၂ နှစ်ကျော်ကာလ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကြောင့် အရပ်သား ၁,၄၄၆ ဦး သေဆုံး 

BNI လေ့လာချက်အရ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ကြိမ်ထဲတွင် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်မှု (၇၆) ကြိမ်ထိရှိပြီး ထိုအရေအတွက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိသည်။ 

By Admin 27 May 2024

စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသွားသော ရခိုင်ပြည်၊ မြောက်ဦးမြို့မှ ဇနီးမောင်နှံနှစ်ဦး။
စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသွားသော ရခိုင်ပြည်၊ မြောက်ဦးမြို့မှ ဇနီးမောင်နှံနှစ်ဦး။

DMG ၊ မေ ၂၇ 

မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ မေလ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်ထိ (၂)နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ကြိမ်ကျူးလွန်ခဲ့ပြီး အရပ်သား ၁,၄၄၆ ဦးသေဆုံးခဲ့သည်ဟု BNI - Myanmar Peace Monitor ၏ သုတေသနမှတ်တမ်းများအရ သိရသည်။

အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှာ စစ်ကိုင်းတွင် ၄၈ ကြိမ်၊ ရခိုင်တွင် ၁၆ ကြိမ်၊ မန္တလေးတွင် ၁၄ ကြိမ်ရှိပြီး ကချင်ပြည်၊ ရှမ်းမြောက်၊ ကရင်နီ၊ မကွေး၊ ပဲခူးနှင့် ကချင်၊ ချင်း၊ ရှမ်းတောင်၊ တနင်္သာရီတို့တွင်လည်း (၅)ကြိမ်နှင့် အထက်ရှိခဲ့ကြောင်း BNI မှတ်တမ်းက ဖော်ပြသည်။ 

BNI လေ့လာချက်အရ စစ်ကောင်စီ၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၁၅၄ ကြိမ်ထဲတွင် အရပ်သားများအား ဖမ်းဆီးသတ်ဖြတ်မှု (၇၆) ကြိမ်ထိရှိပြီး ထိုအရေအတွက်မှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုများ၏ ၅၀ ရာခိုင်နှုန်းနီးပါးရှိသည်။ 

ယင်းအပြင် လေကြောင်းဗုံးကြဲကြောင့် (၄၂)ကြိမ်၊ လက်နက်ကြီး/ အမြောက်ပစ်ခတ်မှု (၁၇)ကြိမ်၊ တိုက်ပွဲအတွင်း သေဆုံးခဲ့ရမှု (၁၅)ကြိမ်နှင့် အကျဉ်းသားများသတ်ဖြတ်ခံရမှု (၂) ကြိမ်အပြင် ဗုံးပေါက်ကွဲမှု ၁ ကြိမ်၊ မိုင်းပေါက်ကွဲမှု ၁ ကြိမ်တို့ အသီးသီးရှိကြောင်း သိရသည်။ 

အရပ်သားသေဆုံးသူ ၁,၄၄၆ ဦးမှာ ဖမ်းဆီးသတ်ဖြတ်ခံရသူ (၆၁၅)ဦး၊ လေကြောင်းဗုံးကြဲခံရမှုကြောင့် (၅၆၈)ဦး၊ လက်နက်ကြီး/အမြောက်များကြောင့် (၁၁၂)ဦးနှင့် နှစ်ဖက်တိုက်ပွဲကြားသေဆုံးသူ (၁၃၀) ဦးတို့ဖြစ်ကြောင်း BNI၏ မှတ်တမ်းများက ဖော်ပြသည်။

BNI မှတ်တမ်းအရ ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်ထိ လေးလခွဲအတွင်းမှာပင် (၅) ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု(၄၉) ကြိမ်ရှိပြီး ယင်းထဲတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးမှုအများဆုံးဖြစ်သည်။ 

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော်လာပြီဖြစ်ပြီး တော်လှန်ရေးအင်အားစုများ၏ အရှိန်မြှင့်ထိုးစစ်ကို အလူးအလဲရင်ဆိုင်နေရသော စစ်ကောင်စီသည် အရပ်သားများကို ဦးတည်တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေသည်။ 

ဗီဒီယိုများ