- မြဝတီရွှေကုက္ကိုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ထိုင်းဘက်က ကြိုတင်ပြင်ဆင်
- လက်နက်ကြီး အန္တရာယ်ကြောင့် စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်ကျေးရွာများ တိမ်းရှောင်
- ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ဂွဒေသခံ ၁၆ ဦးကို စစ်ကောင်စီ ဖမ်းဆီး
- ဂွသို့ တင့်ကားအပါအဝင် စစ်ကား အစီး ၂၀ ကျော်ဖြင့် အင်အားဖြည့်တင်း
- တရုတ်ကုမ္ပဏီ AVIC ထံမှ စစ်ကောင်စီ လေယာဉ်အသစ် ၈ စင်း ဝယ်ယူရရှိထား
မုန်တိုင်းကြောင့် ပျက်စီးခဲ့သည့် လမ်း၊ တံတားများကို ၅ လကျော်ကြာသည့်တိုင် မပြုပြင်နိုင်သေး
ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့်မြို့နယ်အချို့တွင် ပျက်စီးသွားခဲ့သည့် လမ်း၊တံတားများကို မုန်တိုင်းအလွန် ၅ လကျော်ကြာအထိ ပြန်လည်မပြုပြင်နိုင်သေးဖြင့် သွားလာရေးတွင် အခက်ကြုံနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
16 Oct 2023
DMG ၊ အောက်တိုဘာ ၁၆
ရခိုင်ပြည်အတွင်းက မုန်တိုင်းဒဏ်သင့်မြို့နယ်အချို့တွင် ပျက်စီးသွားခဲ့သည့် လမ်း၊တံတားများကို မုန်တိုင်းအလွန် ၅ လကျော်ကြာအထိ ပြန်လည်မပြုပြင်နိုင်သေးဖြင့် သွားလာရေးတွင် အခက်ကြုံနေရဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မြို့နယ် ၄ မြို့နယ်မှ ဒေသခံများ အသုံးပြုသွားလာနေကြသည့် ရသေ့တောင်မြို့နယ်၊ မေယုကမ်းရှိ မုန်တိုင်းဒဏ်သင့် အငူမော်ဆိပ်ခံတံတားကို ပြုပြင်ပေးခြင်း မရှိသေး၍ သွားလာရေးနှင့် ကုန်တင်ကုန်ချလုပ်ကိုင်ရာတွင် အခက်အခဲဖြစ်နေရသည်ဟု ဒေသခံများကပြောသည်။
မုန်တိုင်းကြောင့် အငူမော်ဆိပ်ခံတံတားမှာ အောက်ခင်းသံပြားများ ကွာကျသွားကာ အပေါက်များဖြစ်နေ၍ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကုန်တင်ကုန်ချ လုပ်ကိုင်သူများအတွက် အန္တရာယ်ရှိနိုင်သည်ဟု ရသေ့တောင်မြို့၊ အရှေ့မြောက်အုပ်ချုပ်ရေးမှူး ဦးကျော်သန်းလှိုင်က ပြောသည်။
“တံတားက သိပ်ကိုအန္တရာယ်ရှိပါတယ်။ အခု တံတားဘောင်တွေကနေ ဂရုစိုက်ပြီး သွားနေရတယ်။ တံတားပြန်လုပ်တော့မယ် ကြားတယ်။ သိပ်ကြာမယ် မထင်ဘူး” ဟု သူကပြောသည်။
အငူမော်ဆိပ်ခံတံတားမှာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ စစ်တွေမြို့နယ်တို့မှ ဒေသခံများ အဓိကအသုံးပြုသွားလာနေသည့် ဆိပ်ခံတံတားတစ်ခုဖြစ်သဖြင့် အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် တောင်းဆိုနေကြသည်။
