- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါကြောင့် ကလေးငယ်များ သေဆုံးမှုရှိနေ
လက်ရှိမှာ စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၉၀ ကျော်ရှိပြီး ကလေးငယ်နှင့် သက်ကြီးပိုင်း အများဆုံးပါဝင်ကာ ဆေးဝါးအခက်အခဲများရှိနေသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။
21 Sep 2024
DMG ၊ စက်တင်ဘာ ၂၁
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်ရှိ ဆင်တက်မော် မွတ်ဆလင် ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားမှုကြောင့် ကလေးငယ် ၄ ဦးအထိ သေဆုံးမှုရှိလာကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
မစိုးစိုးဝင်း (၅)နှစ်၊ မလူဒီဖာ (၃)နှစ်၊ မောင်ခင်မောင်ထွေး (၂)နှစ်နှင့် အသက် (၂) နှစ် ကလေး နောက်တစ်ဦးမှာ ဝမ်းရောဂါဖြစ်ပွားမှုကြောင့် စက်တင်ဘာ ၁၈၊ ၁၉၊ ၂၀ ရက်အတွင်း သေဆုံးသွားခဲ့သည်။
“ကလေးတွေက ဝမ်းသွားတာ အကြိမ်ရေများလာပြီးတော့ ကိုယ်ခံအားတွေကျဆင်းပြီး သေဆုံးသွားကြတာ။ အခြေအနေက ဆိုးနေတယ်။ တခြားကလေး တော်တော်များများလည်း ဖြစ်နေတယ်” ဟု စခန်းတာဝန်ခံ ဦးမောင်ကြီးက ပြောသည်။
အပူချိန်မြင့်မားခြင်း၊ ပတ်ဝန်းကျင်မသန့်ရှင်းခြင်း၊ သောက်သုံးရေ မသန့်ရှင်းခြင်းကြောင့် ဝမ်းရောဂါဖြစ်ပွားကြပြီး လုံလောက်သော ဆေးဝါးကုသမှုမရ၍ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ စခန်းအတွင်း ဝမ်းရောဂါဖြစ်ပွားသူ ၉၀ ကျော်ရှိပြီး ကလေးငယ်နှင့် သက်ကြီးပိုင်း အများဆုံးပါဝင်ကာ ဆေးဝါးအခက်အခဲများရှိနေသည်ဟု မွတ်ဆလင်ဒုက္ခသည်များက ပြောသည်။
ဒုက္ခသည်တစ်ဦးက “ဆေးတွေ ဈေးတအားကြီးတော့ ဝယ်မသောက်နိုင်ဘူး။ ရာသီဥတုကလည်း အရမ်းပူရတဲ့အထဲ နေရာတွေကလည်း ကျဉ်းကျပ်တာကြောင့် ဖြစ်တာလို့ ထင်တယ်။ အခု စိုးရိမ်ရတဲ့အခြေအနေ ဖြစ်နေပါတယ်” ဟု ပြောသည်။
ဝမ်းရောဂါဖြစ်ပွားမှုမှာ စိုးရိမ်စရာဖြစ်လာနေ၍ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီရရှိရန် ဒုက္ခသည်များက မျှော်လင့်နေကြသည်။ ဆင်တက်မော် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၂,၈၀၀ ကျော် ရှိသည်။