- တရုတ်သမ္မတ ရှီကျင့်ဖျင် ၂၀၂၅ တွင် ရုရှားသို့ အလည်အပတ် ရောက်မည်ဟု ရုရှားသံအမတ်ပြော
- အမ်းရိုးမတောင်တန်းတွင် စစ်ကောင်စီ အင်အားဖြည့်နေ
- စစ်တွေတွင် စစ်ကောင်စီက ရေတပ်အင်အား တိုးချဲ့ချထား
- ရခိုင်က စစ်ကောင်စီတပ်သားများ AA ထံ အညံ့ခံရန် နပခဒုတိုင်းမှူး သတိပေး
- ဂွတပ်ရင်း ခမရ (၅၆၂) အတွင်းပိုင်းထိ AA ထိုးဖောက်ဝင်ရောက်
ကယ်ဆယ်ရေးခရီးသွားခွင့်ရပ်ဆိုင်းမှုမှာ စစ်ကောင်စီက နိုင်ငံရေးအမြတ်ထုတ်ခြင်းဟု ဝေဖန်နေကြ
မိုခါကြောင့် ရခိုင်ပြည်သူများ ဒုက္ခရောက်နေကြချိန် လူသားချင်းစာနာမှုဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့် ရပ်နားလိုက်ခြင်းမှာ စစ်ကောင်စီက စစ်ရေး၊နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားနေခြင်းဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။
10 Jun 2023
DMG ၊ ဇွန် ၁၀
ရခိုင်ပြည်အတွင်း မုန်တိုင်းသင့်ပြည်သူများကို အကူအညီများပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းနှင့် အရပ်ဖက်အဖွဲ့များကို ဒေသတွင်းလူမှုကူညီရေးခရီးသွားလာခွင့်ကို ပြည်နယ်စစ်ကောင်စီက ဇွန်လ ၈ ရက်နေ့ကစပြီး ရက်အကန့်သတ်မၡိ ရပ်ဆိုင်းထားလိုက်သည်။
မိုခါကြောင့် ရခိုင်ပြည်သူများ ဒုက္ခရောက်နေကြချိန် လူသားချင်းစာနာမှုဆိုင်ရာ လူမှုကူညီရေးအဖွဲ့အစည်းများကို ခရီးသွားလာခွင့် ရပ်နားလိုက်ခြင်းမှာ စစ်ကောင်စီက စစ်ရေး၊နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစားနေခြင်းဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။
“နိုင်ငံတကာအကူအညီတွေ၊ NGO တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံးကို ထောက်ပံ့ကူညီကယ်ဆယ်ရေး ပစ္စည်းတွေပေးဖို့ ရပ်ဆိုင်းလိုက်တာဟာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် တော်တော်ကိုဒုက္ခရောက်သွားမယ်။ စစ်ကောင်စီက နိုင်ငံတကာအဖွဲ့အစည်းတွေကို တိုက်ရိုက်ကူညီခွင့်မပေးဘဲ သူတို့လက်ထဲကတစ်ဆင့်ကူညီမယ် ဆိုတာကတော့ စစ်ရေးအရရော၊ နိုင်ငံအရေးအရပါ အမြတ်ထုတ်ဖို့ ကြိုးစားနေတာ” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
ဇွန်လအစောပိုင်းက စစ်ကောင်စီနှင့် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ ဆွေးနွေးပွဲမှာ ရလဒ်ကောင်းတစ်စုံတရာ မရခဲ့သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကူညီကယ်ရေးများကို ရပ်တန့်လိုက်ခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။
စစ်ကောင်စီသည် ရခိုင်ပြည်သူများအား ရိက္ခာပြတ်တောက်အောင် လုပ်ဆောင်နေခြင်းဖြစ်ပြီး ကူညီထောက်ပံ့ရေးပစ္စည်းများမှာ AA ထံသို့ ရောက်သွားမည်ကို စိုးရိမ်နေကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဝေဖန်သည်။
“နဂိုကတည်းက ပြည်သူတွေ စစ်ရေးဒုက္ခရောက်နေတာ။ အဲဒီ စစ်ရေးဒုက္ခတွေကို ပိုပြီးတော့ နလန်မထူနိုင်အောင် စစ်ကောင်စီက ကြိုးစားလာတာဖြစ်တယ်။ နောက်တစ်ခုက အဲဒီရိက္ခာတွေဟာ ULA/AA ဖက်ကိုရောက်မှာကို စစ်ကောင်စီက စိုးရိမ်နေတယ်။ တမင်တကာ ရိက္ခာတွေ ပြတ်တောက်အောင်လုပ်တာဖြစ်တယ်” ဟု ဦးဖေသန်းက ပြောသည်။
လက်ရှိအချိန်မှာ မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေသည့်အတွက် အကူအညီများပေးနေသည့် အဖွဲ့များကို ခရီးသွားလာခွင့်ပေးသင့်ကြောင်း ဒေသခံများက ပြောသည်။
မြောက်ဦးမြို့နယ်၊ တိမ်ညို စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးစိုးနိုင် က “အခုလို ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို ခရီးသွားလာခွင့် ရပ်တန့်လိုက်တာကတော့ စစ်ဘေးရှောင်တွေအတွက် အများကြီး အခက်အခဲဖြစ်သွားနိုင်တယ်။ အခုတောင် အမိုးအကာတွေမရှိလို့ အိမ်တွေတောင် မဆောက်နိုင်သေးဘူး။ နောက်ပြီးတော့ မုန်တိုင်းသင့် ပြည်သူတွေအတွက်လည်း အများကြီး အခက်အခဲ ရှိသွားနိုင်တယ်” ဟု ပြောသည်။
ခရီးသွားလာခွင့် ရပ်ဆိုင်းထားခြင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းက “မူအားဖြင့်ကတော့ NGO တွေက ကိုယ့်သဘောနဲ့ကိုယ်သွားပြီး ဟိုဖြန့်ဒီဖြန့် ဖြန့်လို့မရဘူး။ ဒါနဂိုကတည်းက မူရှိတာပဲ။ အဲဒီဟာကို ဖောက်ဖျက်နေလို့ (ညွှန်ကြားစာ) ထုတ်တာဖြစ်ရင် ဖြစ်မှာပေါ့”ဟု DMG ကို ဖြေဆိုထားသည်။
ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လတ်တလော ရခိုင်ပြည်တွင် မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေရမှုအား စိတ်ရှည်သည်းခံပြီး စည်းလုံးမှုဖြင့် ဖြတ်ကျော်ကြရန် ဇွန်လ ၉ ရက်နေ့က သူ၏ တွယ်တာစာမျက်နှာတွင် ရေးသားထားသည်။
ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော စသည့် မြိုနယ်များတွင် အိမ်ခြေ စုစုပေါင်း ၂၁၆,၆၈၁ ဆောင် ပျက်စီးသွားပြီး ဒေသခံပြည်သူ ၁,၂၀၀,၀၀၀ (တစ်သန်း နှစ်သိန်း) ကျော် ထိခိုက်နစ်နာခဲ့ကြောင်း AA က ပြောဆိုထားသည်။
#R007