အငူမော်ဆိပ်ခံတံတားကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က Bridge Asia Japan (BAJ)နှင့် WFP တို့ ပူးပေါင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရွယ်အစားမှာ အလျား ၄၅ ပေ၊ အနံ ၃၀ ဒသမ ၅ ပေခန့်ရှိသည်။
အငူမော်ဆိပ်ခံတံတား ဆောက်လုပ်မည့်ကိစ္စနှင့်ပတ်သက်၍ ရသေ့တောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်က “တရားဝင် အကြောင်းမကြားလာသေးပါဘူး။ ရောင်စုံစာရွက်ပိုင်း နည်းနည်းလုပ်ဖို့ကျန်သေးတယ်လို့ သိရတယ်။ လုပ်မယ့်အဖွဲ့အစည်းက မြေပြင်ဆင်းတာတွေရှိတယ်။ ခန့်မှန်းခြေအရတော့ နှစ်ပတ်လောက်ဆို လုပ်ငန်းစနိုင်တော့မှာပါ” ဟု ၎င်းကပြောသည်။
ယင်းအပြင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် စစ်တွေမြို့က မြို့မဈေးကြီး ဆိပ်ခံတံတားကို ယခုအချိန်ထိ ပြန်လည်မပြုပြင်နိုင်သေး၍ သွားလာရေးနှင့် ကုန်တင်ကုန်ချလုပ်ရာတွင် အခက်အခဲကြုံနေရသည်ဟု သိရသည်။
ပျက်စီးနေသည့် မြို့မဈေးကြီးဆိပ်ခံတံတားကို အမြန်ဆုံးပြုပြင်ပေးရန် ခရီးသည်များနှင့် စက်လှေသမားများက တောင်းဆိုနေကြသည်။
“မုန်တိုင်းနဲ့ တံတားပျက်စီးသွားတော့ ဘယ်လိုမှ အဆင်မပြေဘူး။ ရေကျသွားရင် ရေညှိတွေကြောင့် လျှော်လဲပြီး ဒူးကွဲသူကွဲနဲ့ သိပ်အခက်အခဲဖြစ်ရတယ်။ လူနာတွေအတွက်လည်း သိပ်စိုးရိမ်ရတယ်” ဟု ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ဦးအောင်ထွန်းဝင်းက ပြောသည်။
စစ်တွေမြို့၊ မြို့မဈေးကြီး ဆိပ်ခံတံတားကို ပေါက်တော၊ မြေပုံ၊ မင်းပြားမြို့နယ်များရှိ ကျေးရွာများမှ ဒေသခံများမှာ ဈေးရောင်းဈေးဝယ်ရန်လာကြရာတွင် အသုံးပြုနေကြခြင်းဖြစ်သည်။
တစ်ဖက်တွင် မုန်တိုင်းကြောင့်ပျက်စီးသွားသည့် လမ်း၊တံတားများကို သက်ဆိုင်ရာအာဏာပိုင်များက ပြုပြင်ပေးခြင်းမရှိသေး၍ ဒေသခံများမှာ ကိုယ်ထူကိုယ်ထ ယာယီပြုပြင်ကာ အသုံးပြုနေကြကြောင်း သိရသည်။
ကျေးရွာပေါင်း ၁၁ ရွာခန့်မှ ဒေသခံများ အဓိကအသုံးပြုနေသည့် မြေပုံမြို့နယ်၊ င/မန်းရဲကျွန်းရှိ (မြေသားလမ်း) လမ်းမကြီးမှာ မုန်တိုင်းတိုက်ခတ်စဉ် ဒီရေတိုက်စားမှုကြောင့် ပျက်စီးသွားခဲ့သည်။
ပျက်စီးနေသည့် လမ်းမကြီးကို ပြုပြင်ပေးရန် မြို့နယ်ထွေ/အုပ်ထံ တင်ပြတောင်းဆိုသော်လည်း အကြောင်းပြန်လာခြင်း မရှိသဖြင့် လက်ရှိတွင် ယာယီပြုပြင်ပြီးသွားလာနေရသည်ဟု င/မန်းရဲကြီးကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်စိုးက ပြောသည်။
