် ခုခံတိုက်ခိုက်နေသည်။ 

“AA ဖက်က လက်နက်ချခိုင်းတာ ရှိတယ်။ ဟိုဖက်က လက်နက်ချ/မချကိုတော့ အတိအကျ မသိရသေးဘူး။ တိုက်ပွဲကတော့ အရင်နေ့တွေကထက် ပိုပြင်းနေပါတယ်။ လက်နက်ငယ်သံတွေ၊ လက်နက်ကြီးသံတွေ အားလုံးကြားရတယ်” ဟု မြေပြင်စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။ 

ရခိုင်ဒေသတွင်း နယ်မြေအများအပြား လက်လွှတ်ဆုံးရှုံးနေရသော စစ်ကောင်စီသည် ကျန်ရှိသည့်မြို့များ မကျရှုံးရေးအတွက် လေကြောင်း၊ ရေကြောင်းအပြင် Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုပါ အသုံးပြု တိုက်ခိုက်လာသည်ဟု AA က ပြောဆိုထားသည်။  

ဂွမြို့သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသဖြင့် စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ များစွာအရေးပါသော ဒေသဖြစ်ပြီး AA အတွက်လည်း စစ်ရေးနှင့် ဒေသတွင်းစီးပွားရေးအတွက် အရေးကြီးနေသည်။

“အေအေက ဂွကိုသိမ်းပိုင်နိုင်ခဲ့ရင် စစ်ရေးအားသာချက် အများကြီးရှိသွားမယ်။ ဧရာဝတီကို စစ်ရေးအရ အလိုအလျောက် ခြိမ်းခြောက်သွားနိုင်တယ်။ ပြီးတော့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ အတွက်လည်း သက်ရောက်မှုကြီးမယ်။ ဒါကြောင့်လည်း စစ်ကောင်စီက အင်အားအလုံးအရင်းပို့ပြီး ခုခံနေတာ” ဟု ရခိုင်စစ်ရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရခိုင်ဒေသတိုက်ပွဲများသည် တစ်နှစ်ကျော်ကြာမြင့်လာပြီး နယ်စပ်မြို့အပါအဝင် မြို့နယ် ၁၁ ခုနှင့် တောင်ကုတ်၊ အမ်း မြို့တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားနိုင်သည်။