- မူဆယ်တွင် သောင်တင်နေသည့် ရွှေ့ပြောင်းလုပ်သား ထောင်နှင့်ချီ အခက်အခဲဖြစ်နေ
- အဇာဘိုင်ဂျန် လေယာဉ် ကာဇက်စတန်တွင် ပျက်ကျပြီး ၃၈ ဦး သေဆုံး
- စစ်ကောင်စီဖိအားကြောင့် ဧရာတီရောက် ရခိုင်စစ်ရှောင် ၃၀၀ ခန့် စတင်ရွှေ့ပြောင်း
- လေကြောင်းအန္တရာယ်ကြောင့် သံတွဲစစ်ဘေးရှောင်များ နေရာပြောင်းရွှေ့ နေထိုင်နေရ
- စစ်တွေမြို့တွင် ခရစ္စမတ်ပွဲကျင်းပခွင့် စစ်ကောင်စီ တားမြစ်
ကျောက်ဆိပ်နှင့် လက္ကာကျေးရွာသားများအမှုကို ရုံးထုတ်ခဲ့သော်လည်း စစ်ဆေးမှုမရှိဘဲ ရုံးချိန်းထပ်ရွှေ့
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးတို့ကို ယနေ့(ဧပြီလ ၂၃ ရက်) စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးမှုမရှိခဲ့ကြောင်း သိရသည်။
23 Apr 2021
DMG ၊ ဧပြီ ၂၃
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦးနှင့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၂ ဦးတို့ကို ယနေ့(ဧပြီလ ၂၃ ရက်) စစ်တွေခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သော်လည်း တစ်စုံတစ်ရာစစ်ဆေးမှုမရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက်ဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)ဖြင့် တရားရင်ဆိုင်နေရသည့် ကျောက်ဆိပ်ကျေးရွာမှ ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ (၂၄)နှစ်၊ကိုမင်းစိုး(၃၈)နှစ် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းတို့(၅)ဦးကို ယနေ့ရုံးထုတ်ခဲ့သော်လည်း တရားလိုဘက်မှစစ်ဆေးရန်ကျန်ရှိနေသေးသည့် သက်သေ တစ်ဦးအား ကော်မရှင်နာဖြင့်စစ်ဆေးရန် တင်ပြထားသည့်ကိစ္စအား အကြောင်းမပြန်လာသေးသဖြင့် အမှုကို မစစ်ဆေးဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ရကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။
“ဒီနေ့စစ်ဆေးခဲ့တာတော့ဘာမှမရှိဘူး။ တရားလိုဘက်က စစ်ဆေးစရာတစ်ယောက်ကျန်သေးလို့ ကော်မရှင်နာနဲ့ စစ်ဆေးမယ်ဆိုပြီး စာပို့ထားတယ်။ ဥပဒေဖက်ကရော၊ တရားခံရှေ့နေဖက်ကရော ကော်မရှင်နာနဲ့စစ်ဆေးဖို့ မေးခွန်းတွေပို့ထားတာ။ ဒါပေမယ့် အကြောင်းမပြန်လာသေးလို့ ရုံးချိန်းရွှေ့လိုက် ရတယ်။ အဲဒီဖက်က စစ်ချက်ရလာပြီးမှပဲ အမှုကိုဆက်ပြီးလုပ်လို့ရမယ်’’ ဟု ၎င်းကပြောသည်။
ကျောက်ဆိပ်ကျေးရွာသား(၅)ဦး တရားရင်ဆိုင်နေရသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီဖြစ်ပြီး ရုံးချိန်းများကို ယခု ကဲ့သို့ မကြာခဏရွှေ့ဆိုင်းနေသည့်အတွက် တရားရုံးသို့လာရောက်ရန် ငွေကြေးအခက်အခဲများရှိသည်ဟု ကိုညီညီအောင်၏ မိခင် ဒေါ်နီနီအေးကပြောသည်။
“မိသားစုတွေကလည်း ငွေကြေးတတ်နိုင်ကြတာ မဟုတ်ဘူး။ ရုံးထုတ်တစ်ခါလာဖို့အတွက် မလွယ်ဘူး။ အခုလည်း ရက်ထပ်ရွှေ့လိုက်ပြန်ပြီ” ဟု ၎င်းကဆိုသည်။
အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ တို့ဖြင့် ၂ နှစ်ကျော်ကြာ တရားရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများအမှုမှာလည်း ယနေ့ရုံးထုတ်တွင် တရားလိုဘက်မှ လိုပြ သက်သေမရောက်ရှိ၍ ထပ်မံရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း မိသားစုဝင်များနှင့် ရှေ့နေထံမှ သိရသည်။
တရားစွဲဆိုခံထားရသူ ဦးခင်မောင်စိုး၏ဇနီး ဒေါ်သိန်းမယေက “ကျမတို့ကတော့ အမှုကို တိုတိုတုတ်တုတ်နဲ့ ပြီးစေချင်နေပြီ။ မိသားစုတွေကလည်း မသွားနိုင်၊ မလာနိုင်တော့ဘူး။ နေစရာ၊စားစရာမရှိတဲ့ကြားက ရုံးထုတ် တွေကိုလာနေရတာ” ဟု ဆိုသည်။
အဆိုပါ ကျောက်ဆိပ်ကျေးရွာသားများနှင့် လက္ကာကျေးရွာသားများ၏ အမှုနှစ်ခုလုံးကို လာမည့် ဧပြီလ(၂၉)ရက် နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများထံမှ သိရသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲဖြစ်ပွားမှု ၂ နှစ်တာကာလအတွင်း အေအေနှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများနှင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။