“ကိုယ်ထူကိုယ်ထ ဘတ်ဖိုးတွေနဲ့တူးပြီး မြေဖို့ထားတယ်။ မဟုတ်ရင် လမ်းဘေးကလယ်ကွက်တွေကို ဒီရေဝင်ပြီး အကုန်ပျက်စီးသွားမှာ။ မြေဖို့ထားတာကလည်း နေပူရင် သွားလာလို့ နည်းနည်းအဆင်ပြေတယ်။ မိုးရွာရင်တော့ ဘယ်လိုမှသွားမရဘူး” ဟု ၎င်းကပြောသည်။
အဆိုပါလမ်းမကြီးကို င/မန်းရဲကျွန်းတိုက်နယ်ရှိ ကြက်ရေ၊ လွန်းလုံပိုက်၊ ပြန်ငခူချောင်း၊ ဝက်ကောက်ကြီး၊ င/မန်းရဲကြီး စသည့်ကျေးရွာပေါင်း ၁၁ ရွာခန့်မှ ဒေသခံများ မြေပုံမြို့ပေါ်သို့သွားလာရာတွင် အဓိက အသုံးပြုနေကြခြင်းဖြစ်သည်။
ယင်းအပြင် ကျေးရွာပေါင်း ၉ ရွာခန့်မှဒေသခံများ အသုံးပြုနေကြသည့် ရသေ့တောင်မြို့နယ်၊ သရက်ချောင်း ကျေးရွာရှိ “မေယုအားမာန်” ကြိုးတံတားမှာလည်း မုန်တိုင်းကြောင့် ကျိုးပဲ့ပျက်စီးသွားသဖြင့် ဒေသခံများမှာ သွားလာရေး အခက်ကြုံခဲ့ရသည်။
လက်ရှိတွင် သွားလာရေးအဆင်ပြေအောင် ယာယီပြုပြင်ထားသော်လည်း ပြန်လည်ပြုပြင်ရန် အကူအညီများလိုအပ်နေကြောင်း သရက်ချောင်းကျေးရွာမှ ဦးစိုးလှအေးက ပြောသည်။
“အခုက ပျက်စီးသွားတဲ့နေရာတွေကို ယာယီအနေနဲ့ ပြုပြင်ထားတယ်။ အခုတော့ အဆင်ပြေတယ်။ ဒါပေမယ့် ပြန်ပြီးပြုပြင်ဖို့ကျတော့ ငွေကြေးအခက်အခဲရှိတာကြောင့် နွေရာသီလောက်မှပဲ ပြန်ပြုပြင်မယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ၎င်းကပြောသည်။
“မေယုအားမာန်” ကြိုးတံတားကို သရက်ချောင်းရွာအနီးပတ်ဝန်းကျင်ရှိ သရက်ပြင်၊ လောင်ချောင်း၊ အောင်မ၊ ပြင်ချောင်း၊ စေတီပြင်၊ မော်ထက်၊ သာယာကုန်း စသည့်ကျေးရွာမှ ဒေသခံများ အသုံးပြုသွားလာနေကြပြီး အဆိုပါတံတားမှာ ၂၀၁၃ ခုနှစ်က ဒေသခံများစုပေါင်းငွေဖြင့် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် လူဦးရေ ၁၁ သိန်း ကျော် ထိခိုက်နစ်နာခဲ့ပြီး အဆောက်အအုံပေါင်း နှစ်သောင်းလေးထောင်ကျော် ပျက်စီးခဲ့သည်ဟု ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မုန်တိုင်းသင့် ရခိုင်ပြည်အတွင်း ၇၅ ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့်ကဏ္ဍတို့တွင် ဖွံဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသများမှ ကျေးလက်နေပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် လမ်းတံတားများကို ဦးစားပေးလုပ်ဆောင်ပေးရန်လိုအပ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။