ကူညီထောက်ပံ့မှုမရ၍ ရသေ့တောင်က စစ်ဘေးရှောင်များ အလှူခံစားသောက်နေရ
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းများ ကြုံရာလာ၍ ရွာစဉ်လှည့်ကာ အလှူခံမှု၊ အချို့မှာလည်း ကြုံရာကျပန်းလုပ်ကိုင်ကာ ဖြစ်သလို ရုန်းကန်နေကြခြင်းဖြစ်သည်။
09 Nov 2024
DMG ၊ နိုဝင်ဘာ ၉
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ စစ်ဘေးရှောင်များမှာ ကူညီထောက်ပံ့မှုများ မရရှိသဖြင့် တစ်ရွာဝင်တစ်ရွာထွက် အလှူခံစားသောက်နေရသူ များလာနေကြောင်း သိရသည်။
ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး အကျပ်အတည်းများ ကြုံရာလာ၍ ရွာစဉ်လှည့်ကာ အလှူခံမှု၊ အချို့မှာလည်း ကြုံရာကျပန်းလုပ်ကိုင်ကာ ဖြစ်သလို ရုန်းကန်နေကြခြင်းဖြစ်သည်။
“အစားအသောက် ကျပ်တည်းတယ်။ ကူညီပေးတဲ့ အဖွဲ့တွေကလည်း သုံးလ တစ်ခါတောင် မရောက်နိုင်တဲ့ အနေအထား။ အရမ်းခက်ခဲကြတော့ အလှူခံစားရတဲ့လူတွေ ပိုများလာပြီ” ဟု ရသေ့တောင်မြို့နယ်မှ စစ်ဘေးရှောင်အမျိုး သမီးတစ်ဦးက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် စစ်ဘေးရှောင်ဦးရေ ငါးသောင်းကျော်ရှိပြီး မောင်တော၊ ပုဏ္ဏားကျွန်း၊ စစ်တွေ မြို့နယ်တို့မှ ထွက်ပြေးလာသူများလည်း ပါဝင်သည်။
လမ်းခရီးအခက်အခဲ၊ ဖုန်း/အင်တာနက်လိုင်း ပြတ်တောက်နေမှုကြောင့် လူမှုကူညီရေးအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှု နည်းပါးခြင်း၊ ပုံမှန်ထောက်ပံ့မှု မရရှိသဖြင့် စစ်ဘေးရှောင်များမှာ ပို၍အခက်ကြုံကြရသည်။
ကူညီထောက်ပံ့မှု မရရှိသည်မှာ ၅ လကျော် ကြာမြင့်လာပြီဖြစ်၍ မကြာမီ ဆန်ရိက္ခာပြတ်တောက်ကာ အငတ်ဘေးကြုံရလာနိုင်ကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။
“တချို့ရွာတွေမှာ အရင်တုန်းက ဆန်တွေရတာရှိတယ်၊ သုံးပြည်လောက်ပေါ့။ တခြားအထောက်အပံ့တော့ မရကြဘူး။ အခုက ကုန်ဈေးနှုန်းကလည်း ကြီးတော့ ပိုခက်ခဲပါတယ်” ဟု စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ပြောသည်။
စစ်ဘေးရှောင်များမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် ထွက်ပြေးလာကြခြင်းဖြစ်ပြီး လက်ရှိတွင် ဆောင်းဝင်လာပြီဖြစ်၍ အဝတ်အထည်နှင့် အနွေးအထည်များလည်း အရေးပေါ်လိုအပ်နေကြသည်။
ရသေ့တောင်မြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားသော်လည်း စစ်ကောင်စီ၏ လေကြောင်း၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်တို့ကြောင့် ဒေသခံများဝင်ရောက်နေထိုင်ခွင့်ကို တားမြစ်ထားသည်။