ဂွတွင် စစ်ကောင်စီက အမြောက်တပ်နှစ်ခု ထပ်တိုး

စစ်ကောင်စီသည် ဂွမြို့မကျရှုံးရေးအတွက် စစ်အင်အားများကို ဧရာဝတီဘက်မှ စစ်ကားများဖြင့် မကြာခဏ ဖြည့်တင်းကာ မြို့ပေါ်တပ်ရင်းများနှင့် မြို့အဝင်/အထွက်ရှိ တိုးချဲ့တပ်စခန်းများသို့ ပို့ဆောင်လျက်ရှိသည်။

By Admin 06 Dec 2024

စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons 
စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင့်မှုတစ်ခု။ ဓာတ်ပုံ - Myanmar Defence Weapons 

DMG ၊ ဒီဇင်ဘာ ၆ 

အာရက္ခတပ်တော် (AA) ၏ ထိုးစစ်များသည် ဂွမြို့အနီးသို့ နီးကပ်လာသည်နှင့်အမျှ စစ်ကောင်စီက လက်နက်အင်အား၊ လူအင်အား၊ ရိက္ခာအင်အားများကို အပြင်းအထန် ဖြည့်တင်းလျက်ရှိသည်။ 

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း စစ်ကောင်စီက အမြောက်တပ်နှစ်ခုကို ထပ်တိုးခဲ့ပြီး ဂွမြို့၊ မြို့မရပ်ကွက်နှင့် ဂွ - ငသိုင်းချောင်းကားလမ်း ဗေဒါစစ်ဆေးရေးဂိတ်အနီးတွင် အထိုင်ချထားကြောင်း AA နှင့် နီးစပ်သည့် စစ်‌ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ 

“ဂွမြို့ထဲမှာ လက်နက်ကြီးအမြောက်တပ် အထိုင်ချထားတယ်။ အစကတော့ ရဟိုင်းကွင်းရွာ ဘောလုံးကွင်းနားမှာ နေရာချခဲ့တယ်။ အခုတော့ မြို့တွင်းသို့ ပြန်ပြောင်းရွှေ့ပြီး မြို့မရပ်ကွက်မှာရှိတဲ့ လေယာဉ်ကွင်းသို့ ပြန်ပြောင်းရွှေ့သွားတယ်လို့ သိရတယ်။ နောက်တစ်ခုက ဗေဒါစစ်ဆေးရေးဂိတ်အနီးမှာ ချထားတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

စစ်ကောင်စီသည် ဂွမြို့မကျရှုံးရေးအတွက် စစ်အင်အားများကို ဧရာဝတီဘက်မှ စစ်ကားများဖြင့် မကြာခဏ ဖြည့်တင်းကာ မြို့ပေါ်တပ်ရင်းများနှင့် မြို့အဝင်/အထွက်ရှိ တိုးချဲ့တပ်စခန်းများသို့ ပို့ဆောင်လျက်ရှိသည်။ 

“စကစကတော့ ဂွမြို့ကို မပေးရရေးဆိုပြီးတော့ အင်အားအလုံးအရင်းနဲ့ ဖြည့်ထားတာ။ ဧရာဝတီဖက်က စစ်သားတွေကိုလည်း တစ်ပတ်မှာ နှစ်ကြိမ်သုံးကြိမ်လောက် လာပို့တယ်။ တစ်ခါပို့ရင်တော့ အနည်းဆုံး ၅ စီးထက် မနည်းဘူး။ အကုန်လုံး မြို့ပြင်က အင်အားတိုးထားတဲ့နေရာကို ပို့တာ” ဟု မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

AA ၏ မရပ်မနားထိုးစစ်များနှင့်အတူ ဂွတိုက်ပွဲများမှာလည်း မြို့နှင့် အနီးဆုံး ၁ မိုင်ခန့် အကွာရှိ ရဟိုင်းကူးတို့ ကျေးရွာအနီးသို့ ရောက်ရှိလာပြီး လက်ရှိ ထိုကျေးရွာအနီးပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေလည်း တိုးလာနေပြီး စားနပ်ရိက္ခာ၊ အမိုးအကာ၊ အဝတ်အထည်နှင့် ဆေးဝါး အရေးပေါ်လိုအပ်ချက်များ ရှိနေသည်။  

“တိုက်ပွဲကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးရှောင်တွေ ပိုပြီးခက်ခဲလာတယ်။ ဝယ်စားဖို့ ပိုက်ဆံမပါတဲ့သူတွေက ပိုများတယ်။ အအေးကလည်း ပိုလာတယ်။ အနွေးထည် မပါတဲ့သူတွေလည်း အများကြီးရှိပါတယ်” ဟု ဂွဒေသခံ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။ 

ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့သည် ဧရာဝတီတိုင်း ထိစပ်နေပြီး စစ်ရေး၊ စီးပွားရေးအရ အရေးပါသဖြင့် AA က အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကာ စစ်ကောင်စီဘက်ကလည်း လက်မလွှတ်ရအောင် အသည်းအသန်ခုခံနေသည်။