- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
နိုင်ငံတဝန်း စစ်ဘေးရှောင် သုံးသန်းခွဲတွင် ကလေးသူငယ် တစ်သန်းကျော် ပါဝင်
စစ်ဘေးရှောင်စခန်းနေ ကလေးများမှာ ပဋိပက္ခအတွင်း ပညာသင်ယူခွင့်များ ဆုံးရှုံးနေကြရပြီး လေကြောင်း၊ လက်နက်ကြီးအန္တရာယ်၊ အစာအာဟာရ ပြည့်ဝစွာမစားသုံးရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရသည်။
14 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၃ ဒသမ ၅ သန်းရှိလာပြီး သုံးပုံတစ်ပုံမှာ ကလေးသူငယ်များဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ဒီဇင်ဘာ ၁၃ ရက်တွင် ထုတ်ပြန်သည်။
စစ်ဘေးရှောင်စခန်းနေ ကလေးများမှာ ပဋိပက္ခအတွင်း ပညာသင်ယူခွင့်များ ဆုံးရှုံးနေကြရပြီး လေကြောင်း၊ လက်နက်ကြီးအန္တရာယ်၊ အစာအာဟာရ ပြည့်ဝစွာမစားသုံးရခြင်းတို့ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ခံစားနေရသည်။
“စစ်ဘေးရှောင်စခန်းက အထူးသဖြင့် တိုက်ပွဲကြားထဲနေခဲ့ရတဲ့ ကလေးတွေဆိုရင် လေယာဉ်သံ၊ လက်နက်ပစ်သံတို့ကြားရင် တအားကြောက်ကြတတယ်။ ပစ်သံကြားရင်ကို မြေပေါ်ဝပ်ချပြီး ငုံ့နေကြတာမျိုး။ တချို့ဆိုရင် “အိမ်ပြန်ချင်တယ်” ဆိုပြီး မကြာမကြာ ငိုပြီးပြောတာလည်း ရှိတယ်” ဟု ရခိုင်ပြည် ဂွမြို့နယ်မှ စစ်ဘေးရှောင်ကူညီရေး လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။
ပဋိပက္ခများအတွင်း ကလေးများအပေါ် ဆိုးရွားစွာ လူ့အခွင့်ရေးချိုးဖောက်မှုများ တိုးများလာကြောင်းလည်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းချိန်မှစ၍ တိုင်းရင်းသားလက်နက်ကိုင်များအပြင် အသစ်ပေါ်ပေါက်လာသော တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲများပြင်ထန်နေပြီး နေရပ်စွန့်ခွာသူဦးရေမှာလည်း တဖြည်းဖြည်း တိုးများလာနေသည်။
အိုးအိမ်စွန့်ခွာသူအများစုမှာ တောတောင်အနီးပတ်ဝန်းကျင်များ၊ မြို့ပြင်များတွင် ဖြစ်သလိုနေထိုင်နေရပြီး အစာရေစာငတ်မွတ်မှု၊ အမိုးအကာမလုံလောက်မှုများအပြင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် မြင့်မားနေသည်။
“စစ်ဘေးရှောင်စခန်းမှာက လူဦးရေတိုးလာတာနဲ့အမျှ စားနပ်ရိက္ခာလိုအပ်ချက်တွေက များလာတယ်။ လတ်တလော ထွက်ပြေးလာရတဲ့သူတွေဆို အမိုးအကာမရှိဘဲ အရမ်းခက်ခဲနေတယ်။ ကလေးတွေအတွက် ဆေးဝါးတွေ၊ အာဟာရပြည့်ဝတဲ့ အစားအစာတွေလည်း မကျွေးနိုင်ဘူး။ ရာသီဥတုကအေးတော့ အအေးဒဏ်မခံနိုင်တဲ့ ကလေးတွေ သေဆုံးတာတွေအထိရှိနေတယ်” ဟု ရခိုင်ပြည်အတွင်း စစ်ဘေးရှောင်အရေး ကူညီနေသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီ လိုအပ်နေသူ ၁၉ ဒသမ ၉ သန်းရှိပြီး ယင်းအထဲမှ ၆ ဒသမ ၃ သန်းမှာ ကလေးသူငယ်များဖြစ်ကြောင်း UNOCHA က ဆိုသည်။ ယင်းအပြင် မြန်မာနိုင်ငံတွင် လာမည့် ၂၀၂၅ ခုနှစ်အတွင်း လူဦးရေ ၁၅ သန်းကျော်မှာ စားနပ်ရိက္ခာမလုံလောက်မှုများနှင့် ရင်ဆိုင်ဖွယ်ရှိကြောင်းလည်း UNOCHA ထုတ်ပြန်ချက်တွင် ဖော်ပြသည်။