- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်နိုင်ငံလုံး အတိုင်းအတာအရ ရခိုင်တွင် တိုက်ပွဲဖြစ်ပွားမှု မြင့်တက်
နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ - BNI မှတ်တမ်းအရ အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၇၃ ကြိမ်ရှိသည့်အနက် ရခိုင်ဒေသတွင် အများဆုံးဖြစ်ပြီး (၂၃) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။
12 Nov 2024
DMG ၊ နိုဝင်ဘာ ၁၂
တစ်နိုင်ငံလုံးအတိုင်းအတာအရ ရခိုင်ဒေသတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲဖြစ်ပွားမှု မြင့်တက်မှုနှင့်အတူ တိုက်ပွဲနယ်မြေမှာလည်း ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိနေသည်။
နိုင်ငံတကာမြန်မာ့သတင်းအဖွဲ့ - BNI မှတ်တမ်းအရ အောက်တိုဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု စုစုပေါင်း ၇၃ ကြိမ်ရှိသည့်အနက် ရခိုင်ဒေသတွင် အများဆုံးဖြစ်ပြီး (၂၃) ကြိမ်အထိ ဖြစ်ပွားခဲ့သည်။
မောင်တော၊ အမ်း၊ ဂွမြို့နယ်တို့တွင် AA ၏ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်လာမှုနှင့်အတူ တိုက်ပွဲဖြစ်ပွားမှု မြင့်တက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင်လည်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး/ငယ် ပစ်ခတ်မှုကြောင့် ရခိုင်တွင် ပြီးခဲ့သည့်လအတွင်း အရပ်သားထိခိုက်သေဆုံးသူ ၁၃၉ ဦးရှိခဲ့ပြီး ဒေသခံ ၅၇,၀၀၀ မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း BNI အစီရင်ခံစာက ဖော်ပြသည်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသူ ရခိုင်ဒေသခံတစ်ဦးက “ရခိုင်တိုက်ပွဲတွေ မြင့်တက်ရတဲ့ အကြောင်းအရင်းက နှစ်ချက်တွေ့တယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၂၀၂၅ နှစ်လယ်ပိုင်းမှာ ရခိုင်ပြည်မှာ အောင်ပွဲခံမယ်လို့ ဆိုထားတော့ တောက်လျှောက် ထိုးစစ်ဆင်နေတာကို တွေ့ရတယ်။ စစ်ကောင်စီကလည်း ကြည်း၊ ရေ၊ လေ အလုံးအရင်းနဲ့ လက်ကျန်စခန်းတွေ ထပ်မကျစေဖို့ ခုခံနေတာကြောင့် တိုက်ပွဲတွေ ပိုပြီး ပြင်းထန်နေတာ ဖြစ်တယ်” ဟု ပြောသည်။
လက်ရှိတွင်လည်း AA သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် - အမ်း၊ စကခ (၅) တောင်ကုတ်၊ ဂွနှင့် တောင်ကုတ်မြို့နယ်တွင် ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်နေ၍ ရခိုင်ဒေသတိုက်ပွဲများမှာ လာမည့်နှစ်ဆန်းပိုင်း၌ ပိုမိုပြင်းထန်လာနိုင်ကြောင်း စစ်ရေး၊ နိုင်ငံရေး အကဲခတ်သူတို့က သုံးသပ်နေကြသည်။
ရှမ်းမြောက်ဒေသတွင်မူ တိုက်ပွဲဖြစ်ပွားမှု သိသိသာသာလျော့ကျလာပြီး စက်တင်ဘာလတွင် စစ်ကောင်စီနှင့် TNLA တို့ကြား တိုက်ပွဲဖြစ်ပွားမှု ၁၇ ကြိမ်ရှိခဲ့ကာ အောက်တိုဘာလတွင် ၇ ကြိမ်သာ ရှိသည်။ ကိုးကန့်တပ် MNDAA ကလည်း ထိုးစစ်များ ရပ်တန့်ထားသည်။
“တရုတ်ရဲ့ဖိအားကြောင့် MNDAA နဲ့ TNLA ထိုးစစ်အရှိန် လျော့ကျသွားတယ်။ ပိတ်ဆို့အရေးယူတာ တွေကိုလည်း ခံနေကြရတယ်။ ဒါပေမဲ့ TNLA ကတော့ ဆက်ပြီးသွားနေတယ်။ ရခိုင်ဒေသမှာဆိုရင် AA က သူ့ရည်မှန်းချက်အတိုင်း သွားနေတာ တွေ့ရတယ်။ ညီနောင်သုံးဖွဲ့လုံးမှာ ဖိအားကတော့ရှိကြတယ်။ ဒါပေမဲ့ စစ်ရေးရည်မှန်းချက် ပျက်စီးသွားမှာ မဟုတ်ဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။
ရှမ်းမြောက်ဒေသမှ စတင်ခဲ့သည့် ၁၀၂၇ စစ်ရေးဆင်ရေးမှာ တစ်နှစ်ကျော်ကြာမြင့်လာနေပြီး စစ်ကောင်စီ၏ တပ်ရင်း၊ တပ်မ၊ ဌာနချုပ်များအပါဝင် တပ်စခန်းပေါင်းထောင်ချီနှင့် မြို့ပေါင်း ၄၀ ခန့်ကို ညီနောင်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်။
မြန်မာနိုင်တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးဖြစ်သော ၁၀၂၇ စစ်ဆင်ရေး၏ ရည်မှန်းချက်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု တော်လှန်ရေးတပ်များက ပြောဆိုထားကြသည်။