ရခိုင်တွင် ယခင်ကတည်းကရှိနေသည့် စစ်ဘေးရှောင်များ ရိက္ခာပြတ်လပ်

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ်တို့က တိုက်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ဘေးရှောင် ၅၈,၀၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း UNOCHA စာရင်းတွင် ဖော်ပြသည်။

By Admin 29 Nov 2023

ရခိုင်တွင် ယခင်ကတည်းကရှိနေသည့် စစ်ဘေးရှောင်များ ရိက္ခာပြတ်လပ်

DMG ၊ နိုဝင်ဘာ ၂၉

ရခိုင်ပြည်တွင် နိုဝင်ဘာလ ၁၃ ရက်မှစပြီး စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ပင်ထားသဖြင့် ယခင်ကတည်းကရှိနေသည့် စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာ ပြတ်လပ်နေကြောင်း သိရသည်။ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်တို့၏ ၂၀၁၈ နှင့် ၂၀၂၂ ခုနှစ်တို့က တိုက်ပွဲများကြောင့် ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ဘေးရှောင် ၅၈,၀၀၀ ကျော် နေရပ်မပြန်နိုင်ဘဲ ကျန်ရှိနေသေးကြောင်း UNOCHA စာရင်းတွင် ဖော်ပြသည်။ လက်ရှိမှာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ရသေ့တောင် စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းများတွင် စားနပ်ရိက္ခာ ပြတ်တောက်နေခြင်းဖြစ်သည်။

ကျောက်တော်မြို့နယ်၊ ညောင်ချောင်း စစ်ဘေးရှောင်စခန်းမှ ဒေါ်မဆန်းဝင်းက “လမ်းတွေကို ပိတ်ထားတော့ အကူအညီတွေလည်း မရောက်တော့ဘူး။ အလုပ်လည်း မလုပ်ရဘူးဆိုတော့ အခက်အခဲတော်တော်ဖြစ်နေပြီ။ ကျမတို့မှာ စားစရာဆန် တစ်ရက်စာပဲ ရှိတော့တယ်။ ဒီအတိုင်းဆိုရင် ထမင်းငတ်ရတော့မယ်” ဟု ပြောသည်။

ကမ္ဘာ့စားနပ်ရိက္ခာအစီစဉ်(WFP)မှ တစ်လလျှင် လူတစ်ဦးကို ပုံမှန်ထောက်ပံ့နေသည့် ငွေသုံးသောင်းကျပ်ကို မရရှိသည်မှာလည်း (၂) လရှိပြီဖြစ်၍ ပိုပြီးကျပ်တည်းနေကြောင်း စစ်ဘေးရှောင်များက ဆိုသည်။

ရခိုင်ဒေသအတွင်း လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် သွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ထားသဖြင့် ကုန်းလမ်း၊ ရေလမ်းခရီးကို လွတ်လပ်စွာ သွားလာခွင့်ပြုရန် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး - UNOCHA က နိုဝင်ဘာလ ၁၇ ရက်နေ့က တောင်းဆိုထားသည်။ 

စားနပ်ရိက္ခာအကျပ်အတည်းကို ဖြေရှင်းရန်အတွက် စစ်ဘေးရှောင်များမှာ မြို့တွင်းနှင့် အခြားနေရာများသို့ အလုပ်ထွက်လုပ်ရန် ကြိုးစားကြသော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ထားသည့်အပြင် တင်းကျပ်စွာ စစ်ဆေးမှုများကြောင့် အခက်အခဲဖြစ်နေကြသည်။ 

ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်စစ်ဘေးရှောင်စခန်းနေ ဦကျော်သန်းက “အပြင်ထွက်ပြီး အလုပ်လည်း မလုပ်ရဲဘူး။ စားနပ်ရိက္ခာကလည်း ပြတ်လပ်နေပြီး။ အကူအညီတွေလည်း မရောက်သေးဘူး” ဟု ပြောသည်။

စစ်ဘေးရှောင်များမှာ စားနပ်ရိက္ခာပြတ်လပ်မှုအပြင် ရာသီအပြောင်းအလဲကြောင့် နေမကောင်းဖြစ်သူများ ရှိနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်နေကြသည်။

“အကူအညီပြတ်နေတာ နှစ်လလောက်ရှိပြီ။ အလုပ်ထွက်လုပ်ဖို့လည်း အဆင်မပြေဘူး။ နောက်ပြီး ကလေးတွေလည်း နေမကောင်းဖြစ်နေကြတယ်။ ဆေးခန်းသွားပြဖို့လည်း မိဘတွေမှာ ပိုက်ဆံမရှိကြဘူး” ဟု မြောက်ဦးမြို့၊ အောင်စေတီ စစ်ဘေးရှောင်စခန်းမှ ဦးဦးသန်းမြင့်က ပြောသည်။

နိုဝင်ဘာလ ၁၃ ရက်တွင် စတင်လာသည့် တကျော့ပြန်စစ်ပွဲများနှင့်အတူ ရခိုင်ပြည်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ဒေသခံသောင်းချီမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြသည်။ 

#D011 #DMG

ဗီဒီယိုများ