မောင်တော အလယ်သံကျော်စခန်းကို AA သိမ်းပိုက်

အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အလယ်သံကျော်စခန်းကို ဇွန်လ ၁၂ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

By Admin 13 Jun 2024

မောင်တောမြို့နှင့် အလယ်သံကျော်လမ်းဆုံ။ (ဓာတ်ပုံ - Naing Chay)
မောင်တောမြို့နှင့် အလယ်သံကျော်လမ်းဆုံ။ (ဓာတ်ပုံ - Naing Chay)

DMG ၊ ဇွန် ၁၃

အာရက္ခတပ်တော်(AA)က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေသည့် ရခိုင်ပြည်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အလယ်သံကျော်စခန်းကို ဇွန်လ ၁၂ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် သိမ်းပိုက်ခဲ့ခြင်းဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“အလယ်သံကျော်စခန်းကို မနေ့ကညအချိန်မှာ သိမ်းပိုက်နိုင်ခဲ့တာ။ ဒါကြောင့် စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ လာရောက်ဗုံးကြဲတာရှိတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရှိသလို ဖမ်းဆီးရမိသူတွေလည်း ရှိတယ်။ ထွက်ပြေးသွားတဲ့သူတွေကို လိုက်လံရှင်းလင်းနေတယ်” ဟု ပြောသည်။

အလယ်သံကျော်စခန်းကို AA သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် အလယ်သံကျော်အနီးနားနှင့် အငူမော် - မောင်တောကားလမ်းရှိ ၎င်းတို့လက်လွှတ်ခဲ့ရသည့် စခန်းများကို ဂျက်တိုက်လေယာဉ်ဖြင့် လာပစ်ခဲ့သည်။ 

ယင်းအပြင် ယနေ့ ဇွန်လ ၁၃ ရက် နံနက် ၁၁ နာရီကျော်အချိန် မောင်တောမြို့ မြို့သူကြီး နခခ (၅) တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဗောဓိကုန်းကျေးရွာမှ အသက် ၂၀ အရွယ် မောင်ရဲလင်းနှင့် နေဝင်းသန်းတို့ ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“မြို့သူကြီးနယ်ခြားစောင့်စခန်းကနေ လက်နက်ကြီးပစ်တယ်။ ဒါကြောင့် ဗောဓိကုန်းကျေးရွာက လူငယ်နှစ်ဦး ဒဏ်ရာရကြတယ်။ ခန္ဓာကိုယ်ခြေလက်တွေမှာထိတာ။ ဒဏ်ရာက နည်းနည်းပြင်းတယ်။ အခု ဆေးကုဖို့နေရာ ရှာနေကြတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

ယနေ့ မွန်းလွဲ ၁ နာရီကျော်အချိန်တွင် မောင်တော မကျည်းချောင်းနှင့် ပန်းတောပြင် ကျေးရွာအနီးတို့တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေသည်။ 

မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏ နခခ (၂) လေးမိုင်၊ နခခ (၅) မြို့သူကြီး၊ နားခေါင်းတိုစခန်းတို့သာ ကျန်ရှိတော့ပြီး ယင်းအထဲမှ နားခေါင်းတိုစခန်းကို AA က ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရသည်။ 

မောင်တောရှိ လက်ကျန်စခန်းများကိုလည်း စစ်ရေးအရှိန်မြှင့် တိုက်ခိုက်သွားမည်ဖြစ်၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် အသက်ဘေးမှကင်းဝေးလိုပါက အမြန်ဆုံးလက်နက်ချရန် AA က သတိပေးထားသည်။

အာရက္ခဒေသစစ်ပွဲအတွင်း AA သည် စစ်ကောင်စီတပ်စခန်း အများအပြားနှင့် မြို့နယ် (၁၀) ခုကို သိမ်းပိုက်ထားပြီး သံတွဲ၊ အမ်းဒေသတို့တွင်လည်း  တိုက်ပွဲများပြင်းထန်နေသည်။