စစ်ရေးပဋိပက္ခကြောင့် ပုလောဒေသခံ ရေလုပ်သားများ အခက်ကြုံနေရ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဒေသခံများကို ပင်လယ်သို့ ငါးဖမ်းမထွက်ရန် စစ်ကောင်စီရေတပ်က တားမြစ်ထားသဖြင့် တပိုင်တနိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်ကြုံနေရကြောင်း သိရသည်။

By Admin 16 Oct 2023

ပုလောမြို့နယ် ပင်လယ်၌ စစ်သင်္ဘောတစ်ချို့ သွားလာနေသည် ကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ
ပုလောမြို့နယ် ပင်လယ်၌ စစ်သင်္ဘောတစ်ချို့ သွားလာနေသည် ကိုတွေ့ရစဥ်။ ဓာတ်ပုံ - CJ

DMG ၊ အောက်တိုဘာ ၁၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် ဒေသခံများကို ပင်လယ်သို့ ငါးဖမ်းမထွက်ရန် စစ်ကောင်စီရေတပ်က တားမြစ်ထားသဖြင့် တပိုင်တနိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် စားဝတ်နေရေး အခက်ကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ပင်လယ်ထဲသို့ ငါးဖမ်းထွက်ခြင်းကို စစ်ကောင်စီရေတပ်မှ ပိတ်ပင်ခဲ့ပြီး ငါးဖမ်းထွက်သူများကို စစ်သင်္ဘောငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု လက္ကူးကျေးရွာအုပ်စုရှိ ပြင်းဖြူကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“ငါးဖမ်းခွင့်မပေးတာ တစ်လလောက်ရှိပြီ။ ငါးခိုးဖမ်းတဲ့ သူတွေကို ရေတပ်တွေက သင်္ဘောတွေနဲ့လိုက်ပြီး သေနတ်နဲ့လိုက်ပစ်တာ ထွက်ပြေးခဲ့ရတယ်။ ကြာရင်တော့ ငတ်တော့မယ်ထင်တယ်” ဟု ၄င်းကပြောသည်။
ယင်းအပြင် စစ်ကောင်စီတပ်နှင့် ဒေသတော်လှန်ရေးတပ်ဖွဲ့ (PDF) တို့သည် လက္ကူး‌၊ မိတပ်၊ ပြင်းဖြူနှင့် တိုကျေးရွာတို့ အနီးတွင် စက်တင်ဘာလ ၁၅ ရက်နေ့မှ စက်တင်ဘာလ ၂၈ ရက်နေ့အထိ နှစ်ပတ်ကြာ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားခဲ့ပြီး ပင်လယ်ပြင် စစ်သင်္ဘောများနှင့် တိုတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများဖြင့် အများအပြားပစ်ခတ်ခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းတွင်လည်း ပင်လယ်ပြင်၌ စစ်သင်္ဘောအနည်းဆုံး ၃ စီးဖြင့် ကင်းလှည့်ကာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများကို ပင်လယ်ထွက်ခွင့် ပိတ်ပင်ထားခြင်းဖြစ်ကြောင်း ဒေသခံကျေးရွာများထံမှ သိရသည်။
“ပင်လယ်ထဲ ငါးဖမ်းခွင့်ပိတ်တာ အခုဆို တော်တော်ကြာနေပြီ။ ပင်လယ်ထဲထွက်တာနဲ့ သင်္ဘောတွေ စက်လှေတွေနဲ့ လိုက်ပြီးပစ်တာ။ အဲတော့ ဘယ်သူမှ ပင်လယ်ထဲထွက်မရဘူးဆိုတော့ အကုန်ခက်ခဲနေပြီ” ဟု လက္ကူးကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
ယင်းသို့ ငါးဖမ်းထွက်ခွင့် ပိတ်ပင်ခံရမှုကြောင့် ပုလောမြို့နယ် လက္ကူး၊ ပြင်းဖြူ၊ တိုကျေးရွာမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများမှာ မိသားစုအလိုက် ကျေးရွာမှစွန့်ခွာ၍ အခြားမြို့နယ်များတွင် ပြောင်းရွှေ့နေထိုင်ကာ လုပ်ကိုင်နေရကြောင်းလည်း သိရသည်။
“မိရိုးဖလာ ပင်လယ်ထဲ ငါးပုဇွန်ဖမ်းတာ လုပ်ခွင့်မရတော့ဘူး။ ရွာမှာနေလို့ အဆင်မပြေတော့ဘူးလေ။ ရေရှည်ရပ်တည်ဖို့ အဆင်မပြေတော့ ဒုက္ခရောက်တယ်။ အဲဒီတော့ အဆင်ပြေမဲ့နေရာကို ပြောင်းရပြီ” ဟု တိုကျေးရွာဒေသခံ အမျိုးသားတစ်ဦးကဆိုသည်။
ပုလောမြို့နယ်တွင် ပင်လယ်သို့ ငါးဖမ်းမထွက်ရန် စစ်ကောင်စီရေတပ်မှ ပိတ်ပင်ထားသည်ဆိုသော ဒေသခံများ ပြောဆိုချက်နှင့်ပက်သက်၍ စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးသန့်ဇင်ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
ပုလောမြို့နယ်သည် တနင်္သာရီကမ်းရိုးတန်းဒေသက မြို့နယ်တစ်ခုဖြစ်ပြီး ဒေသခံများမှာ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းနှင့် ဥယျာဥ်ခြံလုပ်ငန်းများကို အဓိက လုပ်ကိုင်နေခြင်းဖြစ်သည်။
လက်ရှိတွင်လည်း ပုလောပင်လယ်ပြင်တွင် စစ်သင်္ဘောများရှိနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းထိုး လှုပ်ရှားမှုများရှိနေကာ နှစ်ဖက်စစ်ရေးတင်းမာနေကြောင်း ဒေသခံများကဆိုသည်။

ဗီဒီယိုများ