စစ်သင်သန်းတက် မွတ်ဆလင်များနှင့် မိသားစုအဆက်သွယ်မရ

ဧပြီလအတွင်း စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ စစ်ကောင်စီက ခေါ်သွားသည့် မွတ်ဆလင်လူငယ် ၅၀၀ ထဲမှ တချို့ကို မိသားစုဝင်များက လုံးဝဆက်သွယ်မရ ဖြစ်နေသည်။ 

By Admin 17 May 2024

ရခိုင်တွင် စစ်ကောင်စီက မွတ်ဆလင်များအား စစ်သင်တန်းပေးနေစဉ်။ 
ရခိုင်တွင် စစ်ကောင်စီက မွတ်ဆလင်များအား စစ်သင်တန်းပေးနေစဉ်။ 

DMG ၊ မေ ၁၇ 

ရခိုင်ပြည်တွင် စစ်ကောင်စီက စစ်သင်တန်းပေးရန် ခေါ်ဆောင်သွားသည့် မွတ်ဆလင်ဦးရေ အများအပြားရှိနေပြီး ၎င်းတို့နှင့် အသက်အဆွယ်မရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

ဧပြီလအတွင်း စစ်တွေမြို့နယ် ဘုမေ၊ သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ သက္ကပြင် စသည့် မွတ်ဆလင်ကျေးရွာများမှ စစ်ကောင်စီက ခေါ်သွားသည့် မွတ်ဆလင်လူငယ် ၅၀၀ ထဲမှ တချို့ကို မိသားစုဝင်များက လုံးဝဆက်သွယ်မရ ဖြစ်နေသည်။ 

ဒါးပိုင်ရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက “အဆက်အသွယ်မရတာ တစ်လလောက်ရှိနေပါပြီ။ ကျမတို့က တိုက်ရိုက်ဖုန်းပြောချင်တာပါ။ နေကောင်းရဲ့လား၊ စားသောက်ရတာအဆင်ပြေလား။ အခြေနေကို သိချင်တာ။ အခုက အဆက်အသွယ်မရတော့ သားကိုရော၊ သူနဲ့ပါသွားတဲ့သူတွေကိုပါ စိတ်ပူနေပါတယ်” ဟု ပြောသည်။ 

နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်မှုများကြောင့် စစ်အင်အားလျော့နည်းလာသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေစစ်မှုထမ်းရမည့် စစ်မှုထမ်းဉပဒေကို ပြဌာန်းပြီးနောက် ရခိုင်ဒေသက မွတ်ဆလင်များကို အတင်းအကြပ်စုဆောင်းကာ စစ်သင်တန်းများ ပို့ချလျက်ရှိသည်။ 

စစ်ကောင်စီသည် ဖေဖော်ဝါရီနှင့် မတ်လအတွင်း စစ်တွေမြို့နယ်မှ မွတ်ဆလင် ၁,၀၀၀ ကျော်ကို စစ်သင်တန်းပေးကာ စစ်မြေပြင်သို့ ပို့ဆောင်ခဲ့သဖြင့် AA နှင့်တိုက်ပွဲအတွင်း သေဆုံးသွားသူများလည်း ရှိခဲ့သည်။ 

စစ်ကောင်စီက ခေါ်ဆောင်သွားသူများမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ(စစ်တွေ) တွင် ၁၄ ရက်ကြာ စစ်သင်တန်းတက်ပြီးနောက် မည်သည့်နေရာတွင် ရောက်နေသည်ကို မိသားစုဝင်များက သိချင်နေကြသည်။

“တိုက်ရိုက်ဖုန်းမပြောရဘူး။ သူတို့ရဲ့အထက်အရာရှိနဲ့ တစ်ဆင့်ခံသတင်းမေးရတယ်။ တိုက်ရိုက်ဖုန်းပြောရတာ မရှိတဲ့အတွက် မိသားစုဝင်အနေနဲ့ စိုးရိမ်မှုရှိပါတယ်” ဟု ဘုမေရွာမှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။ 

လက်ရှိတွင် စစ်ကောင်စီခေါ်ဆောင်သွားသည့် မွတ်ဆလင်များထဲမှတချို့မှာ စစ်ကောင်စီ၏ ရေတပ်စခန်း၊ မြို့တွင်းရဲစခန်း၊ မြို့အဝင်အထွက် ဂိတ်၊ တပ်မဌာန စသည့်နေရာများတွင် လုံခြုံရေးကင်းစောင့် လုပ်နေရကြောင်း သိရသည်။ 

မွတ်ဆလင်လူငယ်တစ်ဦးက “စစ်တွေဘက်မှာတော့ သင်တန်းဆင်းမွတ်ဆလင်တွေကို ကင်းစောင့်ခိုင်းတယ်။ ပြီးရင် သူတို့ကို လက်နက်ပေးတာလည်း မရှိဘူး။ ဓားနဲ့တုတ် ပေးထားတယ်။ အဓိကတော့ ကျနော်တို့ လူမျိုးတွေကို စစ်ကောင်စီက လိုအပ်တဲ့နေရာမှာ လူသားဒိုင်းကာအဖြစ် အသုံးပြုနေတာ” ဟု ပြောသည်။ 

စစ်သင်တန်းဆင်းသူများကို ဘူးသီးတောင်၊ မောင်တောစစ်မြေပြင်သို့ စစ်ကောင်စီက ပို့ဆောင်နေကြောင်းလည်း မွတ်ဆလင်အသိုင်းဝိုင်းမှ သိရသည်။   

မွတ်ဆလင်များနှင့်နီးစပ်သူ မောင်တောဒေသခံတစ်ဦးက “ကျနော်တို့ ကြားရသလောက်ဆိုရင် တချို့က အဆက်သွယ်ရတယ်။ တချို့ဆိုရင် သင်တန်းသွားတက်ကတည်းက လုံးဝအဆက်သွယ်မရဘူး။ ဒီဘက်မှာ တိုက်ပွဲတွေလည်း အရမ်းပြင်းနေတော့ ရှေ့တန်းလိုက်သွားရတာလား၊ ဘယ်လိုနေလဲ အမျိုးမျိုးတွေးနေရပါတယ်” ဟု ပြောသည်။ 

ရခိုင်ပြည်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် ရခိုင်နှင့် မွတ်ဆလင် အသိုင်းဝိုင်းကြား သွေးထိုးလှုံ့ဆော်မှုများဖြင့် လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေ၍ သတိထားစောင့်ကြည့်ကြရန် နှစ်ဖက်အသိုင်းအဝိုင်းက ပြောကြသည်။

ဗီဒီယိုများ