ရသေ့တောင်မြို့နယ်တွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဗျူဟာကုန်းမှ ယနေ့ ညနေ ၅ နာရီခန့်က ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ လိုင်ဂွင်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။

By Admin 24 Nov 2023

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

DMG ၊ နိုဝင်ဘာ ၂၄

ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီဗျူဟာကုန်းမှ ယနေ့(နိုဝင်ဘာ ၂၄ ရက်) ညနေ ၅ နာရီခန့်က ပစ်လိုက်သည့် လက်နက်ကြီးကျည်မှာ လိုင်ဂွင်ကျေးရွာတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

လက်နက်ကြီးကျည် ၃ လုံးမှာ လိုင်ဂွင်ကျေးရွာအတွင်းသို့ ကျရောက်ခဲ့ပြီး တစ်ဦး နေရာတွင်သေဆုံးကာ လေးဦးဒဏ်ရာရရှိခြင်းဖြစ်သည်။

“ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်။ ရွာထဲမှာသုံးလုံးကွဲတယ်။ အမျိုးသားတစ်ယောက်သေသွားတယ်။ အမျိုး သမီးလေးဦး ဒဏ်ရာရ တယ်။ ဒဏ်ရာရတဲ့ အမျိုးသမီးလေးဦးကိုတော့ ဆေးရုံသွားခေါ်သွားပြီကြားတယ်” ဟု လိုင်ဂွင်ကျေးရွာမှ အမျိုးသမီးတစ်ဦးကပြောသည်။

သေဆုံးသူမှာ အသက် ၆၀ အရွယ် ဦးချမ်းသာစိန် ဖြစ်သည်။ ကျန်အမျိုးသမီးများမှာ လတ်တလောတွင် ကျေးရွာသားများမှာ လက်နက်ကြီးကျည် ထပ်မံကျရောက်မည်ကို စိုးရိမ်သဖြင့် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဆိုသည်။

“လက်နက်ကြီးသံကြားလို့ အိမ်ကိုပြေးလာတာ။ ချမ်းသာစိန်ဆိုတဲ့ တစ်ယောက် လက်နက်ကြီးကြောင့် သေ သွားတယ်။ တခြားအမျိုးသမီးတွေလည်း ဒဏ်ရာရတယ်။ ရွာသားတွေကတော့ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် လိုင်ကွင်ကျေးရွာသားတစ်ဦးကပြောသည်။

နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း ရေစိုးချောင်းဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ င/စံဘော်ကျေးရွာမှ အသက် ၄၂ နှစ်အရွယ် ဦးကျော်သန်းမောင်မှာ ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်ထိ ၁၀ ရက်တာအတွင်း ရခိုင်ပြည်နှင့် ပလက်ဝမြို့နယ်တို့တွင် အရပ်သား သေဆုံး၊ ဒဏ်ရာရသူ ၆၈ ဦးထက်မနည်း ရှိလာသည်။

DMG စာရင်းအရ သေဆုံးသူ ၁၅ ဦးနှင့် ဒဏ်ရာရသူ ၅၃ ဦးဖြစ်သည်။ ယင်းအထဲတွင် အမျိုးသား ၃၀ ကျော်၊ အမျိုးသမီး ၂၀ ကျော်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၁၁ ဦးထက်မနည်း ပါဝင်သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ရခိုင်တိုက်ပွဲကာလက အရပ်သားများအပေါ် ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်။ ယခု တကျော့ပြန်တိုက်ပွဲတွင်လည်း အရပ်သားပြည်သူများမှာ စစ်ကောင်စီ၏ ပစ်မှတ်ထားမှုကို ပိုမိုကြုံတွေ့လာနိုင်ကြောင်း နိုင်ငံရေးသမားများက ပြောဆိုကြသည်။

#D010 #DMG

ဗီဒီယိုများ