- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
မြောက်ဦးတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရ၊ ရွာသားတစ်ဦး ပျောက်ဆုံးနေ
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအတွင်းသို့ ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှသိရသည်။
29 Sep 2022
DMG ၊ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မောင်းဆွဲကျေးရွာအတွင်းသို့ ယနေ့စက်တင်ဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲခန့်တွင် လက်နက်ကြီးကျည်ကျရောက်မှုကြောင့် မိန်းကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှသိရသည်။
မောင်းဆွဲကျေးရွာနှင့် ၁၅ မိနစ်ခန့်သာဝေးကွာသည့် နဒင်ကျေးရွာအနီးတွင် မိုင်းပေါက်ကွဲသံကြားရပြီးနောက် လက်နက်ငယ် ပစ်ခတ်သံများနှင့်အတူ လက်နက်ကြီးပစ်ခတ်သံများပါ ထွက်ပေါ်လာခဲ့သည်။ ထိုစဉ် လက်နက်ကြီးတစ်လုံးမှာ မောင်းဆွဲရွာမှ နေအိမ်တစ်လုံးသို့ကျရောက်ကာ အသက် ၁၂ နှစ်အရွယ် မခိုင်မိုးအေးနှင့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ ဒဏ်ရာရရှိသွားခဲ့သည်။
“နေ့လည်ပိုင်းက မိုင်းပေါက်ကွဲသံ တစ်ချက်ကြားတယ်။ ခဏနေတော့ လက်နက်ငယ်တွေနဲ့ပစ်တယ်။ တိုက်ပွဲမဖြစ်ဘူး ဒီနေ့။ ပြီးရင် လက်နက်ကြီး ၃ ချက်လောက်ပစ်တယ်။ ထပ်ပြီး လက်နက်ကြီးတွေနဲ့ပစ်တော့ ရွာအနောက်ဘက်နားက အိမ်တစ်အိမ်မှာကျလို့ တစ်ခြမ်းပြိုသွားတယ်။ ကလေးနှစ်ယောက် ဒဏ်ရာရသွားတယ်”ဟု ကျေးရွာသားတစ်ဦးကပြောသည်။
အဆိုပါ လက်နက်ကြီးကျည်များကို မောင်းဆွဲကျေးရွာနှင့် တစ်မိုင်ခွဲခန့်သာဝေးသည့် မြန်မာစစ်တပ် ခမရ ၃၇၈ တပ်ရင်းမှ ပစ်ခတ်ခဲ့ခြင်းဟု ဒေသခံများ၏ပြောဆိုချက်အပေါ် စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပါ။
ထို့ပြင် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာလည်း ကျေးရွာအနီးရှိ လယ်ကွင်းပြင်သို့သွားစဉ် ပျောက်ဆုံးလျက်ရှိနေကြောင်း ဇနီးဖြစ်သူကပြောသည်။
“သူကတော့ ဖုန်းဆက်တယ်။ မိုင်းပေါက်ကွဲသံကြားတယ်။ လက်နက်ကြီးသံတွေကြားတယ်။ နင်အိမ်ထဲကနေ အပြင်မထွက်နဲ့လို့ ကျွန်မကိုပြောပြီး ဖုန်းကျသွားတယ်။ အဲဒီကနေ အဆက်အသွယ်မရတော့ဘူး”ဟု ၎င်းကဆိုသည်။
ထိုသို့ လက်နက်ကြီးများဖြင့်ပစ်ခတ်မှုကြောင့် ကျေးရွာထဲရှိ ဒေသခံများမှာ နေ့လယ်ပိုင်းကတည်းက အနီးပတ်ဝန်းကျင်ကျေးရွာများသို့ ထွက်ပြေးသွားကြသည်။ ရွာထဲတွင် သက်ကြီးရွယ်အိုများသာ ကျန်ခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်နေကြောင်း၊ ရွာအနီးတွင်လည်း လက်နက်ကြီးကျဉ်များ ကျရောက်သည်ဟု မောင်းဆွဲရွာအလယ်မှ အမျိုးသမီးတစ်ဦးကပြောသည်။
“အခုထိလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတုန်း။ အနီးစပ်ဆုံးက အဲဒီပန်းပဲတန်းကျေးရွာမှာရှိတဲ့ ၃၇၈ တပ်ရင်းက ပစ်နေတယ်လို့ထင်တယ်။ လက်နက်ကြီးတွေက ရေတွက်လို့မရတော့ဘူး။ အသံတွေက နားကွဲမတတ်ပါ။ နားထင်ကွဲသွားမှာတောင် စိုးပါတယ်။ မြေကြီးတွေတုန်ခါနေတာက ပြောပြဖို့မတတ်ဘူး။ ဘေးနားက အဘွားတစ်ယောက်ဆို ရင်တွေပူပြီး တဟူးဟူးဖြစ်နေတယ်“ဟု သူကပြောသည်။
မောင်းဆွဲကျေးရွာတွင် အိမ်ခြေ ၁၅၀ နှင့် လူဦးရေ ၈၀၀ ကျော်ခန့်ရှိကာ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် ရွာလုံးကျွတ်ထွက်ပြေးလျက်ရှိကြသည်။
DMG မှ စုစည်းချက်များအရ သြဂုတ်လနှင့် စက်တင်ဘာလအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့် ရခိုင်တွင် အရပ်သား ၆ ဦးသေဆုံးကာ ၂၅ ဦးအထိ ဒဏ်ရာရရှိခဲ့သည်။