စနစ်သစ်သင်ရိုးအတွက် ရခိုင်မြောက်ပိုင်းက ဆရာ/မများကို စွမ်းရည်မြှင့်သင်တန်းပေးရန် လိုအပ်နေ

မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက အခြေခံပညာကျောင်း ဆရာ၊ ဆရာမမများမှာ စနစ်သစ် Grade - 9 နှင့် Grade - 12 သင်ရိုးအတွက် စွမ်းရည်မြှင့်သင်တန်းများ မရရှိသေးသောကြောင့် သင်ကြားရေးပိုင်းတွင် အခက်ကြုံနေကြရသည်ဟု သိရသည်။

By Admin 29 Jun 2023

စနစ်သစ်သင်ရိုးအတွက် ရခိုင်မြောက်ပိုင်းက ဆရာ/မများကို စွမ်းရည်မြှင့်သင်တန်းပေးရန် လိုအပ်နေ

DMG ၊ ဇွန် ၂၉

မုန်တိုင်းဒဏ်သင့် ရခိုင်မြောက်ပိုင်းက အခြေခံပညာကျောင်း ဆရာ၊ ဆရာမမများမှာ စနစ်သစ် Grade - 9 နှင့် Grade - 12 သင်ရိုးအတွက် စွမ်းရည်မြှင့်သင်တန်းများ မရရှိသေးသောကြောင့် သင်ကြားရေးပိုင်းတွင် အခက်ကြုံနေကြရသည်ဟု သိရသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့က ဆရာ၊ ဆရာမများအား မေလ ၁၅ ရက်နေ့မှ မေလ ၂၄ ရက်နေ့များတွင် စစ်တွေတက္ကသိုလ်နှင့် စစ်တွေအ.ထ.ကကျောင်းများတွင် စွမ်းရည်မြှင့်သင်တန်းပို့ချပေးရန် စီစဉ်ထားခဲ့သော်လည်း မိုခါမုန်တိုင်းကြောင့် သင်တန်းရွှေ့ဆိုင်းလိုက်ရသည်။

ဇွန်လ ၁ ရက်နေ့ကစပြီး အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်နေပြီဖြစ်၍ ဆရာ၊ ဆရာမများမှာ အင်တာနက်မှတစ်ဆင့် လေ့လာသင်ကြားပေးနေရသည်။

“စနစ်သစ် Grade - 12 သင်ရိုးညွှန်တမ်းတွေမှာ တက္ကသိုလ်အဆင့်စာတွေပါလာတော့ ဆရာ၊ ဆရာမတွေက သင်ခန်းစာတွေကို Online တစ်ဆင့်လေ့လာပြီးတော့ သင်ကြားပေးနေကြရတယ်။ ဆရာ၊ ဆရာမတွေအတွက် စွမ်းရည်မြှင့်သင်တန်းကလည်း မုန်းတိုင်းကြောင့် ရွှေ့ဆိုင်းလိုက်ရတော့ သင်ကြားရေးအပိုင်းမှာ အခက်အခဲ အနည်းငယ်လောက်တော့ ရှိကြတယ်။ ဘယ်အချိန် သင်တန်းပေးမှာ မသိသေးပေမယ့် Online ကနေလေ့လာပြီး အကောင်းဆုံးဖြစ်အောင်တော့ သင်ကြားပေးနေကြတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်က အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

Online မှတစ်ဆင့် လေ့လာသင်ကြားပေးနေရ၍ အဆင်မပြေမှုတစ်ချို့ရှိနေပြီး ပညာရေးဝန်ကြီးဌာနက စွမ်းရည်မြှင့်သင်တန်း အမြန်ဆုံးစီစဉ်ပေးနိုင်လျှင် ပိုကောင်းမည်ဟု ဆရာ/မများနှင့် ကျောင်းသားမိဘများက ပြောသည်။

“ဆရာ၊ ဆရာမတွေမှာတော့ Online တွေကတဆင့် လေ့လာသင်ယူပြီးတော့ ကျောင်းသားတွေကို သင်ကြားပေးနေကြရတာ။ သက်ဆိုင်ရာက သင်တန်းပို့ချပေးရင်တော့ ပိုပြီးကောင်းတာပေါ့။ ဆရာ၊ ဆရာမတွေ မသိသေးတာတွေ မရှင်းသေးတာတွေ အတွက် အထောက်အကူဖြစ်မှာပါ” ဟု ဘူးသီးတောင်မြို့နယ်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

စစ်တွေမြို့က Grade - 12 ကျောင်းသူတစ်ဦး၏ မိသားစုဝင် ကိုရန်နိုင်က “ဆရာ၊ ဆရာမတွေကို စွမ်းရည်မြှင့်သင်တန်း ပေးနိုင်ရင်တော့ ကလေးတွေကို သင်ကြားမှုပိုင်းမှာ ပိုပြီး အဆင်ပြေလာနိုင်တယ်” ဟု ပြောသည်။

ဆရာ၊ ဆရာမများအား စွမ်းရည်မြှင့်သင်တန်းများကို မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ကျောင်းအဆောက်အုံများ ဆောက်လုပ်ပြီးစီးမှသာ စီစဉ်ပေးသွားမည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောသည်။

“ စနစ်သစ် Grade - 9 နဲ့ Grade - 12 အတန်းတွေအတွက် ဆရာ၊ ဆရာမတွေကို စွမ်းရည်မြှင့်သင်တန်းပို့ချပေးဖို့ စီစဉ်ထားတာတွေရှိတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေမှာ မပို့ချနိုင်ခဲ့ပေမယ့် တောင်ပိုင်းကမြို့နယ်တွေကိုတော့ တောင်ကုတ်တက္ကသိုလ်မှာ ပို့ချနိုင်ခဲ့ပါတယ်။ မြောက်ပိုင်းမြို့နယ်တွေမှာတော့ စစ်တွေတက္ကသိုလ်နဲ့ ကျောင်းတွေဆောက်လုပ်ပြီးရင် သင်တန်းတွေ လုပ်ပေးသွားပါမယ်” ဟု ဦးဘထွီးစိန်က DMG ကို ပြောသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်မြောက်ပိုင်းက မြို့နယ်(၁၀) ခုတွင် စာသင်ကျောင်းပေါင်း ၁,၃၅၈ ကျောင်းပျက်စီးခဲ့ပြီး လက်ရှိမှာ ကျောင်းပေါင်း ၇၈၈ ကျောင်းကို ပြုပြင်ထားပြီးဖြစ်ကြောင်း ပြည်နယ်ပညာရေးရုံး၏ ဇွန်လ ၂၇ ရက်နေ့ စာရင်းအရ သိရသည်။ ဆက်လက်ပြုပြင်ဆင်နေဆဲ စာသင်ကျောင်း ၆၆၀ နှင့် ပြုပြင်ရန်ကျန်ရှိနေသည့် ကျောင်း ၉၀ ခန့်ရှိနေသည့်အပြင် ကျေင်းပေါင်း ၁၈၀ ခန့်မှာ အသစ် ပြန်တည်ဆောက်ရမည် ဖြစ်သည်။

ရခိုင်ပြည်နယ်ပညာရေးမှူးရုံး၏ ဇွန်လ ၂၆ ရက်နေ့ထိ စာရင်းအရ ရခိုင်ပြည်တွင် ၂၀၂၃ -၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူ ၅၃၄,၇၀၀ ဦး ကျောင်းအပ်နှံထားပြီး ၅၃၁,၁၈၅ ဦး ကျောင်းတက်နေပြီဖြစ်သည်။

#I006