ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးမှုများ လိုအပ်နေ 

အရပ်သားများမှာ မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်နှင့်ပတ်သက်၍ ဗဟုသုတ အားနည်းနေသေးသဖြင့် မသိနားမလည်၍ ကိုင်တွယ်ဆော့ကစားမိရာမှ သေဆုံးဒဏ်ရာရရှိမှုဖြစ်စဉ်များ မကြာခဏ ကြုံတွေ့နေရသည်။

By Admin 23 Apr 2024

ရခိုင်တွင် မိုင်းအန္တရာယ် အသိပညာပေးမှုများ လိုအပ်နေ 

DMG ၊ ဧပြီ ၂၃

စစ်ရေးပဋိပက္ခဖြစ်ပွားနေသော ရခိုင်ဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးနှုန်း မြင့်တက်လာသဖြင့် အသိပညာပေးလုပ်ငန်းများ ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။ 

အရပ်သားများမှာ မိုင်းနှင့်စစ်ကျန်လက်နက်ပစ္စည်း အန္တရာယ်နှင့်ပတ်သက်၍ ဗဟုသုတ အားနည်းနေသေးသဖြင့် မသိနားမလည်၍ ကိုင်တွယ်ဆော့ကစားမိရာမှ သေဆုံးဒဏ်ရာရရှိမှုဖြစ်စဉ်များ မကြာခဏ ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ဧပြီ ၂၁ ရက်က ဘူးသီးတောင်မြို့နယ်၊ သရက်တောင်အုပ်စု၊ အဘူဂျာကျေးရွာမှ ကလေးငယ်နှစ်ဦးမှာ လယ်ကွင်းမှကောက်ယူလာသော စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားရာမှ ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည်။   

“ကလေးတွေက ဘာမှမသိကြဘူး။ တစ်စုံတစ်ခုရတာနဲ့ ကလေးသဘာဝအရ ဆော့ကစားကြတာပဲ။ လူကြီးတွေကလည်း ဒီပစ္စည်းတွေကအန္တရာယ်ရှိတယ်၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာ ဗဟုသုတအားနည်းတော့ အသက်တွေ ဆုံးရှုံးရပါတယ်” ဟု အဘူဂျာကျေးရွာမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။ 

မောင်တောမြို့နယ်၊ တမန်းသားကျေးရွာတွင်လည်း ဧပြီလ ၁၃ ရက်က စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲကစားမိရာမှ အသက် ၁၁ နှစ်အောက် ကလေးငယ် ၇ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ မင်းပြားမြို့နယ်၊ င/တန်ပျင်းကျေးရွာတွင်လည်း ဧပြီ ၆ ရက်က စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲစမ်းသပ်ကြည့်ရာမှ အမျိုးသား ၁ ဦး သေဆုံးပြီး မိန်ကလေးငယ် ၁ ဦး ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့သည်။

ယင်းအပြင် ဒေသခံများလုပ်ကိုင်စားသောက်နေသော ဉယျာဉ်ဟင်းခင်းအနီးတွင် မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု ဖြစ်စဉ်များလည်း အများအပြားရှိနေသည်။ 

DMG က လက်လှမ်းမီသလောက် ကောက်ယူထားသောစာအရင်းအရ ရခိုင်တွင် လက်ရှိတိုက်ပွဲကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက် ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆၀ ဦးခန့်ရှိသည်။ (မြေပြင်တွင် ယခုထက်ပိုများနိုင်ပါသည်)

ထိုသို့ ထိခိုက်သေဆုံးနှုန်း မြင့်တက်နေခြင်းမှာ စစ်ရှုံးနိမ့်နေသော စစ်ကောင်စီက ပြည်သူများ သွားလာလှုပ်ရှားရာ နေရာများ၌ မိုင်းထောင်ထားခြင်းနှင့်လည်း သက်ဆိုင်သည်ဟု ဒေသခံများက ပြောသည်။ 

“တစ်နေ့တစ်နေ့ ဟိုနေရာမှာ မိုင်းနင်းမိတယ်၊ ဒီနေရာမှာ စစ်ကျန်လက်နက်ပေါက်ကွဲလို့ သေကြတဲ့သတင်းတွေပဲ ကြားနေရတယ်။ ကျမတို့မြို့နယ်မှာလည်း တိုက်ပွဲတွေဖြစ်ခဲ့တော့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှိနိုင်တယ်။ ဒီဟာတွေနဲ့ပတ်သက်လို့ အထူးသဖြင့် ကလေးတွေအတွက် စိုးရိမ်နေရတယ်” ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။ 

မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ကာကွယ်ရေးနှင့်ပတ်သက်၍ အဖွဲ့အစည်းတစ်ချို့က အသိပညာပေးမှုများ လုပ်ဆောင်နေသော်လည်း  တိုက်ပွဲဖြစ်ပွားမှု၊ ခရီးသွားလာမှုကန့်သတ်ချက် စသည့်အကြောင်းအမျိုးမျိုးကြောင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရန် အခက်အခဲရှိနေသည်။ 

“စစ်ကျန်လက်နက်တွေကို ဆော့ကစားမိလို့ သေဆုံးတာတွေ၊ မြေမြှုပ်မိုင်းနင်းပြီး သေဆုံးတာတွေကို ပိုပြီးကြားရတယ်။ ဒါကြောင့် အသိပညာပေးလုပ်ငန်းတွေကို နည်းမျိုးစုံနဲ့လုပ်ဆောင်ဖို့ လိုအပ်နေတယ်။ ဒါမှမဟုတ်ရင် သေဆုံးမှုနှုန်းက ဒီထက်ပိုများလာဖို့ပဲရှိတယ်”ဟု ရခိုင်က လူမှုကူညီရေးသမားတစ်ဦးက ပြောသည်။ 

တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများ၌ မိုင်းနှင့် စစ်ကျန်လက်နက်များကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ မကြာခဏရှိပြီး ကလေးငယ်များမှာ ထိခိုက်အလွယ်ဆုံးဖြစ်ကာ ပေါက်ကွဲခြင်း အကျိုးသက်ရောက်မှုဒဏ်ကိုလည်း လူကြီးများထက် ပိုမိုခံစားရသဖြင့် သေဆုံးဒဏ်ရာရရှိမှု ပိုများသည်။

မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သည့် စစ်ကျန်လက်နက်ကြောင့် ထိခိုက်သေဆုံးမှု မြင့်တက်လာနေပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ထိခိုက်သေဆုံးသူ ၃၉၀ ဦးမှ ၂၀၂၃ ခုနှစ်တွင် သေဆုံးသူ ၁၈၈ ဦးနှင့် ဒဏ်ရာရသူ ၈၆၄ ဦး၊ စုစုပေါင်း ၁,၀၂၅ ဦးအထိရှိကြောင်း UNICEF Myanmar မှ ထုတ်ပြန်ထားသည်။

ဗီဒီယိုများ