ရခိုင်တွင် လုံခြုံရေးအခြေအနေကြောင့်  ရွှေဆိုင်များပိတ်ထား

ရခိုင်တိုက်ပွဲဖြစ်စဉ်နှင့် ဒေသတွင်းလုံခြုံရေး အခြေအနေများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ စသည့်မြို့နယ်များရှိ ရွှေအရောင်းဆိုင် အားလုံးနီးပါးကို ပိတ်ထားကြသည်။ 

By Admin 30 Nov 2023

ရခိုင်တွင် လုံခြုံရေးအခြေအနေကြောင့်  ရွှေဆိုင်များပိတ်ထား

DMG ၊ နိုဝင်ဘာ ၃၀ 

ရခိုင်တိုက်ပွဲဖြစ်စဉ်နှင့် ဒေသတွင်းလုံခြုံရေး အခြေအနေများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်ဖြူ စသည့်မြို့နယ်များရှိ ရွှေအရောင်းဆိုင် အားလုံးနီးပါးကို ပိတ်ထားကြောင်း သိရသည်။ 

စစ်တွေမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက “ရွှေဆိုင်တွေ အကုန်လုံးနီးပါး ပိတ်ထားကြတယ်။ စိုးရိမ်ပြီး ပိတ်ထားကြတာ။ ဆိုင်ဖွင့်ထားပြီးမှ တစ်ခုခုဖြစ်ခဲ့ရင် ဆိုင်ကပစ္စည်းတွေကို သိမ်းရတာနဲ့ အဆင်မပြေဘူး။ စစ်တွေမှာက လက်နက်ကြီးတွေလည်း ပစ်ခတ်နေတော့ ဘယ်အချိန် ဘာဖြစ်မလဲမသိဘူး” ဟု ပြောသည်။ 

လက်ရှိမှာ စစ်တွေမြို့တွင် ရွှေဆိုင်အနည်းငယ်သာ ဖွင့်ထားပြီး ယင်းဆိုင်များတွင်လည်း ရွှေဝယ်သူမရှိဘဲ ပေါင်နှံရောင်းချသူလောက်သာရှိသည်။  ကျောက်တော်မြို့တွင်လည်း ရွှေဆိုင်အားလုံးနီးပါး ပိတ်ထားကြပြီး အချို့ဆိုင်များမှာ နံနက်ပိုင်းလောက်သာ ဖွင့်ကြောင်း သိရသည်။ 

ကျောက်တော်မြို့မှ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးက “ကျမတို့ဆီမှာတော့ တိုက်ပွဲတွေ မဖြစ်သေးဘူး။ ဒါပေမယ့် စိုးရိမ်ပြီးပိတ်ထားကြတာ။ လက်ရှိ ဘာအရောင်းအဝယ်မှ မရှိကြဘူး” ဟု ပြောသည်။ 

ရခိုင်တွင် နိုဝင်ဘာ ၁၃ ရက်နေ့မှစကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA) တို့ တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး မြို့ပေါ်နေပြည်သူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ လိုက်လံဖမ်းဆီးနေသည်။ ထို့ကြောင့် လုပ်ငန်းရှင်များမှာ ရွှေဆိုင်အပါအဝင် ကုန်စုံဆိုင်များအား ပိတ်ထားကာ မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသည်။ 

“ဒီမှာ ဒေသခံတချို့ ဖမ်းဆီးခံရတာတွေ ရှိတယ်။ အဲဒါကြောင့် ကြောက်ပြီး ဆိုင်တွေကို ပိတ်ကြတာလည်း ရှိတယ်။ ပြီးတော့ ခေတ်ကာလမကောင်းတော့ ရွှေဆိုင်ဖွင့်ထားတုန်း တစ်ခုခုဖြစ်မှာကိုလည်း စိုးရိမ်တာလည်း ပါတာပေါ့” ဟု ကျောက်ဖြူမြို့ခံ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ 

တကျော့ပြန် ရခိုင်စစ်ပွဲစတင်သည့်နေ့မှစ၍ ရခိုင်ဒေသအတွင်း ကုန်းလမ်း၊ ရေလမ်း ခရီးသွားလာမှုကို စစ်ကောင်စီက ပိတ်ဆို့ထားသဖြင့် ပြည်တွင်းရိက္ခာပြတ်တောက်မှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုကို ပြည်သူများ ခံစားနေကြရသည်။ ယင်းအပြင် စီးပွားရေးလုပ်ငန်းများလည်း ရပ်နားထားရသဖြင့် ယင်းလုပ်ငန်းများအား မှီခိုနေရသော အခြေခံလူတန်းစားများမှာ အခက်အခဲများစွာနှင့် ကြုံတွေ့နေကြရသည်။ 

#D004 #DMG

ဗီဒီယိုများ