စစ်တွေတွင် မွတ်ဆလင်ဒုက္ခသည်များ စစ်မှုထမ်းရန် ခေါ်ယူခံနေရဆဲ

စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်မှုထမ်းရန်အတွက် ထပ်မံ ဖိအားပေးခေါ်ယူနေကြောင်း ဒုက္ခသည်များက DMG ကို ပြောသည်။

By Admin 30 Sep 2024

စစ်တွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော မွတ်ဆလင်များအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။
စစ်တွေမြို့နယ်အတွင်း သွားလာလှုပ်ရှားနေသော မွတ်ဆလင်များအား ၂၀၁၉ ခုနှစ်က တွေ့ရစဉ်။

DMG ၊ စက်တင်ဘာ ၃၀ 

စစ်ကောင်စီသည် ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မွတ်ဆလင်ဒုက္ခသည်များကို စစ်မှုထမ်းရန်အတွက် ထပ်မံ ဖိအားပေးခေါ်ယူနေကြောင်း ဒုက္ခသည်များက DMG ကို ပြောသည်။ 

သဲချောင်း၊ ဘာဆာ၊ ဒါးပိုင်၊ ဘောဒူဖ၊ သက္ကယ်ပြင်၊ အုန်းတောကြီး၊ အုန်းတောချေ စသည့် ဒုက္ခသည်စခန်းများအပြင် ဘုမေကျေးရွာသို့ စက်တင်ဘာ ၂၀ ရက်နှင့် ၂၅ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်ကာ အောက်တိုဘာလမှစ၍ စစ်မှုထမ်းခေါ်ယူမည်အကြောင်း အသိပေးထားသည်။ 

လူဦးရေမည်မျှခေါ်မည်ကို မသိရ‌ကြောင်းနှင့် ဆန့်ကျင်သူများကို အရေးယူသွားမည်ဟု သတိပေးထားသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ဆိုသည်။ 

သက္ကယ်ပြင်ဒုက္ခသည်စခန်းမှ အမျိုးသမီးတစ်ဦးက “Camp တစ်ခုက လူဘယ်လောက်ဆိုပြီး ပြောခဲ့တာတော့ မရှိသေးဘူး။ လိုအပ်ရင်လိုအပ်သလို ရသလောက်ခေါ်ယူသွားမယ်၊ အသင့်ပြင်ဆင်ထားကြ၊ ထွက်ပြေးဖို့မကြိုးစားနဲ့ ဆိုပြီးတော့လည်း ပြောခဲ့တာရှိပါတယ်” ဟု ပြောသည်။ 

စစ်မှုထမ်းခေါ်မည့် ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကိုယ်တိုင်လာရောက်၍လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း နည်းမျိုးစုံဖြင့် သတိပေးထားကြောင်း သိရသည်။ 

ရခိုင်စစ်မြေပြင်တွင် ရှုံးနိမ်နေသော စစ်ကောင်စီသည် အင်အားဖြည့်တင်းရန်အတွက် မွတ်ဆလင်များကို အတင်းအဓမ္မ ဖိအားပေးကာ စစ်မှုထမ်းခေါ်ယူနေပြီး အာရက္ခတပ်တော်နှင့် တိုက်ပွဲများ၌ အသုံးပြုလျက်ရှိသည်။ 

“ကျနော်တို့က စစ်သင်တန်းလည်း မတက်ချင်ဘူး။ စစ်သင်တန်းမတက်ချင်လို့ တိမ်းရှောင်နေရင်လည်း ကျန်ခဲ့တဲ့ မိသားစုဝင်တွေကို လိုက်ဖမ်းပါတယ်။ ကျနော်တို့မှာ ငြင်းပယ်လို့မရ၊ သွားစရာလမ်းလည်း မရှိသလို ပြေးဖို့နေရာလည်း မရှိပါဘူး။ သူတို့လိုအပ်ရင် လိုအပ်သလို ကျနော်တို့ကို အသုံးချနေတာ” ဟု ဒါးပိုင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လနှင့် ဇွန်လကလည်း စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည် ထောင်နှင့်ချီကို စစ်ကောင်စီက မက်လုံးပေးပြီး စစ်မှုထမ်းခေါ်ကာ အတင်းအဓမ္မ စစ်သင်တန်းတက်ခိုင်းခဲ့သည်။

ထိုမွတ်ဆလင်များထဲမှ အများစုမှာ ယနေ့အချိန်ထိ တစ်စုံတစ်ရာ အဆက်အသွယ်မရရှိသဖြင့် ၎င်းတို့၏ လုံခြုံရေးနှင့်ပတ်သက်၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။ 

မိသားစုဝင် မွတ်ဆလင်အမျိုးသမီးတစ်ဦးက “ဖေဖော်ဝါရီလကတည်းက သင်တန်းတက်ဖို့ခေါ်သွားတာ အခုချိန်ထိ အဆက်သွယ်မရသေးပါဘူး။ ဘယ်နေရာ ရှိတယ်၊ ဘာတွေလုပ်နေလဲ ဆိုတာကိုလည်း မသိရပါဘူး။ တချို့ကတော့ ကင်းစောင့်၊ မြို့ပတ်အလုပ်ကို လုပ်နေကြတာလည်း ရှိပါတယ်” ဟု ပြောသည်။ 

မွတ်ဆလင်ဒုက္ခသည်များကို စစ်မှုထမ်း ထပ်ခေါ်နေခြင်းနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရသူ ဦးလှသိန်းကို DMG က တယ်လီဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ မြေပြင်တွင် နှစ်ဖက်စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက လုံခြုံရေးကို တိုးချဲ့ကာ AA ထိုးစစ်ကို ခုခံရန် ပြင်ဆင်ထားသည်။